လင်းပိုင်တွေဟာဆိုရင် ရေနေနို့တိုက်သတ္တဝါတွေထဲမှာတော့ အလှဆုံးတွေပဲဖြစ်ပါတယ်။ဝေလငါးတို့နှင့် မျိုးစိတ်ခြင်းဆက်နွယ်နေပြီး စုစုပေါင်း မျိုးစိတ် ၄၀ ခန့်နှင့် မျိုးစု ၁၇ ခုခန့် ရှိပါတယ်။
အများစုကတော့ ပင်လယ်ထဲမှာနေထိုင်ကြပြီး ကမ္ဘာအရပ်ရပ်က သမုဒ္ဒရာတွေထဲမှာမြင်တွေ့နိုင်ပါတယ်။ သူတို့တွေထဲက အနည်းငယ်ကိုသာ အာရှ နဲ့ တောင်အမေရိကရဲ့ ရေချိုဒေသတွေမှာမြင်တွေနိုင်မှာပါ။
လင်းပိုင်တွေရဲ့ စိတ်ဝင်စားဖွယ်အချက်တွေကတော့
သူတို့ရဲ့အရွယ်အစားဟာဆိုရင် ၄ပေကနေ ပေ၃၀အထိရှိပြီး အလေးချိန်အနေနဲ့ ပေါင် ၉၀ နဲ့ ၁၁တန်ကြားမှာရှိပါတယ်။ Maui’s ဆိုတဲ့ လင်းပိုင်မျိုးစိတ်က အသေးဆုံးဖြစ်ပြီး orca ဆိုတဲ့မျိုးစိတ်ကတော့ အကြီးဆုံးအမျိုးအစားဖြစ်ပါတယ်။ (Orca ဟာ Killer whale တဖြစ်လဲ လူသိများတဲ့ လင်းပိုင်မျိုးနွယ်ဝင်ဖြစ်ပါတယ်)
သူတို့ဟာ အသားစား သတ္တဝါများ ဖြစ်ကြပြီး ငါး နှင့် ပြည်ကြီးငါးတို့ကို စားလေ့ ရှိကြပါတယ်။ ဒယ်ဖီနီဒေး (Delphinidae ) မိသားစုသည် Cetacean မျိုးစိတ်တွင် အကြီးမားဆုံးဖြစ်ပြီး လွန်ခဲ့သော နှစ်ပေါင်း ဆယ်သန်းခန့်ကမှ စတင်ပေါ်ပေါက်ခဲ့တယ်လို့ သိရပါတယ်။
သူတို့မှာ သွားပေါင်း အချောင်း ၁၀၀ရှိပါတယ်။ သွားတွေအများကြီးရှိနေပေမယ့်လည်း သူတို့ရဲ့သားကောင်ကိုဘယ်တော့မှဝါးစားလေ့မရှိပါဘူးတဲ့။ တစ်လုတ်ထဲနဲ့မျိုချပစ်လိုက်ကြပါတယ်။
သူတို့တွေအစာရှာတဲ့အခါမှာ echolocation လို့ခေါ်တဲ့ ပဲ့တင်သံကိုအသုံးပြုပြီး သားကောင်ကိုဖမ်းလေ့ရှိပါတယ်။ အရင်ဆုံး သူတို့ရဲ့ အသံကိုရေထဲကနေဖြတ်ပြီး သူတို့ရဲ့ရှေ့မှာရှိတဲ့ သားကောင်ဆီသက်ရောက်စေပါတယ်။ အဲ့ဒီအသံဟာ ပဲ့တင်သံအဖြစ်ပြန်လာပါတယ်။ သူတို့တွေဟာ သားကောင်တွေရဲ့ ပုံစံနဲ့အရွယ်အစားကိုခွဲခြားနိုင်ပြီး ၎င်းတို့ရဲ့ အမြန်နှုန်းနဲ့ တည်နေရာကိုပါ echolocation ကိုသုံးပြီးသိနိုင်ပါသေးတယ်။
