ရေးသားသူ – Saya Aung Ko Latt
လမ်းပေါ်မှာ ခင်းရောင်းတဲ့ ယာယီဈေးဆိုင်မျိုးကို ဆိုလိုတာပါ။ ပျံကျဈေးဆိုင်လို့လည်း ခေါ်ကြပါတယ်။ လမ်းဘေးဈေးသည်ပဲ ခေါ်ကြရအောင်။ မိသားစု အသက်ရှင်ရပ်တည်ဖို့ ပဲဖြစ်ဖြစ်၊ စီးပွားရေး အိမ်မက် အကောင်အထည် ဖေါ် ဖို့ပဲဖြစ်ဖြစ်၊ လမ်းဘေးဈေးဆိုင်ဟာ ကောင်းမွန်တဲ့လုပ်ငန်းတစ်ခုပါ။ နိုင်ငံခြားမျာ ယနေ့အောင်မြင်နေတဲ့ လုပ်ငန်းရှင်တော်တော်များများဟာ လမ်းဘေးဈေးသည်ကနေ ဘဝစခဲ့ဖူးတယ်ဆိုတာ လေ့လာမှတ်သားဖူးပါတယ်။ လမ်းဘေးဈေးသည်အလုပ်ဟာ အမြင်အားဖြင့်လွယ်သလောက် အောင်မြင်အောင် လုပ်ဖို့ဆိုရင် အတော်လေး ပညာသားပါပါတယ်။
ရပ်တည်နိုင်ပြီဟေ့ဆိုရင်ကိုပဲ တော်တော်တွက်ခြေကိုက်တဲ့ လုပ်ငန်းလည်းဖြစ်ပါတယ်။ များသောအားဖြင့်၊ ကိုယ့်မှာအလုပ်တစ်ခုရှိတယ်။ ရုံးဆင်းပြီးလို့ အရံအလုပ်နဲ့ လုပ်ကိုင်ရင် စိတ်ဖိအား ပိုနည်းတတ်တယ်။ အရံအလုပ်က အလုပ်ကောင်းလို့ ပင်မအလုပ်ဖြစ်သွားရင် သူဋ္ဌေး ဖြစ်ဖို့ မဝေးတော့ပါ။ ကဲ.. ဆွေးနွေးကြည့်ကြမယ်။ လမ်းဘေးဈေးဆိုင် ဖွင့်ဖို့ဆိုရင်
၁။ သိက္ခာချရပါလိမ့်မယ်။
အလုပ်ဟူသမျှ ဂုဏ်ရှိစွ၊ လမ်းဘေးဈေးသည်နဲ့ အသက်မွေးဝမ်းကြောင်းလုပ်တယ်ဆိုတာ လက်ငုတ်လက်ရင်း နည်းပါးလို့ပေါ့၊ ရှက်စရာ အကြောင်းမရှိပါဘူး၊ အသိမိတ်ဆွေ တွေ့မှာကို လည်းစိုးရိမ်စရာ အကြောင်းမရှိပါဘူး။ လူငယ်ဆိုတာ အလုပ်ကြီးကြီးကို လုပ်ဖို့ အခြေအနေ မရှိခဲ့ရင် လမ်းဘေးဈေးဆိုင်အလုပ်ဟာ စီးပွားရေး နယ်ပယ်ကို ချေစုံပစ်ဝင်ဖို့ အကောင်းဆုံးနည်းလမ်းထဲက တစ်ခုပါ။ အရင်းအနီးများများမလိုဘူး၊ လုပ်ရကိုင်ရတာ သိပ်မခက်ခဲဘူး၊ အမြတ်အစွန်းရရင် အရင်းအနီးစုဆောင်းမိတယ်။ လုပ်ရင်းသင်ရင်းနဲ့ စီးပွားရေး အမြင်ကျယ်သွားတယ်။ လုပ်တတ်ကိုင်တတ်သွားပြီး အကွက်မြင်သွားတယ်။
၂။ ဘာပစ္စည်းရွေးချယ်မလဲ
ဈေးကွက်ကို လေ့လာပါ။ ဘာပစ္စည်းရောင်းရင် အလုပ်ဖြစ်နိုင်မှာလဲ၊ သူများယောင်တိုင်း လိုက်ယောင်စရာ မလိုဘူး၊ ပေါ်ပင်ပစ္စည်း ဖြစ်စရာမလိုဘူး၊ ရောင်းသူသိပ်မရှိသေးပဲ အရောင်းစွန်နိုင်မဲ့ ပစ္စည်းကို ရွေးချယ်တတ်ဖို့လိုတယ်။ ကိုယ်က လမ်းဘေးဆိုင်ဖွင့်မဲ့သူပဲ၊ အမယ်စုံစရာမလိုဘူး၊ တစ်မျိုးရောင်းကောင်းရင်တောင် အလုပ်ဖြစ်ပြီ။ ရောင်းကောင်းတယ်ဆိုတာ ဝယ်ယူသူများတာကို ဆိုလိုခြင်းထက် အကြိမ်ကြိမ် ပြန်လာဝယ်ယူခြင်းကို ဆိုလိုပါတယ်။
