ကိုရီးယားနိုင်ငံဆိုးလ်မြို့လယ်မှာ ရှိခဲ့တဲ့ Cheonggye ချောင်းဟာ တစ်ချိန်ကတော့ ပုံမှန်ချောင်းတစ်ခုဖြစ်ပြီး ပြည်သူများရေအဓိကရရှိတဲ့နေရာဖြစ်ပါတယ်။
ဒါပေမယ့် ၁၉၅၀ ဝန်းကျင် ကိုရီးယားမှာ စက်မှုလုပ်ငန်းများတိုးတက်လာတဲ့အခါ စက်ရုံထွက်စွန့်ပစ်ပစ္စည်းများကြောင့် ချောင်းညစ်ညမ်းခဲ့ပြီးသုံးလို့မရတော့အထိဖြစ်ခဲ့ပါတယ်။
နောက်ဆုံးမှာတော့ ချောင်းကို လုံးဝဖို့ပစ်လိုက်ပြီး ကွန်ကရစ်လမ်းမကြီးတည်ဆောက်လိုက်ပါတယ်။ အဲဒီနောက်တော့ အဲဒီနေရာအပေါ်ကနေ မိုးပျံအဝေးပြေးလမ်းကြီးကို တည်ဆောက်ခဲ့ပါတယ်။
စိမ်းလန်းမှုမရှိတော့တဲ့မြို့လယ် မှာနေတဲ့သူများဟာ အဝေးပြေးလမ်းကြောင့် အနှောင့်အယှက်ဖြစ်ရသလို ၊ လေထု နဲ့ ရေညစ်ညမ်းမှုကြောင့် ကျန်းမာရေးထိခိုက်မှုများပါ ရှိလာခဲ့တဲ့အပြင် စီးပွားရေးလည်းသိသိသာသာ ကျဆင်းခဲ့ရပါတယ်။
ဆိုးလ်မြို့တော်ဝန် Lee Myung-bak ဟာ ပညာရှင်များနဲ့ အဖွဲ့အစည်းတစ်ခုဖွဲ့စည်းပြီး အဖြေရှာကြတဲ့အခါ မူလစမ်းချောင်းကိုပြန်ဖော်သင့်တယ်ဆိုတဲ့ အဖြေကိုရပါတယ်။
၂၀၀၃ ခုနှစ်ကစလို့ အစီအစဉ်ကို အကောင်အထည်ဖော်ခဲ့ပြီး ၂၀၀၅ခုနှစ်မှာတော့ စမ်းချောင်းကို ပြန်လည်ဆယ်ယူဖွင့်လှစ်နိုင်ခဲ့ပါတယ်။
စမ်းချောင်းတစ်လျှောက်မှာ အပင်များစိုက်ပျိုးပြီး အနီးကပန်းခြံကိုပါ ပြည်သူတွေအပန်းဖြေဖို့အတွက် ဖွင့်လှစ်ပေးခဲ့ပါတယ်။
ဖြိုချပစ်လိုက်တဲ့ လမ်းတွေကို အခြားနေရာမှာ အစားထိုးလိုက်ပြီး ဘတ်စ်ကားလမ်းတွေအစား မြေအောက်ရထားစနစ်ကို ပိုမိုသုံးစွဲစေခဲ့ပါတယ်။
ရလဒ်အနေနဲ့ကတော့ သန့်ရှင်းလတ်ဆတ်တဲ့ ပတ်ဝန်းကျင်ပြန်လည်ရရှိလာတာကြောင့် ကျန်းမာရေးထိခိုက်မှုများမရှိတော့သလို ၊ မြို့ပြရဲ့အပူချိန်ကိုလည်း ကျဆင်းစေခဲ့ပြီး စီးပွားရေးလည်းပြန်လည်တိုးတက်ခဲ့ပါတယ်။
စမ်းချောင်းဆယ်ယူရေးစီမံကိန်းအတွက် အချိန် ၂နှစ်ကျော်ယူခဲ့ရပြီး ကုန်ကျစရိတ်အနေနဲ့ ဒေါ်လာ ၂၈၁သန်း ခန့် ကုန်ကျခဲ့ပါတယ်။
အခုအချိန်မှာတော့ ဆိုးလ်ရဲ့ အထင်ကရနေရာတစ်ခုဖြစ်လာခဲ့ပြီး လစဉ် လူသန်းနဲ့ချီလာရောက်တဲ့နေရာ တစ်ခုလည်းဖြစ်လာပါတယ်။