လန်ဒန်မြို့တော် အကြောင်း သိကောင်းစရာ

Posted on

လန်ဒန်မြို့ဟာ ယူနိုက်တက်ကင်းဒမ်း နဲ့ အင်္ဂလန်တို့ရဲ့ အကြီးဆုံးမြို့တော် နဲ့ လူဦးရေအများဆုံးမြို့လည်း ဖြစ်ပါတယ်။ ဂရိတ်ဗြိတိန်ကျွန်းကြီးရဲ့ အရှေ့တောင်ဘက် သိမ်းမြစ်ကမ်းပေါ်မှာ တည်ရှိနေပါတယ်။

၂၀၁၈ ခုနှစ်စာရင်းအရ လန်ဒန်မြို့ရဲ့ လူဦးရေဟာ ၈.၉သန်းဖြစ်ပြီး မော်စကို နဲ့ အစ္စတန်ဘူလ်တို့ပြီးရင် ဥရောပမှာ လူဦးရေအများဆုံးမြို့လည်းဖြစ်ပါတယ်။

လန်ဒန်မြို့ရဲ့အကျယ်အဝန်းက ၆၀၇ စတုရန်းမိုင်ဖြစ်ပြီး ၁မိုင်ပတ်လည်မှာ လူဦးရေ ၁၄၆၇၀ ခန့် နေထိုင်ကြပါတယ်။ လန်ဒန်မြို့ရဲ့ အမှတ်အသားဖြစ်တဲ့ သိမ်းမြစ်ဟာ မြို့ရဲ့ အရှေ့ဘက်ကနေ အနောက်တောင်ဘက်ကို ဖြတ်သန်းစီးဆင်းလျှက်ရှိပါတယ်။

လန်ဒန်မြို့နေရာဟာ သမိုင်းခေတ်ဦးကာလကတည်းက လူတွေ နေထိုင်ခဲ့ကြောင်း အထောက်အထားတွေ တွေ့ရှိခဲ့ရပါတယ်။ ကြေးခေတ် နဲ့ သံခေတ်က ခေါင်းဆောင်း လက်နက် စတာတွေကို သိမ်းမြစ်ကမ်းတဝိုက်မှာတွေ့ရသလို သစ်သားတံတားတစင်းဖြစ်နိုင်တဲ့ အကြွင်းအကျန်တချို့ဟာလည်း နှစ်ပေါင်း ၃၀၀၀ ခန့် သက်တမ်းရှိနေပြီလို့ သိရပါတယ်။

အေဒီ ၄၃ မှာ ရောမတွေဟာ ဗြိတိန်နယ်မြေကို လာရောက်တိုက်ခိုက်ခဲ့ကြပြီး ယခုလန်ဒန်မြို့နေရာမှာ လန်ဒန်နီယမ် Londinium ဆိုတဲ့ မြို့ကို တည်ထောင်ခဲ့ကြပါတယ်။ အဲဒီတုန်းက မြို့ရဲ့အရွယ်အစားဟာ လန်ဒန်က Hyde ပန်းခြံရဲ့ အကျယ်အဝန်းခန့်သာ ရှိပါသေးတယ်။

အေဒီ ၁ရာစုမှာ ပေါ်ထွန်းခဲ့တဲ့ ရောမသမိုင်းပညာရှင် တက်စီးတပ်စ် ရဲ့စာတွေထဲမှာတော့ လန်ဒန်နီယန်ဟာ ကုန်သွယ်ရာနေရာ တခုဖြစ်ခဲ့တယ်လို့ ရေးသားထားပါတယ်။ တဖြည်းဖြည်းတိုးတက်လာခဲ့တဲ့ လန်ဒန်နီယမ်မြို့ဟာ ရောမတို့ဆုတ်ခွာသွားချိန် အေဒီ ၅ ရာစုခန့်မှာတော့ မြို့ကြီးအဖြစ်ကနေ လျှောကျသွားခဲ့ပြီး နေထိုင်သူနည်းပါးတဲ့ နေရာတခုဖြစ်ခဲ့ပါတယ်။