၃။ အချိန်အခါ ကို ရွေးချယ်တတ်ရမယ်။
အခါကြီးရက်ကြီး၊ ပွဲဈေးတန်း စသည်တို့ဟာ ဆိုင်ထွက်ဖို့ အခွင့်ကောင်းဖြစ်တတ်ပါတယ်။ လူစည်ကားတဲ့နေရာဟာ လမ်းဘေးဈေးသည်ရဲ့ အသက်ပဲ။ ညစာစားပြီးနောက်ပိုင်းအချိန်ဟာ အကောင်းဆုံး အချိန်ဖြစ်နေတတ်တယ်။ ကျောင်းဆင်းချိန်ကို ဖမ်းပြီး ကျောင်းဆင်းလမ်းမှာ မုန့်ပဲ သွားရေစာ ရောင်းတဲ့ လမ်းဘေးဈေးသည်တွေ အများကြီးတွေ့ဖူးတယ်။ အချို့ဆိုရင် အခု Light Truck ကားနဲ့ တောင်ဖြစ်နေပြီ။
၄။ ပေါချောင်ကောင်းပစ္စည်း ဖြစ်ခြင်း
ဈေးချိုမယ်၊ ပစ္စည်းအရည်အသွေးလည်း ကောင်းမယ်ဆိုရင် အကောင်းဆုံးပဲ။ Brand ဖြစ်စရာမလိုဘူး။ အမြတ် အရမ်းတင်တာမျိုး မလုပ်နဲ့။ အမြတ်က တော်ရုံသင့်ရုံလောက်ပဲ ဖြစ်သင့်တယ်။ အမြတ်များလွန်းရင် ပြိုင်ဘက်ကို ဖိတ်ခေါ် နေသလို ဖြစ်နေတတ်တယ်။ သင်ဟာ လမ်းဘေးဆိုင်ပါ။ သင့်ရောင်းတဲ့ ပစ္စည်းဟာ စတိုးဆိုင်တွေမှာ တင်တဲ့ပစ္စည်းတွေထက် ဈေးပေါနေရမယ်။ အရည်အသွေးကျတော့ မနိမ့်ရဘူး။ လမ်းဘေးဆိုင်ဆိုပြီး တစ်ခါစား မလုပ်ရဘူး။ နောင်လာဝယ်မဲ့ ဖေါက်သည်ကို မွေးမြူရမယ်။
၅။ ဈေးစကား ပြောတတ်ခြင်း
လမ်းဘေးဆိုင်ဆိုတော့ ဈေးဆစ်ကြမယ်။ အလျှော့အတင်းရှိမယ်။ ကိုယ်က အဲဒီဈေးစကားပြောတာကို ပျော်နေရမယ်။ ဝယ်ယူသူ ဟာ ဈေးဆစ်ပြီဆိုရင် အရောင်းအဝယ်ဖြစ်ဖို့ တော်တော် နီးစပ်နေပါပြီ။ သူဋ္ဌေးကတော်ပုံစံမျိုး ဆိုရင် ဈေးနည်းနည်း ပိုခေါ်ရမယ်။ သူတို့က အဆစ်ကြမ်းတတ်တယ်။ အသက်ကြီးတဲ့လူဆိုရင် ဈေးလျော့ခေါ် ရတယ်။ ပိုခေါ်ရင် ထွက်ပြေးမှာ။ ကိုယ်ရောင်းတဲ့ ပစ္စည်းပေါ် လည်းမူတည်ပါတယ်။ အမျိုးသားက အမျိုးသမီးသုံးပစ္စည်းကို လာဝယ်တယ်ဆိုရင် ဈေးပိုခေါ်လို့ ရတာပေါ့ ။
၆။ သူခိုးကို ဂရုစိုက်ရမယ်။