Echolocation အပြင် လေချွန်ခြင်း၊ တအိအိအော်ခြင်းတို့ကိုလုပ်ဆောင်နိုင်ကြပြီး တစ်ကောင်နဲ့ တစ်ကောင်ဆက်သွယ်တတ်ကြပါတယ်။ သူတို့တွေဟာ အုပ်စုဖွဲ့နေလေ့ရှိကြပြီး အဲ့ဒီ လင်းပိုင်အုပ်စုကို podsလို့ခေါ်ဝေါ်ကြပါတယ်။ လင်းပိုင်တွေဟာ ဖော်ရွေကြပြီး ကစားလည်းမက်ကြပါသေးတယ်။ အခြားသောမျိုးစိတ်အဖွဲ့ တွေနဲ့လည်းမကြာခဏ ကစားလေ့ရှိကြပြီး တစ်ခါတစ်ခါဆိုရင် ပင်လယ်ရေမှော်ပင်တွေတောင်မချန် ဆော့ကစားတတ်ကြတယ်လိုဆိုပါတယ်။
သူတို့လေးတွေဟာ လွတ်လွတ်လပ်လပ်သွားလာကစားလေ့ရှိတာအပြင် အရမ်းကို အကြင်နာမေတ္တာကြီးမားတတ်ကြပါသေးတယ်။ ဒါဏ်ရာရနေတဲ့လင်းပိုင်တွေ အသက်ကြီးနေတဲ့ လင်းပိုင်အိုတွေကိုလည်း အချင်းချင်း စောင့်ရှောက်တတ်ကြပါတယ်တဲ့။
သူတို့တွေ လေရှူတဲ့အခါ ခေါင်းပေါ်မှာရှိတဲ့အပေါက်ကနေရှူကြတာပါ။ တချို့အကောင်တွေဆိုရင် ရေအောက်မှာ စက္ကန့် ၂၀ထက်ပိုပြီး မနေနိုင်ကြပါဘူး။ ဒါပေမယ့် တချို့ကြတော့လည်း မိနစ် ၃၀အထိကို ရေငုပ်နိုင်ကြပြီး လေမရှူပဲနေနိုင်ကြပါတယ်။
သူတို့တွေဟာ ကောင်းကောင်းလည်းအိပ်မပျော်တတ်ကြပါဘူး။ဘာလို့လဲဆို အိပ်နေတဲ့အချိန်မှာသူတို့ ဦးနှောက်ရဲ့တစ်ဝက်ကသာအိပ်ပျော်နေပြီး ကျန်တစ်ဝက်က အသက်ရှူဖို့အတွက် အသုံးပြုနေရတာကြောင့်ပါ။
အနားယူတဲ့အခါ ပင်လယ်ရဲ့မျက်နှာပြင်နဲ့ နီးနီးမှာ ကူးခတ်ပြီး အနားယူလေ့ရှိကြပါတယ်။ သူတို့ အရမ်းတက်ကြွနေတဲ့အချိန်တွေမှာဆိုရင်တော့ ရေအောက် ပေ၁၀၀၀လောက်ထိကို ငုပ်နိုင်ကြပါတယ်။
၁နာရီမှာ ၂၅မိုင်နှုန်းလောက်အထိ ကူးခတ်နိုင်ကြပြီး အမြင့်ပေ ၂၀လောက်အထိကို ခုန်နိုင်စွမ်းရှိပါတယ်။ လင်းပိုင်တွေကို နိုင်ငံအရပ်ရပ်က ငါးပြတိုက်တွေတိုင်းလိုလိုတွေ့ရနိုင်ပြီး သူတို့ရဲ့ ကြီးမားတဲ့ဦးနှောက်တွေကြောင့် သင်ယူနိုင်စွမ်းမြင့်မားပါတယ်။
