ကမ္ဘာပေါ်မှာ တနေ့တခြား မြင့်မားလာတဲ့နည်းပညာနဲ့အတူ အတွင်းဘက် အပြင်အဆင်တွေကို ပေါင်းစပ်ကာ ဇိမ်ခံကားတွေကို ထုတ်လုပ်လာကြပါတယ်။ ဒီလိုကားတွေထဲမှာ ဘတ်စ်ကားတွေကိုလည်း အမျိုးမျိုး မွမ်းမံမှုတွေလုပ်ကာ အိမ်တစ်လုံးလို နေထိုင်နိုင်အောင် ဖန်တီးလာကြပါတယ်။
ခရီးထွက်ရင်း ကိုယ့်အိမ်မှာပဲနေသလို ခံစားနိုင်စေတဲ့ ဒီ motorhome အမျိုးအစားဘတ်စ်ကားတွေကို လူတွေ အလွန်သဘောကျလာကြပါတယ်။ ဇိမ်ခံဘတ်စ်ကား အမျိုးမျိုးကို ထုတ်လုပ်လာကြတဲ့အထဲမှာ ဈေးအကြီးဆုံးလို့ ဆိုရမယ့် ဘတ်စ်ကားက အခုဖော်ပြမယ့် ဘတ်စ်ကားဖြစ်ပါတယ်။
ဒီဇိမ်ခံဘတ်စ်ကားရဲ့အမည်က eleMMent palazzo Superior လို့ခေါ်ပါတယ်။ ဒီကားကိုတော့ ထရပ်ကားစီးပွားရေးလုပ်ငန်းရှင် Mario Marchi တည်ထောင်ထားတဲ့ သြစတြီးယားအခြေစိုက် Marchi Mobile ကုမ္ပဏီကနေထုတ်လုပ်ထားတာဖြစ်ပါတယ်။ ဒီလိုဘတ်စ်ကားအမျိုးအစားကိုတော့ အတိုကောက် RV လို့ခေါ်ပြီး အပန်းဖြေယာဉ်(Recreational vehicle) လို့ အဓိပ္ပါယ်ရပါတယ်။ အဆင့်မြင့်ဆုံးနည်းပညာ နဲ့ ခမ်းနားတဲ့ အတွင်းဘက်မွမ်းမံမှုကြောင့် ဒီဘတ်စ်ကားရဲ့ တန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၃သန်း တန်ဖိုးရှိပါတယ်။
ကားရဲ့အလျားက ၄၅ပေ ၊ အနံက ၁၆ပေ ၊ အတွင်းဘက်အမြင့်က ၁၃ပေ ၊ အပြင်ဘက်ဘတ်စ်ကားအမိုးအမြင့်က ၂၀ပေ တောင်ရှိကာ အတွင်းဘက်အကျယ်အဝန်းအနေနဲ့ဆိုရင်တော့ ၇၃၂ စတုရန်းပေ ရှိပါတယ်။ ကားအိမ်နံရံတွေကိုတော့ 60+ mm အထူရှိတဲ့ Carbon fiber သားနဲ့ ဖန်တီးထားပါတယ်။ ဒါ့အပြင် လမ်းအလွန်ကြမ်းတဲ့နေရာမျိုးတွေမှာ မောင်းနှင်နေရင်တောင် အတွင်းဘက်မှာ သိသိသာသာ မလှုပ်ရှားစေဖို့လည်း ဖန်တီးထားပါသေးတယ်။
ကားအိမ်ထဲမှာတော့ ဟိုတယ်တစ်လုံးလို ဖန်တီးထားပါတယ်။ ဧည့်ခန်း ၊ Master bedroom ၊ မီးဖိုချောင် ၊ အိမ်သာ ရေချိုးခန်း ၊ SPA-Area ၊ Multimedia ခန်း နဲ့ Sky Lounge တွေပါရှိပါတယ်။ ၁၃ပေ ကျယ်တဲ့ ဧည့်ခန်းထဲမှာတော့ ဆိုဖာအပြင် ၊ ရေခဲသေတ္တာ ၊ ဝိုင် ဘီရို ၊ ကော်ဖီဖျော်စက်အပြင် ချိန်ညှိနိုင်တဲ့ စားပွဲခုံပါ ပါရှိပါတယ်။ မီးဖိုချောင်မှာတော့ မီးဖို ၊ ရေခဲသေတ္တာ ၊ Sink ၊ ဗီရို နဲ့ Freezer and ice-maker တွေ ပါဝင်ပါတယ်။
