“ကျွန်တော်အိမ်ထောင်ပြုလိုက်တယ်ဆိုတဲ့ သတင်းကလွဲလို့ အခြားသတင်းထူးမရှိပါဘူး။ အဲဒါကလဲ ကျွန်တော့အတွက်တော့ အလွန့်အလွန်ကို အံသြဖွယ်ကောင်းတဲ့ကိစ္စ လို့ ဆိုရမှာပါ”
ဒါကတော့ အလုပ်ကိစ္စနဲ့ ပတ်သတ်တဲ့စာတစ်စောင် အဆုံးမှာ အိမ်ထောင်ရေးနဲ့ ပတ်သတ်လို့ လင်ကွန်းရေးခဲ့တဲ့ စာလေးပါ။ ချီကာဂိုသမိုင်းသုတေသီ အသင်းက ထိန်းသိမ်းထားတဲ့ စာလေးပေါ့။ လင်ကွန်းဟာ အိမ်ထောင်ရေးနဲ့ ပတ်သတ်လို့ ဆိုးဆိုးဝါးဝါးကြုံတွေ့ရပေမယ့် ဘယ်တော့မှ စာထဲမှာထည့်ရေးလေ့မရှိပါဘူး။
လင်ကွန်းနဲ့ နှစ်ပေါင်း ၂၀နီးပါးတွဲဖက်လုပ်ကိုင်ခဲ့တဲ့မိတ်ဆွေဖြစ်သူ ဟာဒန်ကလည်း “ကျွန်တော်တို့တွဲလုပ်ခဲ့တဲ့ နှစ်ပေါင်း၂၀အတွင်းမှာ သူဟာ တစ်စက်ကလေးမှ စိတ်ချမ်းသာပျော်ရွှင်ရတဲ့ နေရက်ရယ်လို့ မတွေ့ဖူးပါဘူး။” လို့ ဆိုပါတယ်။
လင်ကွန်းအထ္ထုပတ္တိကို ၃နှစ်ကြာ ပြုစုခဲ့တဲ့ ဒေးလ်ကာနယ်ဂျီကလည်း “လင်ကွန်းရဲ့ဘဝမှာ အကြီးမားဆုံးဒုက္ခ ၊ ကြေကွဲဖွယ်အဖြစ်ဆိုးကတော့ သူ့ရဲ့အိမ်ထောင်ရေးပါပဲ”
လို့ကောက်ချက်ချခဲ့ပြန်ပါတယ်။
လင်ကွန်း နဲ့ မေရီတော့ဒ်တို့ စေ့စပ်ကြောင်းလမ်းပြီးလို့ မကြာခင်မှာပဲ သူတို့နှစ်ယောက်ဟာ အရာရာမှာ လုံးဝဆန့်ကျင်ဘက်တွေဖြစ်နေတယ်။ ဝါသနာ ၊ အကျင့်စရိုက် ၊ အလေ့အကျင့် ၊ အလိုဆန္ဒတွေဟာလည်း ဆန့်ကျင်ဘက် ပြဒါးတစ်လမ်း သံတစ်လမ်းပေါ့။
လင်ကွန်းအနေနဲ့က တစ်သက်တာလုံးမှာ တစ်နှစ်ပြည့်အောင် ကျောင်းမနေဖူးတဲ့သူ။ မေရီတော့ဒ်ကတော့ ပြည်နယ်ရဲ့အတော်ဆုံးသူတွေထဲမှာ ထိပ်ဆုံးကတစ်ယောက်၊ စစ်ဗိုလ်ချုပ်တွေ ၊ ဘုရင်ခံတွေ ၊ သူဌေးကြီးတွေ အသိုင်းအဝိုင်းထဲကလူ ။ လင်ကွန်း ဘယ်လောက်ဆင်းရဲသလဲ ဆိုတာကတော့ အားလုံးသိပြီးတဲ့အတိုင်းပါ။ စာအုပ်မဝယ်နိုင်လို့ ငှားဖတ်ဖို့ မိုင်ပေါင်းများစွာကို လမ်းလျှောက်ခဲ့ရသူပါ။
