လူဇင်ဘတ် Luxembourg

Posted on

အားလုံးပဲ မင်္ဂလာပါရှင်

လူဇင်ဘတ် Luxembourg ဆိုတာကတော့ ဥရောပအနောက်ပိုင်းဒေသထဲမှာ တည်ရှိတဲ့ ကုန်းတွင်းပိတ်နိုင်ငံငယ်လေးဖြစ်ပါတယ်။ နိုင်ငံငယ်ပေမယ့်လို့ စီးပွားရေးအလွန်ထွန်းကားပြီး အေးချမ်းသာယာပါတယ်။ ဒီတခါတော့ ဒီနိုင်ငံငယ်လေးနဲ့ ပတ်သက်တဲ့ စိတ်ဝင်စားစရာ အချက်အလက်တချို့ကို သုတဇုန် မိတ်ဆွေများအတွက် ဝေမျှလိုက်ပါတယ်။

လူဇင်ဘတ်ဟာ ကမ္ဘာပေါ်မှာ တဦးချင်းပျမ်းမျှဂျီဒီပီအရ ကမ္ဘာပေါ်မှာ တတိယ အချမ်းသာဆုံးနိုင်ငံ ဖြစ်ပါတယ်။ တကမ္ဘာလုံး အနည်းနဲ့အများ စီးပွားရေးကျဆင်းနေတဲ့ ၂၀၂၁ ခုနှစ်မှာတောင် ဒီနိုင်ငံသားတွေရဲ့ပျမ်းမျှဂျီဒီပီက အမေရိကန်ဒေါ်လာ ၁၃၁,၇၈၂ ဖြစ်ပြီး မိုနာကို နဲ့ လင့်ချ်တင်စတိုင်း တို့နောက် တတိယ အချမ်းသာဆုံး နိုင်ငံ ဖြစ်ပါတယ်။

ဥရောပမှာ အနည်းဆုံးလုပ်ခလစာ minimum wage ကို အမြင့်ဆုံးပေးထားတဲ့ နိုင်ငံဖြစ်ပါတယ်။ ဒီနိုင်ငံရဲ့ တနာရီ အနိမ့်ဆုံးလုပ်ခ က ၁၃.၇၄ ဒေါ်လာဖြစ်ပြီး ဝင်ငွေအနည်းဆုံးသူတွေတောင်မှ တနေ့ ၈ နာရီလောက် အလုပ်လုပ်ရုံနဲ့ တလကို အမေရိကန်ဒေါ်လာ ၂၆၀၀ ထက်မနည်း ရရှိမှာဖြစ်ပါတယ်။

လူဇင်ဘတ်ဟာ အမှုအခင်းနည်းပါးပြီး အလုံခြုံဆုံးနိုင်ငံ တနိုင်ငံ ဖြစ်ပါတယ်။ ကြီးကြီးမားမား အမှုတွေမဖြစ်ပွားသလောက်ရှိပြီး ခိုးယူအလစ်သုတ်မှုလို အမှုတွေလောက်ပဲ ရံဖန်ရံခါတွေ့ရလေ့ရှိပါတယ်။ သေးငယ်တဲ့ နိုင်ငံတဝန်းမှာ ရဲဝန်ထမ်း ၁၃၀၀ လောက်ရှိနေပြီး အကျဉ်းထောင်ကတော့ ၂ ခု ပဲ ရှိနေပါတယ်။

လူဇင်ဘတ်မှာ အလုပ်လုပ်ကိုင်သူ စုစုပေါင်းရဲ့ တဝက်လောက်က အခြားနိုင်ငံတွေက လာရောက်လုပ်ကိုင်နေသူတွေဖြစ်ပါတယ်။ အခြားနိုင်ငံသားတွေဟာ လူဇင်ဘတ်ကို နယ်စပ်ဖြတ်ကျော်ကာ လာရောက်အလုပ်လုပ်လေ့ရှိပြီး ဒီအထဲမှာ ပြင်သစ်လုပ်သား ၇၈,၅၀၀ ဦး ၊ ဘယ်လ်ဂျီယံ ၃၉,၄၀၀ ဦး ၊ ဂျာမန် ၃၉,၁၀၀ ဦး တို့ပါဝင်ပါတယ်။

