ရေးသားသူ – ဗန်းမော်သိန်းဖေ
သင့်မှာ ကံဆိုးတဲ့ အဖြစ်မျိုးနဲ့ ကြုံတွေ့နေရလို စိတ်ဆင်းရဲနေရင် ဒါလေး ဖတ်ကြည့်လိုက်ပါ။ သင့်ထက် အများကြီး ကံဆိုးခဲ့သူအကြောင်းပါ။ တကယ့်အဖြစ်အပျက်ပါ။
၂၀၀၀ ခုနှစ် စက်တက်တင်ဘာလ ၂၅ ရက်နေ့မှာ ဖိလစ်ပိုင်နိုင်ငံ Zamboanga ဇမ်ဘူအန်ဂါမြို့က အသက် ၁၁ နှစ်အရွယ် ကောင်မလေး Maricel Apatan မာရီစဲလ်အပါတန်ဟာ သူ့အဖေ မြို့ပြင်မှာ လမ်းလျှောက်ပြီး ရေသွားခပ်တာကို အတူလိုက်ပါသွားတယ်။ လမ်းမှာ ဓါးရှည်တွေကိုင်ထားတဲ့ လူ ၄ ယောက်က သူတို့ကို တားလိုက်တယ်။
သူတို့က ကောင်မလေးရဲ့ အဖေကို မြေကြီးပေါ်မှာ မှောက်နေခိုင်းလိုက်ပြီ သူ့လည်ပင်းကို ဓါးတွေနဲ့ ဝိုင်းခုတ်ကြတယ်။ အဖေဟာ ပွဲချင်းပြီး သေဆုံးသွားတယ်။ ကောင်မလေးဟာ အဲဒီမြင်ကွင်းကို ကြည့်ပြီး ပထမတော့ အရမ်းအံ့သြသွားတယ်။ ဘာလို့လဲဆိုတော့ သူ့အဖေကို သတ်လိုက်သူတွေဟာ သူတို့အိမ်နီးချင်းတွေ ဖြစ်နေလို့ပါ။ ချက်ခြင်း သတိပြန်ဝင်လာပြီး ထွက်ပြေးတယ်။
လူ ၄ ယောက်ကလည်း သူ့နောက်ကို ပြေးလိုက်ကြတယ်။ ကောင်မလေးဟာ ပြေးရင်းနဲ့ “ကျမကို မသတ်ပါနဲ့။ သနားပါရှင်”လို့ အော်နေတယ်။ သူတို့ဟာ သူ့ကို မီလာပြီး ဓါးတွေနဲ့ ခုတ်လိုက်လို့ လည်ပင်းနဲ့ ကျောပြင်ကို ထိသွားတယ်။ ကောင်မလေးလည်း သွေးတွေနဲ့ မြေကြီးပေါ်ကို လဲကျသွားတယ်။
ကောင်မလေး ခဏ သတိလစ်သွားတယ်။ သတိရလို့ မျက်စိဖွင့်ကြည့်လိုက်တော့ လူ ၄ ယောက်ရဲ့ ခြေထောက်တွေကို မြင်ရလို့ မျက်စိပိတ်ပြီး ငြိမ်ငြိမ်နေ သေချင်ယောင် ဆောင်နေလိုက်တယ်။ သူတို့လည်း ကောင်မလေး သေပြီဆိုပြီး ထွက်သွားကြတယ်။ ကောင်မလေးဟာ သူတို့ကို မမြင်ရတော့အခါ ချက်ခြင်းထပြီး အိမ်ဘက်ကို ပြန်ပြေးတယ်။
ပြေးရင်းနဲ့ လမ်းမှာ သူ့လက် ၂ ဖက်စလုံးဟာ လက်ကောက်ဝတ်ကနေ ပြတ်ပြီး သွေးတွေ ထွက်ကျနေတာကို တွေ့လိုက်ရတယ်။ ဟိုလူတွေက ကောင်မလေးရဲ့ လက်၂ ဖက်စလုံးကို ဓါးနဲ့ ခုတ်ဖြတ်ခဲ့တာကိုး။ ကောင်မလေးဟာ ငိုရင်းနဲ့ ဆက်ပြေးတယ်။ တခါတလေ မူးပြီး မြေပေါ် လဲကျသွားတယ်။ ဒါပေမဲ့ ပြန်ထပြီး ဆက်ပြေးတယ်။