မေရီတော့ဒ်က အဝတ်အစား ၊ ပွဲလမ်းသဘင် အရမ်းနှစ်သက်တယ်၊ လင်ကွန်းကတော့ ရိုးတယ် အေးတယ် ပကာသနတွေကို စိတ်မဝင်စားဘူး။ သူ့ကိုယ်သူတောင် ဂရုမစိုက်တတ်တဲ့သူ။ စားသောက်တဲ့အခါမှာလည်း မေရီတော့ဒ်က လင်ကွန်းကိုသင်ပေးခဲ့ရတယ်။
ဆင်းဆင်းရဲရဲကြီးပြင်းခဲ့တဲ့ လင်ကွန်းက ဒါတွေကို နားမလည်ခဲ့ဘူးလေ။ မေရီတော့ဒ်က မာနကြီးတယ် ၊ လင်ကွန်းက နှိမ်ချတယ် ၊ ဘယ်သူမဆိုတန်းတူသဘောထားဆက်ဆံတယ်။ ဒီလိုမတူညီမှုတွေကြောင့်လည်း လင်ကွန်းက လက်မထပ်တော့ဖို့အတွက် သူမထံစာရေးပြီး သူငယ်ချင်း စပိဒ်ကိုပေးခိုင်းခဲ့တယ်။ စပိဒ်က စာကိုဆုတ်ဖြဲပြီး လင်ကွန်းကို မေရီတော့ဒ်ထံ သွားတွေ့ခိုင်းခဲ့တယ်။
လင်ကွန်း မေရီတော့ဒ်ကို သွားတွေ့ပြီး လက်ထပ်ဖို့မဖြစ်နိုင်တော့ဘူးပြောတော့ မေရီတော့ဒ်ဟာ ရှိုက်ကြီးတငင်နဲ့ ငိုတယ်။ ဒီလိုဆိုတော့လည်း လင်ကွန်းအသည်းက မမာ၊ ပွေ့ဖက်မွှေးကြူရင်းနဲ့ ဖြေသိမ့်စကားဆိုခဲ့တယ်။ မေရီတော့ဒ်ဟာ လင်ကွန်းကို ချစ်တော့ချစ်ပေမယ့် အပြုအမှုတွေကတော့ ဆန့်ကျင်ဘက်တွေ။ လက်ထပ်မယ့်နေ့ရောက်တော့ လင်ကွန်းပေါ်မလာခဲ့ဘူး။
ဒီအကြောင်းကို မေရီတော့ဒ်ဘက်ကလူတွေက လင်ကွန်းရူးသွားပြီလို့ ပြောကြပေမယ့် ယောင်္ကျားလောင်းဖြစ်သူကို ဒီလိုပြောတဲ့အပေါ် မေရီတော့ဒ်က အရေးတောင်မစိုက်ခဲ့ပါဘူး။ တကယ်တော့ လင်ကွန်းဟာ လူရောစိတ်ပါ နေမကောင်းဖြစ်နေတာပါ။
သူငယ်ချင်းတွေကိုတော့ သူ့ကိုယ်သူ သတ်သေချင်တယ် လို့ ပြောခဲ့တာကြောင့် သူငယ်ချင်းတွေက လင်ကွန်းရဲ့ဓားကိုယူထားခဲ့ရတယ်။ သူ စိတ်ဆင်းရဲရတဲ့အကြောင်း နဲ့ ပတ်သတ်လို့ လင်ကွန်းရေးခဲ့တဲ့ စာတစ်စောင်မှာ ဒီလိုရေးခဲ့ပါတယ်။