လူဇင်ဘတ်ရဲ့ နာမည်ကျော် စားသောက်ဆိုင် ချစ်ဂျရီ Chiggeri ကတော့ ထူးခြားတဲ့ ဝိသေသတခုကို ပိုင်ဆိုင်ထားပါတယ်။ အဲဒါကတော့ ကမ္ဘာပေါ်က ဝိုင်အမျိုးအစားပေါင်း ၂၂၀၀ ခန့်ကို ဒီတနေရာတည်းမှာ မှာယူသောက်သုံးနိုင်တယ် ဆိုတာပါ။

လူဇင်ဘတ်ဟာကမ္ဘာပေါ်မှာ မဟာနယ်စား Grand Duchy အုပ်ချုပ်တဲ့ တခုတည်းသော နိုင်ငံ ဖြစ်ပါတယ်။ ၁၈၁၅ ခုနှစ်ကတည်းက စတင်အုပ်ချုပ်လာခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ နယ်စား ဟန်နရီ က အုပ်ချုပ်နေပါတယ်။ စည်းမျဉ်းခံဘုရင်စနစ်ကို ကျင့်သုံးပြီး အစိုးရအဖွဲ့ကိုတော့ ဝန်ကြီးချုပ်က ဦးဆောင်ပါတယ်။

တခြားနိုင်ငံတွေနဲ့ မတူညီတဲ့အချက်က လူဇင်ဘတ်ရဲ့အမျိုးသားနေ့ဟာ အပြောင်းအလဲရှိနေတာပါ။ အကြောင်းကတော့ နယ်စားကြီးရဲ့မွေးနေ့ကို နိုင်ငံရဲ့အမျိုးသားနေ့အဖြစ် သတ်မှတ်ထားလို့ဖြစ်ပါတယ်။ လက်ရှိနယ်စားကြီးရဲ့မွေးနေ့ ဇွန်လ ၂၃ ရက်နေ့ဟာ လူဇင်ဘတ်ရဲ့အမျိုးသားနေ့ဖြစ်ပြီး နောက်အသစ်တက်လာမယ့် နယ်စားလက်ထက်မှာတော့ သူ့ရဲ့မွေးနေ့ကို အမျိုးသားနေ့အဖြစ် ပြောင်းပြီးသတ်မှတ်ရမှာ ဖြစ်ပါတယ်။

လူဇင်ဘတ်ဟာ သူ့ရဲ့အမည်ကို အလယ်ခေတ်လူမျိုးတမျိုးဖြစ်တဲ့ Saxon လူမျိုးတို့ရဲ့ခံတပ်ကနေ ရရှိခဲ့တာပါ။ အေဒီ ၁၀ ရာစုလောက်မှာ ဆက်ဆွန် Saxon တွေဟာ ခံတပ်တခုကိုတည်ဆောက်ခဲ့ပြီး နောက်ပိုင်းမှာတော့ အဓိကခံတပ်တခုဖြစ်လာခဲ့ပါတယ်။ ဒီခံတပ်ရဲ့အမည်က လူစီလင်ဘာဟတ် Lucilinburhuc ဖြစ်ပြီး အဲဒီကနေမှ လူဇင်ဘတ် Luxembourg ဆိုပြီးပြောင်းလဲလာခြင်း ဖြစ်ပါတယ်။

လူဇင်ဘတ်မြို့အနီးမှာ ဘော့ခ် Bock နဲ့ ပတ်ထရပ်ဆက် ကေ့စ်မိတ်စ် Pétrusse casemates လို့ခေါ်တဲ့ မြေအောက်ဥမင်ကွန်ယက်ရှိနေပါတယ်။ ကျောက်တောင်ကို ဖြတ်ဖောက်တည်ဆောက်ထားတာဖြစ်ပြီး ၁၇ ရာစုလောက်က မြို့တော်ကာကွယ်ရေး အနေနဲ့ တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ တချို့နေရာတွေမှာ မီတာ ၄၀ လောက်အထိ နက်ပြီး ဒီနေရာဟာ ဒုတိယကမ္ဘာစစ်တုန်းကတော့ လူပေါင်း ၃၅၀၀၀ လောက်ကို အကာအကွယ်ပေးနိုင်ခဲ့ပါတယ်။ ယနေ့အချိန်မှာတော့ ယူနက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ်နေရာတခုအဖြစ် သတ်မှတ်ခံထားရပါတယ်။

