လီပါပူးလ် မြို့တော်အကြောင်း သိကောင်းစရာ

Posted on

အားလုံးပဲ မင်္ဂလာပါရှင်။

လီပါပူးလ် လို့ဆိုလိုက်တာနဲ့ အားလုံးကပြေးမြင်လိုက်တာက ပရီးမီးယားလိဂ်ထိပ်တန်းကလပ်ဖြစ်တဲ့ လီပါပူးလ်ဘောလုံးအသင်း အသင်းသာဖြစ်ပါတယ်။ ဒါဟာ မြို့အခြေစိုက်ဘောလုံးအသင်းကို လီပါပူးလ်မြို့ကို အမည်စွဲခေါ်ဆိုတာဖြစ်ပြီး ဒီမြို့ဟာအင်္ဂလန်အနောက်မြောက်ဘက် မာဆေးဆိုက် ခရိုင်အတွင်းမှာပါဝင်တဲ့မြို့တစ်မြို့ဖြစ်ပါတယ်။ လီပါပူးလ်မြို့အတွင်း အဲဗာတန်ရပ်ကွက်မှာ ပရီးမီးယားလိဂ်မှာ ကစားနေတဲ့ အဲဗာတန်အသင်းဆိုတာကလည်း ရှိသေးတာကြောင့် ပရီးမီးယားလိဂ်မှာ သူတို့နှစ်သင်းတွေ့ဆုံရင် မာဆေးဆိုက်ဒါဘီ လို့ခေါ်ဆိုရမဲ့ ဘောလုံးပွဲတွေဖြစ်လာလေ့ ရှိပါတယ်။ ဒီတခါတော့ သုတဇုန် မိတ်ဆွေတွေကို ကြိုးကြာနီတို့ရဲ့မြို့တော်လို့ သိကြတဲ့ လီပါပူးလ်မြို့ အကြောင်းကို ဝေမျှချင်ပါတယ်။

လီပါပူးလ်မြို့ဟာ မာစီမြစ်ရဲ့အရှေ့ဘက်မှာတည်ရှိပြီး လူဦးရေ ၅ သိန်းခန့် နေထိုင်တဲ့မြို့ဖြစ်ပါတယ်။ ဧရိယာအနေနဲ့ ၄၃ စတုရန်းမိုင်ခန့်ကျယ်ဝန်းပြီး ဒေသတခုလုံးဆိုရင်တော့ နေထိုင်သူ ၂.၂ သန်းကျော် နေထိုင်ကြပါတယ်။

လီပါပူးလ်(liverpool) ဆိုတဲ့အမည်ဟာ မူလအမည် လိုင်ဖာပူး liferPol လိုင်ဖာပူး ကနေ ဆင်းသက်လာတာဖြစ်ပြီး အဓိပ္ပါယ်ကတော့ ရွှံ့နွံတွေနဲ့နောက်ကျိနေတဲ့ရေကန် ဆိုပြီးဖြစ်ပါတယ်။ အေဒီ ၁၂ ရာစုအထိ လီဝဲပူး လို့ခေါ်ခဲ့ကြပြီး ၁၅ ရာစုမှာတော့ လီပါပူးလ် လို့ အမည်ပြောင်းလဲခေါ်ခဲ့ကြတာဖြစ်ပါတယ်။

၁၆ ရာစု အလယ်ပိုင်းအထိ ဒီနေရာဟာ လူဦးရေ ၅၀၀ ဝန်းကျင်ခန့်ရှိတဲ့ ရွာတရွာသာဖြစ်ပါတယ်။ ၁၇ ရာစု အစောပိုင်းကနေစလို့ ကုန်သွယ်ရေးထွန်းကားလာတဲ့အတွက် လူနေထိုင်မှု တဖြည်းဖြည်းများပြားလာခဲ့ပါတယ်။ (၁၈)ရာစုရောက်ချိန်မှတော့ လီပါပူးလ်မြို့ဟာအမေရိကန်တွေ၊ အိန္ဒိယနိုင်ငံအနောက်ပိုင်းဒေသတွေနဲ့ ကုန်သွယ်မှုပြုလုပ်ရာမှာ ဗြိတိန်အတွက် ဒုတိယမြောက်အရေးပါဆုံး သင်္ဘောဆိပ်ကမ်းမြို့ကြီးဖြစ်လာခဲ့တဲ့အ တွက် လျှင်မြန်စွာစည်ကားလာပြီးအခြေချနေထိုင်သူပေါများလာခဲ့ပါတယ်။

