အခုလ အစောပိုင်းက အိန္ဒိယနိုင်ငံ Hyderabad မြို့မှာ ဖြစ်ခဲ့တဲ့ဖြစ်ရပ်ဖြစ်ပြီး ယာဉ်ထိန်းရဲအဖွဲ့က မြို့တော်ဝန် Bonthu Rammohan ကို ဒါဏ်ရိုက်ခဲ့ခြင်း ဖြစ်ပါတယ်။ အကြောင်းပြချက်ကတော့ မြို့တော်ဝန်ရဲ့ကားဟာ ယာဉ်မရပ်ရ နေရာမှာ ရပ်ထားခဲ့လို့ ဖြစ်ပါတယ်။
Madhapur ကုန်တိုက်အနီး ယာဉ်မရပ်ရ နေရာမှာ ရပ်ထားတဲ့ ကားအမှတ် AP09 C 9969 ဟာ စည်းကမ်းဖောက်ပြီး ရပ်ထားတာကို လမ်းသွားလမ်းလာ တစ်ယောက်က မြင်ခဲ့ပါတယ်။ ဒီကားနံပါတ်ဟာ မြို့တော်ဝန်ကားနံပါတ်မှန်းသိတဲ့ အတွက် သူဟာ ဒီလိုစည်းကမ်းမဲ့ရပ်ထားတာကို ဓာတ်ပုံရိုက်ပြီး သူ့အကောင့်မှာ တင်ခဲ့ပါတယ်။
ခဏတွင်း ဒီသတင်းပြန့်သွားပြီးတဲ့နောက် ယာဉ်ထိန်းရုံးဆီပါ ရောက်သွားခဲ့တယ်။ ယာဉ်ထိန်းရုံးကချက်ချင်းပဲ မြို့တော်ဝန်ထံကို ဒါဏ်ငွေရိုက်တဲ့ ဖြတ်ပိုင်းကို ပို့ပြီး ဒါဏ်ငွေဆောင်ဖို့ အကြောင်းကြားခဲ့ပါတယ်။
သူ့ဆီ ဒါဏ်ငွေရိုက်တဲ့ ဖြတ်ပိုင်းရောက်လာခဲ့ပေမယ့် မြို့တော်ဝန်ဟာ သူ့ကိုဒီလိုလုပ်ရပါ့မလားဆိုပြီး စိတ်မဆိုးခဲ့ပါဘူး။ စိတ်မဆိုးတဲ့အပြင် “စည်းကမ်းဖောက်တာကို ထောက်ပြခဲ့သူကို ကျေးဇူးတင်ကြောင်း ၊ ဘက်မလိုက်ပဲဒါဏ်ရိုက်ခဲ့တဲ့ ယာဉ်ထိန်းရဲကိုလည်း တာဝန်ကျေမှုအတွက် ကျေးဇူးတင်ကြောင်း ၊ ကျသင့်တဲ့ဒါဏ်ငွေကိုဆောင်ပြီးပါကြောင်း” နောက်တစ်ရက်မှာ သူ့အကောင့်ကနေ အသိပေးပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ဥပဒေရဲ့စည်းမျဉ်းတွေဟာ လူတိုင်းအတွက် အတူတူဖြစ်ကြောင်း ဒီဖြစ်ရပ်ကိုနမူနာယူပြီး စည်းကမ်းလိုက်နာကြဖို့ ၊ ဖောက်ဖျက်ပါကလည်း ဘယ်သူ့ကိုမဆို ညီတဲ့ပြစ်ဒါဏ်ကို ချမှတ်ဖို့ နဲ့တိုက်တွန်းသွားခဲ့ပါတယ်။
တကယ်တော့ ယာဉ်မရပ်ရနေရာမှာ ယာဉ်ကိုရပ်ခဲ့သူဟာ သူ့ရဲ့ယာဉ်မောင်းသာ ဖြစ်ပေမယ့်လည်း မိမိတွင်သာ တာဝန်ရှိတဲ့အကြောင်း ဝန်ခံခဲ့ပါတယ်။ မြို့သူမြို့သားတွေသာ မက အခြားသူတွေကပါ မြို့တော်ဝန်ရဲ့ ဒီလိုတာဝန်ရှိရှိ တုန့်ပြန်တဲ့အပေါ် ချီးကျူးခဲ့ကြပါတယ်။