အေဒီ ၉ ရာစု နော်မန်ခေတ်ကာလမှာတော့ လန်ဒန်ဟာ တဖန်ပြန်လည်ဖွံ့ဖြိုးလာခဲ့ပြီး ဝက်စ်မင်စတာဟာ ခေတ်သစ်နိုင်ငံရေးရဲ့ ဗဟိုဌာန ဖြစ်လာခဲ့ပါတယ်။ ၁၁ ရာစုမှာတော့ လန်ဒန်ဟာ တခြားမြို့အားလုံးကိုကျော်ဖြတ်ပြီး အင်္ဂလန်နိုင်ငံရဲ့ အကြီးဆုံးမြို့ဖြစ်လာခဲ့ပါတယ်။

အေဒီ ၁၆၆၆ ခုနှစ်မှာတော့ လန်ဒန်ဟာ အဆိုးဝါးဆုံးမီးဘေးနဲ့ ကြုံတွေ့ခဲ့ရလို့ မြို့ရဲ့ ၅ပုံ ၄ပုံခန့် ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။ လေးရက်ကြာဆက်တိုက်လောင်ခဲ့တဲ့မီးကြောင့် ဘုရားကျောင်း နဲ့ လူနေအဆောက်အအုံ စုစုပေါင်း ၁၃၀၀၀ ကျော် ပျက်စီးခဲ့ရပါတယ်။

အေဒီ ၁၇၁၄ ကနေ ၁၈၄၀ အတွင်းမှာတော့လန်ဒန်မြို့ဟာ မူလနေထိုင်သူ ၆၃၀,၀၀၀ ဝန်းကျင်ခန့်ရှိရာကနေလူဦးရေတိုးပွားမှု များပြာလာပြီး ၂သန်းဝန်းကျင်အထိ ရှိလာခဲ့ပါတယ်။ အဲဒီအချိန်က ကမ္ဘာပေါ်မှာ အကြီးဆုံး နဲ့ သြဇာအကြီးဆုံးမြို့ဖြစ်ခဲ့ပါတယ်။

ဝိတိုရိယခေတ်မှာလည်း လန်ဒန်ဟာ တစထက် တစ တိုးတက်ဖွံ့ဖြိုးလာခဲ့ပြီး လူဦးရေ ၂ သန်းကနေ ၆ သန်းခွဲခန့်အထိ ရှိလာခဲ့ပါတယ်။

ဒုတိယ ကမ္ဘာစစ်ကာလမှာတော့ လန်ဒန်ဟာ အခြားဥရောပမြို့ကြီးတွေလို စစ်ဘေးဒဏ်ကိုခံရပြီး အဆောက်အအုံများစွာ ပျက်စီးခဲ့ရသလို လန်ဒန်သား ၃၀၀၀၀ ခန့်ဟာလည်း အသက်ဆုံးခဲ့ရပါတယ်။ ဒါကြောင့်လည်း ၁၉၃၉ ခုနှစ်မှာ လန်ဒန်ရဲ့လူဦးရေစစ်တမ်းမှာ ၈.၆ သန်း ခန့်ရှိခဲ့ရာကနေ ၁၉၈၀ ခုနှစ်မှာတော့ ၆.၈သန်းခန့်သာ ရှိတော့ပါတယ်။

လန်ဒန်ဟာ ကမ္ဘာပေါ်မှာ ယဉ်ကျေးမှု အမွေအနှစ်အဆောက်အအုံပေါင်းများစွာကို ပိုင်ဆိုင်ထားတဲ့မြို့ကြီးတမြို့လည်းဖြစ်ပါတယ်။ ရောမခေတ် အဆောက်အအုံအကြွင်းအကျန်တွေအပြင် လွှတ်တော် ၊ နန်းတော် ၊ ရဲတိုက် နဲ့ ဘုရားရှိခိုးကျောင်း လို အဆောက်အအုံကြီးပေါင်းများစွာဟာ လန်ဒန်မှာ ရှိနေပါတယ်။

လန်ဒန်မြို့ရဲ့အထင်ရှားဆုံး အဆောက်အအုံတွေအနက်က တခုကတော့ ဘာကင်ဟမ်နန်းတော် ဖြစ်ပါတယ်။ ဗြိတိန်ရဲ့ ဘုရင် ဘုရင်မ အဆက်ဆက် နန်းစိုက်ခဲ့ရာနေရာဖြစ်ပြီး ကမ္ဘာမှာလည်း ထင်ရှားပါတယ်။ ၇၇၀၀၀ စတုရန်းမီတာ ကျယ်ဝန်းပြီး အခန်းပေါင်း ၇၀၀ကျော် ရှိတဲ့ ဧရာမ အဆောက်အဦးကြီးတခုဖြစ်ပြီး လန်ဒန်မြို့လယ်မှာ တည်ရှိပါတယ်။