(၁၈၃၀) ခုနှစ်မှာတော့ လီပါပူးလ်နဲ့ မန်ချက်စတာမြို့တွေအကြား မီးရထားလမ်းဆက်သွယ်မှုကွန်ယက်ကနေ အင်္ဂလန်ရဲ့မြို့တွင်း ပထမဆုံးသော ရထားလမ်းဖြစ်လာခဲ့ပါတယ်။ ဒါအပြင် လီဗာပူးမြို့အောက်မှာ ဖြတ်ဖောက်ထားတဲ့ Wapping ဥမင်လိုဏ်ခေါင်းဟာ ကမ္ဘာပေါ်က ဒီအမျိုးအစား ဥမင်တွေထဲမှာ အစောဆုံးဖြစ်ခဲ့ပါတယ်။

(၁၉)ရာစုရောက်ချိန်မှာတော့ လီပါပူးလ်ဆိပ်ကမ်းဟာ အင်္ဂလန်နဲ့ အိုင်ယာလန်နိုင်ငံဘက်ခြမ်းကနေ မြောက်အမေရိကတိုက်ကို သွားလိုသူတွေအတွက် အဓိက သင်္ဘောဆိပ်ကမ်းအဖြစ် ရှိခဲ့ပါတယ်။

၁၉၅၀ ခုနှစ်ဝန်းကျင်မှာတော့ လီဗာပူးလ်ဟာ လမ်းပန်းဆက်သွယ်ရေး အလွန်ကောင်းလာခဲ့သလို ကမ္ဘာ့ပထမဆုံး ခရီးသွားရဟတ်ယာဉ်တွေပါ ပြေးဆွဲခဲ့တဲ့အထိ တိုးတက်လာခဲ့ပါတယ်။

လီပါပူးလ်မြို့ရဲ့နောက်ထပ်ထူးခြားချက်တစ်ခုကတော့ ကမ္ဘာကျော်ရော့ခ်တေးဂီတအဖွဲ့ဖြစ်တဲ့ ဘီတဲလ်စ်အဖွဲ့ရဲ့ သန္ဓေတည်ရာဖြစ်ပြီး ဂျွန်လင်နွန် နဲ့ ပေါလ် တို့ဟာ ၁၉၅၇ ခုနှစ်ကတည်းက ဒီနေရာမှာ အတူတကွ ဖျော်ဖြေခဲ့ကြတာဖြစ်ပါတယ်။

ဒီမြို့ရဲ့ဆိပ်ကမ်းဧရိယာနဲ့ မြို့အလယ်မှာတည်ရှိတဲ့ ဗိသုကာလက်ရာ အဆောက်အအုံတွေဟာ (၂၀၀၄)ခုနှစ်ကတည်းက ယူနက်စကိုရဲ့ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ဂုဏ်ပြုခြင်းခံခဲ့ရပါတယ်။ ဒီနေရာမှာ ရှေးဟောင်းအဆောက်အအုံနဲ့ လမ်းတွေ ရှိနေပေမယ့် ၂၀၂၁ ခုနှစ် အဲဗာတန်ဘောလုံးကွင်း တည်ဆောက်ဖို့ ခွင့်ပြုခဲ့အပြီးမှာတော့ ယူနက်စကိုရဲ့ အမွေအနှစ်အဖြစ်က ဖယ်ရှားခံခဲ့ရပါတယ်။

Royal Albert Dock ဆိုတာကတော့ လီပါပူးလ်ရဲ အထင်ကရ သင်္ဘော ဆိပ်ကမ်းဖြစ်ပြီး ဒီနေရာမှာ ကုန်လှောင်ရုံတွေနဲ့ သင်္ဘောကျင်းတွေ ပါဝင်နေပါတယ်။ (၁၈၄၆) ခုနှစ်ကတည်းက စတင်ဖွင့်လှစ်ခဲ့တဲ့ ဒီဆိပ်ကမ်းဟာ ဗြိတိန်နိုင်ငံအတွင်း သစ်သား အသုံးမပြုပဲ အုတ်၊ကျောက်နဲ့ သံတို့ကိုသာ အသုံးပြုတည်ဆောက်ထားတဲ့ ပထမဆုံးသော ဆိပ်ကမ်းဖြစ်ပါတယ်။ ဒါအပြင် မီးလောင်မှုကို နည်းစနစ်ကျကျ ကာကွယ်ထားခြင်းနဲ့ တည်ဆောက်ထားတဲ့ ကမ္ဘာ့အစောဆုံး ကုန်လှောင်ရုံတွေရှိနေပါတယ်။ ယနေ့အချိန်မှာတော့ ဒီနေရာဟာ ပြည်တွင်းပြည်ပ ခရီးသွားတွေကို အဓိကဆွဲဆောင်ထားတဲ့ သမိုင်းဝင်နေရာတခု အဖြစ် တည်ရှိနေပြီ ဖြစ်ပါတယ်။