လူဇင်ဘတ်နိုင်ငံရဲ့ဆောင်ပုဒ်ကတော့ လူဇင်ဘတ်ဘာသာစကားနဲ့ မီရာဘဲလေ့ဘလိုင်း ဗီဗာမင်ဆင်း mir wëllebleiwewatmirsinn ဆိုပြီး ဖြစ်ပါတယ်။ အဓိပ္ပါယ်ကတော့ ငါတို့ဘာပဲဖြစ်ဖြစ် ငါတို့ဒီမှာပဲ ဆက်ရှိနေချင်တယ် ဆိုပြီးဖြစ်ပါတယ်။ သမိုင်းကြောင်းတွေအရတော့ လူဇင်ဘတ်ဟာ ဥရောပနိုင်ငံတွေရဲ့ လွှမ်းမိုးမှုကို အကြိမ်ကြိမ်ခံခဲ့ရပြီး ၁၈၆၇ ခုနှစ်မှ အပြည့်အဝလွတ်လပ်ရေး ရရှိခဲ့တာဖြစ်ပါတယ်။

လူဇင်ဘတ်ဟာ နိုင်ငံငယ်လေးဖြစ်ပေမယ့် ဧရိယာအရတော့ အခြားကမ္ဘာ့နိုင်ငံ ၂၀ ကျော်ထက် ပိုကြီးပါသေးတယ်။ စတုရန်းမိုင် ၉၉၇ ရှိနေပြီး လူဦးရေ ၆ သိန်းကျော် နေထိုင်ပါတယ်။ ဥရောပနိုင်ငံတွေထဲမှာ ၈ခုမြောက် လူဦးရေ အနည်းဆုံးနိုင်ငံလည်း ဖြစ်ပါတယ်။

လူဇင်ဘတ်ကိုမြို့ပေါင်း ၁၂ မြို့နဲ့ ဖွဲ့စည်းထားပြီး မြို့တော်ကတော့ လူဇင်ဘတ်စီးတီး ဖြစ်ပါတယ်။ ၁၆ ရာစုကနေ ၁၉ ရာစုလောက်အတွင်း ခံတပ်မြို့ဖြစ်ခဲ့တာကြောင့် မြို့အနှံမှာ ရှေးဟောင်းခံတပ် နဲ့ အဆောက်အအုံများစွာ ရှိနေပြီး ယူနက်စကိုရဲ့ သမိုင်းအမွေအနှစ်မြို့တော်တခုအဖြစ် သတ်မှတ်ခံထားရပါတယ်။

လူဇင်ဘတ်နိုင်ငံသားအများစုဟာ ဘာသာစကား ၃ မျိုးတတ်ကြလေ့ရှိပါတယ်။ လူဇင်ဘတ်ဘာသာစကား ကို ရုံးသုံးဘာသာစကားအဖြစ် သတ်မှတ်ထားပေမယ့် ပြင်သစ် နဲ့ ဂျာမန်ဘာသာစကားတွေကိုလည်း သုံးစွဲကြလို့ ဖြစ်ပါတယ်။ ငယ်စဉ်မှာ လူဇင်ဘတ်ဘာသာစကား ၊ အခြေခံအဆင့်ကျောင်းတွေမှာ ပြင်သစ် နဲ့ ဂျာမန် ဘာသာစကားအပြင် အင်္ဂလိပ်ဘာသာစကားကိုလည်း သင်ယူရပါတယ်။ လူဇင်ဘတ် လွှတ်တော်မှာတော့ လူဇင်ဘတ်ဘာသာကိုသုံးစွဲပေမယ့် ဥပဒေမှာတော့ ပြင်သစ်ဘာသာကို အသုံးပြုပါတယ်။

လူဇင်ဘတ်ဟာ ကားပိုင်ဆိုင်မှု အများဆုံးနိုင်ငံစာရင်းမှာလည်း ပါဝင်နေပါတယ်။ လူဦးရေ ၁ထောင်စီတိုင်းမှာ ကားစီးရေ ၆၈၁ စီးခန့်ပိုင်ဆိုင်နေပါတယ်။ ဆိုလိုတာက လူ ၁၀ ယောက်မှာ ၇ ယောက်လောက်က ကိုယ်ပိုင်ကားရှိတယ်လို့ ဆိုတာပါ။ ဗော့စ်ဝက်ဂွန် Volkswagen ကားတွေကို အများဆုံးစီးလေ့ရှိကြပြီး မာစီးဒီးစ် နဲ့ BMW တွေကိုလည်း စီးကြပါတယ်။