နောက်ထပ်နန်းတော် တခုဖြစ်တဲ့ ဝက်စ်မင်စတာနန်းတော်ဟာလည်း ယူနိုက်တက်ကင်းဒမ်း လွှတ်တော် အဆောက်အအုံအဖြစ် ထင်ရှားပါတယ်။ လန်ဒန်ရဲ့ ဗဟို သိမ်းမြစ်ကမ်းပါးပေါ်မှာတည်ရှိပြီး နိုင်ငံရဲ့အကြီးဆုံး နန်းတော် အဆောက်အဦးလည်းဖြစ်ပါတယ်။

အခန်းပေါင်း ၁၀၀၀ ကျော် ပါဝင်တဲ့ဒီအဆောက်အဦးကြီးဟာ သမိုင်းဝင် ကမ္ဘာ့အမွေအနှစ် အဆောက်အအုံအဖြစ်လည်း သတ်မှတ်ခံထားရပါတယ်။

လန်ဒန်မြို့ရဲ့ပုံရိပ်တွေမှာ အမြဲလိုလို ပါလေ့ရှိတဲ့ အရာတခုကတော့ ဘစ်ဘင်နာရီစင်ကြီးဖြစ်ပါတယ်။ ဝက်စ်မင်စတာနန်းတော်ရဲ့မြောက်ဘက်အဆုံးမှာ တည်ရှိနေပါတယ်။

နာရီစင်ကြီးမှာ ခေါင်းလောင်းငါးလုံးရှိတဲ့အနက် အကြီးဆုံးခေါင်းလောင်းက ၁၃တန်ခွဲရှိပါတယ်။ အမြင့်ပေ ၃၁၆ပေ ရှိတဲ့ ဒီမျှော်စင်ကြီးကို လွန်ခဲ့သောနှစ်ပေါင်း ၁၆၀ ကျော်ကတည်းက တည်ဆောက်ခဲ့တာဖြစ်ပြီး ယနေ့တိုင် အချိန်မှန် ပြသနေဆဲဖြစ်ပါတယ်။

သိမ်းမြစ်ကမ်းပေါ်မှာ ရှိနေတဲ့ လန်ဒန်မြို့ရဲ့အထင်ကရ တာဝါတံတားကိုတော့ ၁၈၈၆ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။ အမြင့် ၂၁၃ပေ အလျား ၈၀၁ ပေ ရှိပြီး ကမ္ဘာကသိတဲ့ လန်ဒန်ရဲ့ အမှတ်အသားတခုလည်းဖြစ်ပါတယ်။

စိန်ပေါကာသီဒြယ်ကတော့ လန်ဒန်မြို့ရဲ့ ခရစ်ယာန်ဂိုဏ်းအုပ်ဘုန်းတေ်ာကြီး ကျောင်းထိုင်ရာ အဆောက်အအုံဖြစ်ပါတယ်။ လန်ဒန်ရဲ့အမြင့်ဆုံးနေရာဖြစ်တဲ့ လတ်ဂိတ်ဟေး မှာ တည်ရှိပြီး ၁၆၇၅ နဲ့ ၁၇၁၀ ကြားကာလကတည်းက တည်ဆောက်ခဲ့တာဖြစ်ပါတယ်။

ဒီအဆောက်အဦးကြီးဟာ ဗြိတိန်ဗိသုကာ အကျော်အမော် Sir Christopher Wren ရဲ့ အကောင်းဆုံးလက်ရာတခုအဖြစ်လည်း ကျော်ကြားပါတယ်။

မူလက စိန့်ပီတာဘုရားကျောင်းလို့ ခေါ်ခဲ့တဲ့ ဝက်စ်မင်စတာ အက်ဗေး ဘုရားကျောင်းဟာလည်း ထင်ရှားပါတယ်။ ဒီဘုရားကျောင်းကတော့ အင်္ဂလန်သမိုင်းနဲ့ ဆက်စပ်နေပြီး အင်္ဂလန်ပြည့်ရှင်ဘုရင်တွေဟာ ဒီကျောင်းကြီးမှာ ဘိသိတ်ခံခဲ့ကြပါတယ်။

ပါလီမန်အဆောက်အအုံရဲ့ အနောက်ဘက်ကပ်လျက်မှာ တည်ရှိပြီး ဘုရင် ၊ ဘုန်းတော်ကြီးများအပါအဝင် လူပေါင်း ၃၀၀၀ ကျော်ကို မြုပ်နှံ့ထားရာ သင်္ချိုင်းတခု ဆိုရင်လည်း မမှားပါဘူး။