ဒီအနီးက ပီးယဲဟက်ထ် ဆိုတဲ့နေရာမှာတော့ အထင်ကရအဆောက်အအုံတွေ၊ အပန်းဖြေနေရာတွေ နဲ့ အမှတ်ရဖွယ်နေရာတွေ တည်ရှိနေပြီး ရေကြောင်းနဲ့ ခရီးသွားလာသူတွေအတွက် ခေတ္တနားနေရာနေရာအဖြစ်လည်း တည်ရှိပါတယ်။

The Beatles Story ပြတိုက်ကတော့ လီပါပူးလ်အခြေစိုက် ကမ္ဘာကျော်ရော့ခ်ဂီတဝိုင်းရဲ့သမိုင်းကြောင်းကို ပြသထားတဲ့ပြတိုက်ဖြစ်ပြီး Royal Albert Dock မှာပဲ တည်ရှိနေပါတယ်။ ဒီအနုပညာ သမိုင်းပြတိုက်ကို (၁၉၉၀)ခုနှစ် ကစတင်ဖွင့်လှစ်ခဲ့ပြီး ဘီတဲလ်စ်အဖွဲ့ဝင်တွေဖြစ်တဲ့ ဂျွန်လင်နွန်ရဲ့ မျက်မှန် ၊ ဂျော့ဟာရစ်ဆန်တို့ရဲ့ဂစ်တာတွေအပြင် သူတို့အဖွဲ့နဲ့ ပတ်သက်ရာ မှတ်တမ်းအထောက်အထားများစွာကို ပြသထားပါတယ်။

လီဗာပူးလ်ရဲ့ အထင်ကရ လီဗာပူးလ်ကာသီဒြယ် ကတော့ စိန့်ဂျိမ်းစ်တောင်ပေါ်မှာ ရှိနေပြီး သာသာနာပိုင် ခရစ်ယာန်ဘုန်းတော်ကြီးတွေ ကျောင်းထိုင်ရာနေရာလည်းဖြစ်ပါတယ်။ ခရစ်ယာန်ဘာသာဝင်အများဆုံးရှိတဲ့ လီပါပူးလ်မြို့အတွက်ရည်ရွယ်တည်ဆောက်ခဲ့တာဖြစ်ပြီး ဗြိတိန်ရဲ့ဘာသာရေးဆိုင်ရာ အဆောက်အအုံတွေထဲမှာ အကြီးဆုံး အဆောက်အအုံလည်းဖြစ်ပါတယ်။

နောက်ထပ် နာမည်ကျော် ပြတိုက်တခုဖြစ်တဲ့ world museum မှာတော့ သမိုင်းဆိုင်ရာ ရှားပါးအမွေအနှစ်လက်ရာတွေ၊ လူသားမျိုးနွယ်စုဆိုင်ရာတွေ့ရှိချက်တွေ၊ သဘာဝ ပတ်ဝန်းကျင်ရဲ့ ရူပဗေဒဘာသာရပ်ဆိုင်ရာ လေ့လာမှု အထောက်အထားတွေကို ပြသထားပါတယ်။ ပြတိုက်ရဲ့လူစိတ်ဝင်စားဆုံးအပိုင်းက တော့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သမိုင်းကြောင်း နဲ့ နက္ခတ်တာရာပြခန်းတွေဖြစ်ပါတယ်။

တချိန်က ကမ္ဘာကျော် ရေကြောင်းခရီးသွားလာရေး ကုမ္ပဏီဖြစ်တဲ့ White Star Lines ကလည်း လီဗာပူးလ်မှာပဲ ရှိခဲ့တာပါ။ ကျွန်တော်တို့အားလုံးသိပြီးဖြစ်တဲ့ တိုက်တန်းနစ် ၊ မေရီ ၊ အိုလံပစ် စတဲ့သင်္ဘောကြီးတွေဟာ ဒီကုမ္ပဏီရဲ့သင်္ဘောတွေဖြစ်ပြီး လီဗာပူးလ်ဆိပ်ကမ်းမှာ စာရင်းသွင်းခဲ့တဲ့ သင်္ဘောတွေဖြစ်ပါတယ်။