Bathroom မှာဆိုရင်လည်း Aqua Clean Hygiene Cleaning Program သုံးအိမ်သာနဲ့ sink တစ်ခုပါရှိပါတယ်။ Master bedroom ဆိုရင်လည်း ဗြိတိန်တော်ဝင်အိပ်ခန်းတစ်ခုလို ခင်းကျင်းထားပြီး Slide တံခါးတွေနဲ့ အဝတ်ဗီရိုတွေ ၊ စားပွဲ ၊ ထိုင်ခုံတွေပါရှိနေပါတယ်။ ၁၆ စတုရန်းပေ ကျယ်ဝန်းတဲ့ SPA-Area မှာ ဆိုရင်လည်း ရေပန်းနဲ့အတူ light therapy function အပြင် Towel dryer ပါ ရှိနေပြန်ပါတယ်။
ဖျော်ဖြေရေး မီဒီယာခန်းမှာဆိုရင်လည်း ၄၂လက်မ LED Screen နှစ်ခုနဲ့အတူ On-board Wireless စနစ် ၊ SAT TV ၊ ကမ္ဘာ့အကောင်းဆုံး အသံစနစ်တစ်ခုအဖြစ်သတ်မှတ်ခံထားရတဲ့ Steinway & Lyngdorf Audio System ၊ Ambient ရောင်စုံမီးထိန်းချုပ်မှုစနစ် အပြင် On-board media server တစ်ခုပါ ပါရှိပါတယ်။ ဒါအပြင် ကားအဝင်ပေါက်မှာ ရုပ်သိမ်းနိုင်တဲ့လှေကား နဲ့ လျှပ်စစ် Slide တံခါးကို တပ်ဆင်ပေးထားပါတယ်။ ဒါအပြင် အပေါ်ဘက်မှာလည်း အမိုးပွင့် ဧည့်ခန်းတစ်ခုပါရှိပါသေးတယ်။
အဆင့်မြင့်လေအေးပေးစနစ်အပြင် ကြမ်းခင်းအပူပေးစနစ်တွေပါရှိသလို လျှပ်စစ်အသုံးပြုမှုအတွက် ဂျင်နရေတာ ၂လုံးတပ်ဆင်ထားပါတယ်။ သောက်သုံးရေ နဲ့ အခြားအသုံးပြုမှုတွေအတွက်ကိုတော့ ၈၀၀လီတာဆန့် စည် ၂စည် နဲ့ ၂၅၀လီတာဆန့် စည် ၁စည် ပါဝင်ပါတယ်။
အင်ဂျင်အတွက်ကတော့ မြင်းကောင်ရေအား ၆၀၀ အထိမြှင့်တင်နိုင်တဲ့ Volvo, 6 cylinder in-line အင်ဂျင်ကို တပ်ဆင်ထားပြီး ကားတစ်စီးလုံးရဲ့ အလေးချိန်က ၂၈ တန်တောင် ရှိပါသတဲ့။ ယာဉ်မောင်းခန်းကိုတော့ ဂျက်လေယာဉ်ထိန်းချုပ်ခန်းသဖွယ် ပြင်ဆင်ထားပြီး ဇိမ်ခံကား limousine ရဲ့Function ကဲ့သို့ အသုံးပြုရမှာဖြစ်ပါတယ်။ ယာဉ်မောင်းသူရဲ့ထိုင်ခုံကို ကားတစ်စီးလုံးရဲ့ ၂၇၀ ဒီဂရီအထိ မြင်နိုင်စေဖို့ ဖန်တီးထားပါတယ်။
ဒီလို မွမ်းမံပြင်ဆင်မှု နဲ့ ဇိမ်ခံ Feature အမျိုးမျိုးတပ်ဆင်ထားတာကြောင့် ဒီကားဟာ အလေးချိန်အလွန်များပြီး မောင်းတဲ့အခါ နှေးမယ်လို့ ထင်စရာရှိပေမယ့် တကယ်တမ်းကတော့ ဒီကားဟာ လမ်းကောင်းရင် ၁နာရီကို ၉၃မိုင် အမြန်နှုန်းအထိ မောင်းနှင်နိုင်တဲ့ ဘတ်စ်ကားဖြစ်ပါတယ်။ ဘစ်ကားဆိုပေမယ့် တကယ့်ဟိုတယ်တစ်ခုမှာ တည်းရသလို ဖန်တီးထားတာကြောင့် ဒီကားကို လမ်းမပေါ်က ဟိုတယ်လို့ တင်စားထားခြင်းဖြစ်ပါတယ်။
VIDEO