လန်ဒန်ရဲ့ လူအစည်ဆုံးနေရာ ၂ခုကတော့ Piccadilly Circus လမ်း ဆုံ နဲ့ Trafalgar ရင်ပြင်တွေဖြစ်ပါတယ်။

လန်ဒန်မြို့ရဲ့အလယ်မှာ တည်ရှိတဲ့ Hyde ပန်းခြံကြီးဟာလည်း ကမ္ဘာမှာပါ ထင်ရှားပါတယ်။ ၁၆ ရာစု အဌမမြောက်ဟင်နရီဘုရင်လက်ထက်ကတည်းက စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ၃၅၀ ဧကခန့်ကျယ်ဝန်းပါတယ်။ ရေကန်ကြီးတကန်နဲ့အတူ သစ်ပင်ပေါင်း ၄၀၀၀ ကျော် ရှိကာ ပန်းမန်တွေကိုလည်း စုံလင်စွာစိုက်ပျိုးထားပါတယ်။

ချားရဟတ် အကြီးစားကြီးဖြစ်တဲ့ London Eye ဟာလည်း သိမ်းမြစ်ကမ်းဘေးမှာပဲ တည်ရှိနေပါတယ်။ အမြင့်ပေ ၄၄၃ပေ မြင့်ပြီး ဥရောပရဲ့ အမြင့်ဆုံး ချားရဟတ်လည်း ဖြစ်ပါတယ်။

တခုလျှင်လူပေါင်း ၂၅ယောက်စီးနင်းနိုင်တဲ့ ရဟတ်အိမ် ၃၂ ခု ပါရှိပါတယ်။ ဒီချားရဟတ်ပေါ်ကနေ လန်ဒန်တမြို့လုံးရှု့ခင်းတွေကို ကြည့်ရှု့နိုင်ပြီး နှစ်စဉ် လာရောက်လည်ပတ်သူ ၃သန်းခန့် ရှိပါတယ်။

လန်ဒန်ရဲ့ အမှတ်အသားဖြစ်တဲ့ အနီရောင်နှစ်ထပ် ဘတ်စ်ကားကြီးတွေကိုလည်း ဥဒဟို တွေ့ရမှာဖြစ်ပါတယ်။ လမ်းကြောင်းပေါင် ၇၀၀ ကျော်ကို ဘတ်စ်ကားစီးရေ ၈၆၀၀ ခန့်နဲ့ပြေးဆွဲနေပြီး ဘတ်စ်ကားဂိတ်ပေါင်းက ၁၉၀၀၀ ခန့် ရှိနေပါတယ်။

လန်ဒန်မြေအောက်ရထားဟာ ကမ္ဘာပေါ်မှာ အစောဆုံးဖြစ်ပြီး ၁၈၆၃ ခုနှစ်ကတည်းက စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ ယနေ့အချိန်မှာတော့ ရထားလိုင်းပေါင်း ၁၁ လိုင်းနဲ့နေ့စဉ် ခရီးသည်ပေါင်း ၃.၇သန်းခန့်ကို သယ်ယူပို့ဆောင်ပေးနေပါတယ်။

၂၀၁၈ ခုနှစ်က လန်ဒန်မြို့ကို လာရောက်လည်ပတ်သူ ၁၉ သန်းကျော် ရှိခဲ့ပြီး ဟောင်ကောင် နဲ့ ဘန်ကောက်ပြီးရင် ကမ္ဘာလှည့်ခရီးသွားလာရောက်လည်ပတ်မှု တတိယ အများဆုံး မြို့ဖြစ်ခဲ့ပါတယ်။

ကမ္ဘာပေါ်က စိမ်းလန်းစိုပြေမှု အရှိဆုံး မြို့တွေထဲမှာ လန်ဒန်မြို့ဟာလည်း တမြို့အပါအဝင်ဖြစ်ပါတယ်။ မြို့ဧရိယာစုစုပေါင်းရဲ့ ၄၀% ဟာ သစ်ပင် ပန်းခြံ နယ်မြေတွေနဲ့ ဖုံးအုပ်ထားပါတယ်။