လီပါပူးလ်မြို့ အမှတ် ၁၀ မတ်သရူးလမ်းမှာ တည်ရှိတဲ့ ခါဗန်ကလပ် ကိုတော့ (၁၉၅၇) ခုနှစ် ကတည်းက ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ ဂျပ်ဇ် မြူးဇစ်ကလပ်ဖြစ် ပြီးနောက်ပိုင်း (၁၉၆၀)လောက်မှာတော့ ခေတ်စားလာတဲ့ Rock and Roll ဂီတတွေနဲ့ ဥရောပရဲ့နာမည်ကျော် ကလပ်တစ်ခုအဖြစ် ရပ်တည်လာခဲ့တာ ဖြစ်ပါတယ်။ ဒီနေရာဟာ ကမ္ဘာကျော် ဘီတဲလ်စ်ရဲ့အစောပိုင်းကာလ နာမည်ကျော်တေးသွားတွေနဲ့ ဝေဆာခဲ့ပြီး လီပါပူးလ်မြို့သားတွေအတွက် အထူးအပန်းဖြေနေရာတစ်ခုအဖြစ် တည်ရှိခဲ့တာလည်း ဖြစ်ပါတယ်။

လီဗာပူးလ်ရဲ့ အဆောက်အအုံတွေအနက်မှာ Royal Liver အဆောက်အအုံကလည်း မြို့ရဲ့အမှတ်အသားတခုဖြစ်ပါတယ်။ အမိုးထိပ်ချွန်အထိ အမြင့်ပေ ၃၃၂ပေ ရှိတဲ့ ၁၃ ထပ် အဆောက်အအုံဖြစ်ပါတယ်။ ၁၉၁၁ ခုနှစ်ကတည်းက တည်ဆောက်ပြီးစီးခဲ့ပြီး ကမ္ဘာပေါ်မှာ RC နည်းပညာကို သုံးပြီး တည်ဆောက်ခဲ့တဲ့ အဆောက်အအုံတွေအနက်က တခုဖြစ်ပါတယ်။ ဒီအဆောက်အဦးမှာ နာရီမျှော်စင် တစုံရှိနေပြီး မျှော်စင်ရဲ့ထိပ်ဖျားတွေမှာတော့ မြို့ရဲ့အမှတ်အသားဖြစ်တဲ့ Liver ငှက် ရုပ်တုတွေရှိနေပါတယ်။

လီဗာပူးလ် ဆိပ်ကမ်းကတော့ ယူကေရဲ့ စတုတ္ထမြောက်အကြီးဆုံးဆိပ်ကမ်းဖြစ်ပြီး နှစ်စဉ် ကုန်ပစ္စည်းတန်ချိန်ပေါင်း ၃၂ သန်းကျော်ကို အတင်အချ လုပ်ပေးတဲ့နေရာလည်းဖြစ်ပါတယ်။

လီဗာပူးလ်ရဲ့ အဓိက လေဆိပ်ကတော့ လီဗာပူးလ် ဂျွန်လင်နွန် နိုင်ငံတကာလေဆိပ်ဖြစ်ပြီး ၁၉၃၃ ခုနှစ်ကတည်းက ဖွင့်လှစ်ခဲ့တဲ့ လေဆိပ်ဖြစ်ပါတယ်။ ဥရောပနိုင်ငံပေါင်းများစွာ နဲ့ ချိတ်ဆက်ထားပြီး နှစ်စဉ် ခရီးသွားပေါင်း ၅ သန်းကျော်ကို ဝန်ဆောင်မှုပေးလျှက်ရှိပါတယ်။

ကမ္ဘာကျော်ဘောလုံးကလပ်တခုဖြစ်တဲ့ လီပါပူးလ်ဘောလုံးအသင်းကိုတော့ ၁၈၉၂ ခုနှစ်ကတည်းက တည်ထောင်ခဲ့တာဖြစ်တာကြောင့် ယခုဆိုရင် သက်တမ်းအားဖြင့် နှစ်ပေါင်း ၁၂၉နှစ် ခန့် ရှိသွားပြီ ဖြစ်ပါတယ်။ အသင်းစတင်စဉ်ကတည်းက လက်ရှိအန်ဖီးကွင်းမှာပဲ ကစားခဲ့တဲ့ လီပါပူးလ်အသင်းဟာ ဥရောပချန်ပီယံလိဂ်ဖလားကို ၆ကြိမ်တိုင်ရရှိထားပြီး အင်္ဂလန်အသင်းတွေထဲမှာတော့ အအောင်မြင်ဆုံးအသင်း ဖြစ်ခဲ့ပါတယ်။