လင်းပိုင် အထီး အမ ကလေး စတဲ့ နာမည်တွေရဲ့ အခေါ်အဝေါ်ဟာ နွားတွေရဲ့အခေါ်အဝေါ်နဲ့ သွားတူပါတယ်။ ဘာလို့လဲဆိုတော့ လင်းပိုင်အထီးကို Bull ၊ လင်းပိုင်အမကို Cow နဲ့ လင်းပိုင်ကလေးကို Calf လို့ခေါ်ကြတဲ့အတွက်ပါ။
သူတို့ရဲ့ကိုယ်ဝန်ဆောင်ချိန်ဟာဆိုရင် ၁၁လ ကနေ့ ၁၇လအထိကြာနိုင်ပါတယ်။ မွေးဖွားတဲ့အခါအမြှီးကနေအရင်မွေးလေ့ရှိကြပါတယ်။ နို့တိုက်သတ္တဝါတွေထဲမှာဆိုရင် လင်းပိုင်တွေပဲ အမြှီးကနေအရင်မွေးကြတာပါ။ ဒါကတော့ အခြားနို့တိုက်သတ္တဝါတွေနဲ့ ကွဲပြားနေတဲ့အချက်တစ်ခုပဲဖြစ်ပါတယ်။
လင်းပိုင်အမတွေဟာ တစ်ကြိမ်လျှင် သားတစ်ကောင်သာမွေး၍ သားကလေး မကြီးမခြင်း အထူးဂရုပြုကာ အမြဲစောင့်ရှောက်နေတတ်ကြပါတယ်။
လင်းပိုင်လေးတွေဟာ မွေးကင်းစအရွယ်ကနေ ၂နှစ်၊၃နှစ်လောက်အထိ အမေလင်းပိုင်နဲ့အတူနေလေ့ရှိပါတယ်။ ပုံမှန်အားဖြင့် လင်းပိုင်တွေရဲ့သက်တမ်းဟာ ၁၇နှစ်ဝန်းကျင်လောက်ပဲရှိပါတယ်။ အခြားမျိုးစိတ်တွေဆိုရင် နှစ်ပေါင်း ၅၀လောက်အထိကို နေထိုင်နိုင်ကြပါတယ်။
လင်းပိုင်၏ ထူးခြားသည့် ကိုယ်အင်္ဂါ အစိတ်အပိုင်းတစ်ခုမှာ ယင်း၏အမြီးဖြစ်ပြီး အခြားသောငါးများကဲ့သို့ ထောင်ပြားမနေဘဲ အလှဲလိုက် ပြားလျက်ရှိနေပါတယ်။ ရှေးရွက်သင်္ဘောများခေတ်က လင်းပိုင်သားကို သင်္ဘောသားများ အလွန်နှစ်သက်ကြသော်လည်း ယခုအခါ လင်းပိုင်သားကို မစားကြတော့ပါဘူး။
လင်းပိုင်ဆီဟာ အလွန်အဖိုးတန်သော အဆီဖြစ်ပါတယ်။လင်းပိုင်ဦးခေါင်းနှင့် မေးရိုးမှရသော ဆီကို နာရီနှင့် တိကျသောကိရိယာများ ဆီထည့်ရာတွင် အသုံးပြုကြပါတယ်။
လင်းပိုင်တွေတော်တော်များများဟာ စီးပွားဖြစ်ဖမ်းဆီးခြင်း၊ မတော်တဆဖမ်းမိခြင်း (တခြားငါးတွေဖမ်းရင်းနဲ့ပါလာ) နဲ့ ကမ္ဘာကြီးပူနွေးလာမှုရဲ့အကျိုးဆက်ဖြစ်တဲ့ အစာရေစာတွေရှားပါးလျော့နည်းမှုတို့ကြောင့် တဖြည်းဖြည်းလျော့နည်းလာနေပြီပဲဖြစ်ပါတယ်။ အထက်ပါအချက်တွေကြောင့် မကြာတော့တဲ့အနာဂါတ်မှာ လင်းပိုင်တော်တော်များများဟာ မျိုးတုန်းပျောက်ကွယ်သွားနိုင်ပါတယ်။
သုတဇုန်