၁၉၅၂ ခုနှစ် ဒီဇင်ဘာလက Great Smog လို့ ခေါ်တဲ့ ငါးရက်ကြာ လေထုညစ်ညမ်းမှု နဲ့ ကြုံတွေ့ခဲ့ရပြီး လန်ဒန်မြို့မှာနေထိုင်သူပေါင်း တသောင်းဝန်းကျင်ခန့် ဆုံးရှုံးခဲ့ရပြီး ၁၅၀၀၀၀ ခန့်က ဆေးရုံတက်ရောက်ကုသ ရတဲ့ အခြေအနေ ရောက်ခဲ့ရပါတယ်။

လန်ဒန်ဟာ ကမ္ဘာ့ဦးဆောင်ဦးရွက် မြို့ပြတစ်ခု ဖြစ်ပြီး အနုပညာ၊ စီးပွားရေး၊ ပညာရေး၊ ဖျော်ဖြေရေး၊ ဖက်ရှင်၊ ဘဏ္ဍာရေး၊ ကျန်းမာရေး စောင့်ရှောက်မှု၊ မီဒီယာ၊ ပရော်ဖက်ရှင်နယ် ဝန်ဆောင်မှုများ၊ သုတေသန လုပ်ငန်းများ၊ ခရီးသွား လုပ်ငန်းများ နှင့် ပို့ဆောင်ရေး လုပ်ငန်းများ အားလုံးမှာလည်း ထင်ရှားပါတယ်။

နယူးယောက်မြို့ နှင့်အပြိုင် ကမ္ဘာ့အကြီးဆုံး ငွေကြေးဌာန တစ်ခု ဖြစ်ပြီးဥရောပရှိ အကြီးဆုံး ကုမ္ပဏီ အခု ၅၀၀ မှ အခု ၁၀၀ ကျော်တို့၏ ဌာနချုပ် ရှိရာ မြို့လည်း ဖြစ်ပါတယ်။ ဥရောပတွင် မြို့တစ်ခုချင်း အနေနှင့် ဂျီဒီပီ အမြင့်ဆုံးလည်း ဖြစ်ပြီး ၂၀၁၈ ခုနှစ် စာရင်းအရ လန်ဒန်မြို့မှာ နေထိုင်သူ တဦးချင်းစီရဲ့နှစ်စဉ် ပျမ်းမျှဝင်ငွေဟာ အမေရိကန်ဒေါ်လာ ၇၂,၉၅၅ ဖြစ်ပါတယ်။

လန်ဒန် ဟိသ်ရိုး လေဆိပ် သည် ကမ္ဘာပေါ်တွင် နိုင်ငံတကာ ခရီးသည် အနေနှင့် ကြည့်လျှင် အလုပ်အများဆုံး လေဆိပ်တခုဖြစ်ပြီး ၂၀၂၀ ခုနှစ်မှာ ခရီးသွား ၂၂သန်းကျော်ကို ဝန်ဆောင်မှုပေးခဲ့ပါတယ်။ လန်ဒန်မြို့မှာ ဟိသ်ရိုး လေဆိပ် အပြင် အဓိက လေဆိပ်ပေါင်း ၆ ခု ရှိနေပါတယ်။

လန်ဒန်ရှိ တက္ကသိုလ် ၄၃ ခု ပေါင်း၍ ဥရောပတွင် အဆင့်မြင့် ပညာရေးအတွက် တစ်နေရာတည်း အများဆုံး တစုတစည်းတည်း ရှိနေရာ ဒေသ အဖြစ်လည်း ရှိနေပါတယ်။ လန်ဒန်မှာ ရှိတဲ့ Imperial College London နဲ့ University College London (UCL) တို့ဟာ ကမ္ဘာ့အကောင်းဆုံးတက္ကသိုလ် ၁၀ ခုထဲမှာ ပါဝင်ပါတယ်။

ဘောလုံးအားကစားဟာ လန်ဒန်မြို့ရဲ့ လူကြိုက်အများဆုံးကစားနည်းဖြစ်သလို လက်ရှိပရီးမီးယားလိဂ်ကလပ်အသင်း ၆ သင်း ဟာ လန်ဒန်မှာ အခြေစိုက်လျှက်ရှိပါတယ်။ ဒီအသင်းတွေကတော့ အာဆင်နယ် ၊ ချယ်လ်ဆီး ၊ စပါး ၊ ဝက်ဟမ်း ၊ ခရစ်စတယ်ပဲလေ့ နဲ့ Brentford တို့ပဲ ဖြစ်ပါတယ်။