နောက် ထင်ရှားတဲ့ ဘောလုံးအသင်းဖြစ်တဲ့ အဲဗာတန်ကတော့ လီဗာပူးလ်အသင်းထက် ပိုရှေးကျပြီး ၁၈၇၈ ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့တဲ့ ဘောလုံးကလပ် ဖြစ်ပါတယ်။ အင်္ဂလိပ်ဘောလုံးလိဂ် စတင်တည်ထောင်တဲ့ အသင်းတွေအနက်က တသင်းလည်းဖြစ်ပါတယ်။ အဲဗာတန်ဟာ လီဗာပူးလ်လောက် မအောင်မြင်ပေမယ့် လိဂ်ဖလား ၉ ကြိမ် ၊ အက်ဖ်အေဖလား ၅ ကြိမ် နဲ့ ဥရောပဝင်းနားကပ် တကြိမ် ရထားတဲ့ အသင်းလည်းဖြစ်ပါတယ်။

လီပါပူးလ်မြို့မှာတည်ရှိတဲ့ မာဆေးဆိုဒ်ရေကြောင်းဆိုင်ရာပြတိုက်ကိုတော့ ၁၉၈၀ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ပြီး Albert Dock ရဲ့ကုန်သိုလှောင်ရုံ အမှတ် (D)ကို ပြတိုက်အဖြစ်အသွင်ပြောင်းထားတာဖြစ်ပါတယ်။

လီဗာပူးလ်မြို့ရဲ့နှစ်(၈၀၀)ပြည့်အခမ်းအနားကိုတော့ (၂၀၀၇)ခုနှစ်က ကျင်းပပြုလုပ်ခဲ့ပြီး ၂၀၀၈ ခုနှစ်မှာ ယဉ်ကျေးမှုမြို့တော်အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

ယူကေရဲ့ အကြီးဆုံးစီးပွားရေးနယ်မြေတွေထဲက တခုဖြစ်ပြီး ငွေကြေး နဲ့ ဘဏ်လုပ်ငန်း ၊ အာမခံလုပ်ငန်း ၊ ရုပ်ရှင် ၊ စက်မှုဆိုင်ရာ ၊ ကုန်စည်အတင်အချ နဲ့ ခရီးသွားလာရေးလုပ်ငန်းတွေက အဓိကလုပ်ငန်းတွေဖြစ်ပါတယ်။

အင်္ဂလန်မှာဆိုရင်တော့ လီပါပူးလ်မြို့ဟာ ၅ ခုမြောက် လာရောက်လေ့လာ လည်ပတ်သူ အများဆုံးမြို့ဖြစ်ပြီး ၂၀၁၈ ခုနှစ်က ဆိုရင် ပြည်တွင်းပြည်ပ ခရီးသွားဦးရေ ၃၈ သန်းခန့်အထိ လာရောက်လည်ပတ်ခဲ့ကြပါတယ်။ ဒါအပြင်အနုပညာပြတိုက်၊ အမျိုးသားသမိုင်းပြတိုက်တွေလည်းရှိနေပြီး လီပါပူးလ်ထက်ပိုမိုများပြားတာဆိုလို့ အင်္ဂလန်မှာ လန်ဒန်တစ်မြို့တည်းသာရှိပါတယ်။

လီပါပူးလ်ဟာဥရောပမှာတော့ ရှေးအကျဆုံး တရုတ်မျိုးနွယ်စုတွေအခြေချနေထိုင်ရာအရပ်ဖြစ်ပြီး အင်္ဂလန်မှာတော့ ရှေးအကျဆုံးသောမြေအောက်ဒုစရိုက်ဂိုဏ်းတွေ တည်ရှိခဲ့ရာနေရာလည်းဖြစ်ပါတယ်။ တချိန်ကတော့ လီပါပူးလ်မြို့ခံတွေကို လီဗာပူးလ်လီယန်စ် Liverpudlians လို့ခေါ်ခဲ့ကြပြီး ယခုအချိန်မှာတော့ စကောက်ဆာစ် Scousers တွေ လို့ခေါ်ဆိုကြပါတယ်။

ကဲ ဒီလောက်ဆိုရင် အင်္ဂလန်က နာမည်ကျော် လီပါပူးလ်မြို့ရဲ့ အကြောင်းကို သိသွားလောက်ပြီထင်ပါတယ်။ နောက်အခေါက်တွေမှာလည်း အခြားအထင်ကရ မြို့တော်တွေ အကြောင်းကို ဝေမျှသွားဦးမှာ ဖြစ်တဲ့အတွက် သုတဇုန် ယူကျူ့ချန်နယ်ကို Subscribe လုပ်သွားပေးကြပါဦးနော်။