လူဇင်ဘတ်နိုင်ငံရဲ့ အဓိကစီးပွားရေးလုပ်ငန်းတွေကတော့ ငွေကြေး နဲ့ ဘဏ်လုပ်ငန်း ၊ ဆောက်လုပ်ရေး ၊ အိမ်ခြံမြေ ၊ နည်းပညာ နဲ့ ဆက်သွယ်ရေး ၊ ဖန် ၊ အလူမီနီယမ် ၊ စတီး ၊ တာယာ ၊ ဓာတုပစ္စည်း ၊ ဇီဝနည်းပညာ နဲ့ ခရီးသွားလာရေး ဝန်ဆောင်မှု လုပ်ငန်းတွေဖြစ်ပါတယ်။ ဥရောပရဲ့ အဓိက ငွေကြေးဈေးကွက်တခုကို ပိုင်ဆိုင်ထားပြီး ရင်းနှီးမြုပ်နှံမှု ဘဏ်နဲ့ အခြားငွေကြေးအဖွဲ့အစည်းပေါင်း ၁၅၀ ထက်မနည်း ရှိနေပါတယ်။

လူဇင်ဘတ်ဟာ မဲလာရောက်ပေးသူ အမြင့်ဆုံးနိုင်ငံဖြစ်ပါတယ်။ လွှတ်တော်အတွက် ကိုယ်နှစ်သက်ရာအမတ်တွေကို ရွေးချယ်နိုင်ဖို့ မဲပေးတဲ့နေရာမှာ ပျမ်းမျှအားဖြင့် ကမ္ဘာ့နိုင်ငံအများစုဟာ မဲပေးနိုင်တဲ့စာရင်းရဲ့ ၆၈% ခန့်သာ လာရောက်ပေးလေ့ရှိကြပေမယ့် လူဇင်ဘတ်ကတော့ ၉၁% အထိ လာရောက်မဲထည့်လေ့ရှိပါတယ်။

လူဇင်ဘတ်နိုင်ငံရဲ့ ပတ်စ်ပို့ဟာ ကမ္ဘာ့သြဇာအကြီးဆုံး ပတ်စ်ပို့တွေထဲမှာ နံပါတ် ၄ ဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံပေါင်း ၂၀၀ ဝန်းကျင်ရှိတဲ့အနက် လူဇင်ဘတ်နိုင်ငံသားတွေဟာ နိုင်ငံပေါင်း ၁၉၀ ကို ဗီဇာမလိုပဲ သွားရောက်လည်ပတ်နိုင်ပါတယ်။

လူဇင်ဘတ်နိုင်ငံသားတွေဟာ ခရီးသွားလာရေးအတွက် ရထား နဲ့ ဘတ်စ်ကားတွေကို အဓိကအသုံးပြုလေ့ရှိပါတယ်။ အဲဒီ ရထားတွေ ဘတ်စ်ကားတွေကို နိုင်ငံသားတွေဟာ ငွေကြေးပေးစရာမလိုပဲ အခမဲ့ စီးနင်းရတာဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလကစလို့ လူဇင်ဘတ် အခမဲ့အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ်ကို စတင်ကျင့်သုံးတဲ့ နိုင်ငံဖြစ်ပါတယ်။

ဒီလောက်ဆိုရင် ဥရောပက လူဇင်ဘတ်နိုင်ငံငယ်လေးရဲ့ စိတ်ဝင်စားဖွယ် အချက်အလက်တွေကို သုတဇုန် မိတ်ဆွေများ သိလောက်ပြီထင်ပါတယ်။ ထပ်မံပြီးတော့လည်း အခြား နိုင်ငံတကာ ဗဟုသုတတွေကို ဝေမျှသွားဦးမှာ ဖြစ်တဲ့အတွက် သုတဇုန် ယူကျူ့ချန်နယ်ကို Subscribe လုပ်သွားပေးကြပါဦးနော်။

နားဆင်သူ သုတဇုန် မိတ်ဆွေအားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေရှင်…