“အခု အချိန်မှာ ကျွန်တော်ဟာ အသက်ရှင်နေတဲ့ လူသားတွေထဲမှာ စိတ်အဆင်းရဲဆုံးလူပါ ၊ ကျွန်တော့်ဆီက စိတ်ဆင်းရဲမှုတွေကို အခြားသူတွေဆီ အညီအမျှခွဲပေးမယ်ဆိုရင် စိတ်ချမ်းသာတဲ့ လူဆိုလို့ ရှိတော့မှာတောင် မဟုတ်ဘူး။ အခြေအနေတွေဒီထက် ကောင်းလာစရာမရှိတော့ဘူးဆိုတာ ကျွန်တော်သိတယ်။ ဒီအတိုင်း ဒီလိုပဲ ဆက်နေဖို့ဆိုတာကလဲ မဖြစ်နိုင်ဘူးပေါ့။ ကျွန်တော်သေလိုက်တာကမှ ပိုကောင်းဦးမယ် ထင်ပါတယ်”
အဲဒီနောက်တော့ လင်ကွန်းဟာ ၂နှစ်ကြာအောင် မေရီတော့ဒ်နဲ့ အဆက်အသွယ်မလုပ်ပဲနေခဲ့တယ်။ ဒါပေမယ့် အောင်သွယ်နဲ့ မေရီတော့ဒ်တို့က လင်ကွန်းဟာ မေရီတော့ဒ်ကိုလက်ထပ်ဖို့ တာဝန်ရှိတယ်လို့ အတန်တန်ပြောဆို တိုက်တွန်းကြတဲ့အတွက် နောက်ဆုံးမှာတော့ မေရီတော့ဒ်ကို လက်ထပ်ခဲ့ပါတယ်။ လင်ကွန်းတို့ လင်မယားလက်ထပ်ခါစ က အခြေအနေတစ်ခုကို အသိတစ်ယောက်က ပြောပြခဲ့ပါတယ်။
“အဲဒီနေ့ နံနက်ပိုင်းက လင်ကွန်းတို့လင်မယားဟာ အခြားဧည့်သည်တွေနဲ့ အတူ မနက်စာစားနေကြတုန်း လင်ကွန်းက တစ်ခုခုပြောလိုက်တယ် ၊ ဘာပြောလိုက်လဲဆိုတာ မသိပေမယ့် မေရီတော့ဒ် စိတ်ဆိုးသွားပြီး လင်ကွန်းရဲ့မျက်နှာကို သူစိမ်းဧည့်သည်တွေရှေ့မှာ သောက်နေတဲ့ကော်ဖီနဲ့ ပက်ပစ်လိုက်တယ်။ ဘယ်လောက်စိတ်ဆိုးစရာမြင်ကွင်းလဲ ။ လင်ကွန်းကတော့ ဘာမှမတုံ့ပြန်ခဲ့ဘူး။ မနေနိုင်တဲ့ တည်းခိုခန်းပိုင်ရှင်က အဝတ်ယူပြီး လင်ကွန်းကို သုတ်ပေးခဲ့ရတယ်”
မေရီတော့ဒ်က သမ္မတကြီးလင်ကွန်းအား ဘာမှ ဂျီတိုက်စရာမရှိလျှင် “ရှင်ဟာ… နားရွက်ကလည်း ကြီးနေသေးရဲ့၊ နှာခေါင်းကလည်း ကောက်၊ အောက်နှုတ်ခမ်းကြီးကလည်း တွဲကျပြီး ကိုယ်လုံးကိုယ်ပေါက်ဟာ ရှူနာရှိုက်ကုန်းသည်နဲ့ တူတယ်။ လက်တွေ၊ ခြေတွေက သိပ်ကြီးပြီး ခေါင်းကလည်း သိပ်သေးတာပဲ” စသည့် စကားများဖြင့် ဂျီတိုက်နေတတ်ပြန်ပါတယ်။
အစဉ်သဖြင့် ကျယ်လောင်သောအသံဖြင့် ဒေါသတကြီး အမြဲတမ်း ကြိမ်းမောင်းနေတတ်တယ်။ မစ္စက်လင်ကွန်းသည် ဒေါသထွက်လာပါက အော်ဟစ်ဆူပူရုံသာမက မကြာခဏ ကိုယ်ထိလက်ရောက် ကျူးလွန်တတ်ပါတယ်။ ဒါကြောင့်လည်း လင်ကွန်းသည် ရှေ့နေလိုက်ရာမှာ တစ်နှစ်တွင် ခြောက်လလောက် အိမ်သို့ပြန်မလာဘဲ ဟိုတယ်များတွင် ဖြစ်သလိုတည်းကာ နေခဲ့တာပဲဖြစ်ပါတယ်။