လမ်းဘေးဆိုင်ရဲ့ အဓိက ရန်သူကတော့ သူခိုးပဲ။ ညလည်းဖြစ်တယ်။ လူလည်းစည်တယ်ဆိုရင် ပိုသတိထားရမှာ၊ တစ်ခါတစ်လေ အုပ်စုနဲ့ လာတတ်တယ်။ ရှေ့ကတစ်ယောက် ဈေးဆစ်သလိုလိုနဲ့ ပစ္စည်းကို ဖြန့်ကြည့်တယ်။ အဲဒါနဲ့ ကိုယ်က နောက်ကလူကို မတွေ့ရတော့ဘူး။ ပါသွားရင် အလကားမောရော။
၇။ ဆိုင်ရှင်ရဲ့ သပ်ယပ်မူ
ခေတ်က ပြောင်းလာပြီ။ ဆိုင်ရှင်လုပ်တဲ့လူက လမ်းဘေးမှာ ဖင်ထိုင်ထိုင်နေတာမျိုး၊ ကွမ်းဝါးပြီး စကားပြောတာမျိုး၊ ဆေးလိပ်ဖွာပြီး ဈေးရောင်းတာမျိုး၊ ကွမ်းသွေး တစ်ပျစ်ပျစ် ထွေးတာမျိုး လုံးဝရှောင်ကျဉ်ပါ။ ထိုင်စရာမရှိရင် ထိုင်ခုံပုကလေး တစ်လုံးဆောင်ထားပါ။ အဝတ်အစားကို သေသေသပ်သပ် ဝတ်ထားပါ။ ဒါတွေအားလုံးဟာ ဈေးဝယ်ကို စွဲဆောင်နိုင်ဖို့ပါ။
၈။ စားပွဲပေါ် ခင်းကျင်းခြင်း
ဘန်ကောက်မှာ ရှိတဲ့ လမ်းဘေးဆိုင်တွေမှာ ဖြုတ်တတ်လို့ ရတဲ့ စင်တွေနဲ့ ခင်းကျင်းတာကို တွေ့ရပါတယ်။ သူတို့ရဲ့ စင်တွေဟာ ခင်းကျင်းလို့လည်းရတယ်။ ချိတ်ဆွဲလို့လည်း ရတာကို တွေ့ ရပါတယ်။ ကျွန်တော်တို့ဆီမှာလည်း စားပွဲနဲ့ ခင်းတာကို တွေ့ရတတ်ပါတယ်။ အဲဒါကောင်းတယ်။ ဝယ်ယူသူ ထိုင်ချစရာမလိုတော့ဘူးပေါ့။ အမျိုးသမီး ဈေးဝယ်များအတွက် ပိုပြီးအဆင်ပြေပါတယ်။
၉ ။ ဈေးဆိုင် ဖွင့်ဖို့နေရာ
ဘယ်မြို့မှာ ပွဲလုပ်တော့မယ်။ ဘယ်မှာ ဘာပြိုင်ပွဲ ရှိတယ်၊ ဘယ်မှာ အရောင်းပွဲလုပ်တော့မယ်၊ စသည်ဖြင့် သတင်းမြန်ဖို့ လိုပါတယ်။ အစအန အနှံ့ ခံကောင်းဖို့ လိုပါတယ်။ သူငယ်ချင်းဖြစ်ဖြစ်၊ အသိမိတ်ဆွေရဲ့ အကူအညီနဲ့ ဖြစ်ဖြစ် ဆိုင်နေရာကို လက်ဦးမူ ရယူထားဖို့ လိုပါတယ်။ သေသေချာချာ လေ့လာသုံးသပ်ပြီး အလုပ်ဖြစ်မယ် ထင်ရင် ဆိုင်နေရာ သုံးလေးနေရာ ယူထားလို့ ရတယ်။ ပြီးရင် အမြတ်ယူပြီး တစ်ဆင့်ပြန်ငှားလို့ ရတာပေါ့။
လမ်းဘေးဆိုင်များဟာ အများအထင်ထက် ပိုအလုပ်ဖြစ်ပါတယ်။ လမ်းဘေးမှာ တိုဟူးနွေးခေါက်ဆွဲ ရောင်းတဲ့ အထမ်းသည်တစ်ဦးရဲ့ ဝင်ငွေဟာ အရာရှိ ( အောက်ဆိုဒ်မပါ ) တစ်ဦးရဲ့ လစာထက်တောင် ဝင်ငွေပိုကောင်းနေတတ်ပါတယ်။ ဒီစာစုဟာ ဆိုင်ဖွင့်နေသူများအတွက် မဟုတ်ပါ။ ဘာလုပ်ရင်ကောင်းမလဲ ဆိုပြီး တွေးတောနေတဲ့ လူငယ်များအဖို့ စဉ်းစားစရာ လမ်းကြောင်းတစ်ခု ရအောင် တင်ပေးလိုက်ခြင်းဖြစ်ပါတယ်။
Aung Ko Latt