မေရီတော့ဒ်ဟာ လင်ကွန်းအပေါ်မှာ ဆိုးဆိုးဝါးဝါးပြုမှုခဲ့တာတွေ ၊ အမြဲစိတ်ဒုက္ခပေးခဲ့တာတွေဟာ သူတို့လင်မယားသက်တမ်းတစ်လျှောက်မှာ အကြိမ်ပေါင်းများစွာ ဖြစ်ခဲ့ဖူးပါတယ်။ လင်ကွန်းကတော့ အံ့ဖွယ်လူသားအလား သည်းခံနိုင်ခဲ့ပါတယ်။ ဒီအတွက်လည်း သူ့ရဲ့မိန်းမဖြစ်သူကို အရမ်းဆိုးတဲ့သူလို့ ပြောဖို့ ဆန္ဒမစောပါနဲ့ဦး။
မေရီတော့ဒ်ဟာ စောစောပိုင်းတည်းက စိတ်သိပ်မှန်ပုံမရတော့ပါဘူး။ ဘာလို့လဲဆိုတော့ နောက်ပိုင်းမှာ သူမဟာ သွက်သွက်ခါအောင် ရူးသွားလို့ပါပဲ။ အစကတည်းက သူမရဲ့ စိတ်တွေဟာ ဖောက်ပြန်ပြီး ရူးသွပ်တော့မယ့်ဆဲဆဲဖြစ်နေခဲ့ပါတယ်။
လင်ကွန်းအကြောင်း ကျွန်တော်သိသမျှအကြောင်းတွေထဲက အလေးစားဆုံး နှစ်လိုဖွယ်အကောင်းဆုံးအချက်ကတော့ လင်ကွန်းဟာ တစ်စက်ကလေးမှ မသာယာတဲ့ အိမ်ထောင်ရေးကို နှစ်ပေါင်း ၂၃နှစ်ကြာအောင် သည်းခံခဲ့တာပါပဲ။ ဒီလို စိတ်ချမ်းမသာတဲ့အခြေအနေမှာ တစ်သက်လုံးနေခဲ့တဲ့သူဟာ သမိုင်းတွင်တဲ့လူတစ်ယောက် ဖြစ်အောင်စွမ်းဆောင်နိုင်ခဲ့ပါသေးတယ်။
ဇနီးနဲ့ပတ်သတ်လို့ နာကျည်းခက်ထန်မှုတွေမရှိဘူး။ အာဃာဏတွေ အမျက်ဒေါသတွေ မထားခဲ့ဘူး။ အဲဒီအကြောင်းတွေကို ဘယ်သူ့မှကို တစ်ခွန်းတစ်လေတောင် ဖွင့်မဟခဲ့ဘူး။
(အခုလိုသိခဲ့ရတာကလည်း နီးစပ်တဲ့ အသိုင်းအဝိုင်းတွေဆီက အဖြစ်အပျက်တွေကို စုစည်းလေ့လာပြီးမှ သိခဲ့ရတာပါ)။ ကြီးမြတ်လှတဲ့ သည်းခံမှုတွေ ခွင့်လွှတ်မှုတွေနဲ့ ဇနီးဖြစ်သူရဲ့ ချစ်ဒုက္ခတွေကို နှစ်ပေါင်းများစွာ ခံစားသွားရှာခဲ့ရတယ်။)
ဒေးကာနယ်ဂျီရဲ့ စာအုပ်ကို ဆရာ မောင်သိန်းလွင်ဘာသာပြန်ထားတဲ့ မကျော်ကြားသောဖြစ်ရပ်များ စာအုပ်မှ