သူ့အိမ်နားရောက်တော့ သူ့အမေကို လှမ်းအော်ခေါ်ရင်း လဲကျသွားတယ်။ အမေဟာ တကိုယ်လုံး သွေးတွေ ရွှဲနစ်နေတဲ့ သမီးကို မြင်တော့ ရုတ်တရက် လန့်အော်လိုက်တယ်။ဒါပေမဲ့ အိမ်နားမှာ ဘယ်သူမှ မရှိကြလို့ အမေဟာ သူ့သမီးကို စောင်နဲ့ ရစ်ပတ်ပွေ့ချီပြီး ဆေးရုံကို တယောက်ထဲ သယ်သွားတယ်။ ဆေးရုံက ၇ မိုင်ဝေးတယ်။ အမေဟာ သူ့သမီးကို သယ်ပွေ့ပြီး ဆေးရုံရောက်တဲ့အထိ ၄ နာရီကြာအောင် လမ်းလျှောက်ခဲ့ရတယ်။
ဆေးရုံရောက်တော့ ဒဏ်ရာတွေကို မြင်တဲ့ ဆရာဝန်တွေက ကောင်မလေးကို အသက်ရှင်မယ် မထင်ကြဘူး။ ဒါပေမဲ့ သူ့ဒဏ်ရာတွေကို ကြိုးစားပြီး ခွဲစိပ်ကုသပေးကြတယ်။ ခွဲစိပ်တာ အချိန် ၅ နာရီကြာတယ်။ လည်ပင်းနဲ့ ကျောက ဓါးဒဏ်ရာတွေကို ၂၅ ချက် ချုပ်ပေးရတယ်။ ကောင်မလေး အသက်မသေပါဘူး။ ဒါပေမဲ့ လက်ကောက်ဝတ်က ပြတ်သွားတဲ့ လက် ၂ ဖက်ကိုတော့ ပြန်ရှာမရတော့ဘူး။ နောက်နေ့ဟာ ကောင်မလေးရဲ့ အသက် ၁၂ နှစ်ပြည့်တဲ့ မွေးနေ့ပါ။
ဒုက္ခဆိုတာ အပေါင်းအသင်းနဲ့ လာတတ်တယ်ဆိုတာ မှန်တယ်လို့ ပြောရမယ်။ သူတို့ သားအမိ ဆေးရုံကနေ အိမ်ပြန်ရောက်တော့ သူတို့အိမ် မရှိတော့ဘူး။ သူခိုးတွေက အိမ်ထဲက ပစ္စည်းတွေ ယူသွားကြပြီး အိမ်ကိုပါ မီးရှို့သွားလို့ ပြာပုံပဲ ကျန်တော့တယ်။
သူ့အမေမှာ ငွေမရှိ ရောင်းစရာ ပစ္စည်းလည်း မရှိလို့ ဆေးရုံမှာ ကုသခကြေး ပီဆို ၅ သောင်းကို မပေးနိုင် ဖြစ်နေတယ်။ ဒါပေမဲ့ သူတို့နဲ့ ဆွေမျိုးနီးစပ်တော်တဲ့ ခရစ်ယန်ဘုန်းကြီးတစ်ပါးက ဆေးကုခစရိတ်ကို ရှင်းပေးလိုက်ရုံမက သူတို့သားအဖကို ဓါးနဲ့ ခုတ်သွားသူတွေကို ရဲက ဖမ်းပြီး တရားရုံးမှာ အပြစ်ပေးထောင်ချနိုင်အောင် ကူညီခဲ့ပါတယ်။
ကောင်မလေး အပါတန်ဟာ ပထမပိုင်းမှာ တနေ့လုံးငိုနေပြီး တခုခုလုပ်ဖို့ သူ့အမေကိုပဲ အားကိုးနေတယ်။ နောက်တော့ ငုံးတိတိပြတ်နေတဲ့ သူ့လက်တွေနဲ့ သူ့အမေကို အိမ်အလုပ် ဝိုင်းကူလုပ်ပေးတယ်။ မကြာခင် မသန်စွမ်းကျောင်းတက်တယ်။ ကွန်ပျူတာဘာသာမှာဆိုရင် အတန်းထဲမှာ သူဟာ အတော်ဆုံးပဲ။ တက္ကသိုလ်တက်ပြီး ဟိုတယ်နဲ့ စားသောက်ဆိုင်စီမံခန့်ခွဲရေးဘာသာနဲ့ ဘွဲ့ရတယ်။ နောက်တော့ ဟိုတယ်က ဖွင့်တဲ့ စားဖိုမှူးသင်တန်းတက်ပြီး ၂၀၁၁ ခုနှစ်မှာ လက်မှတ်ရစားဖိုမှူးတစ်ယောက် ဖြစ်လာခဲ့တယ်။
သူက ၇ နှစ်သမီးကတဲက အချက်အပြုတ် ဝါသနာပါခဲ့တာကိုး။ အခုတော့ သူဟာ ဟိုတယ်မှာ စားဖိုမှူးအဖြစ်နဲ့ ပျော်နေပြီ။ သူချက်ပြုတ်ပြင်ဆင်တဲ့ အစားအစာတွေဟာ အရသာရှိသလို အမြင်လဲ လှလို့ ဟိုတယ်မှာ လာစားသူတွေက သူ့ကို ချီးကျူးကြတယ်။ လက်မရှိတဲ့ စားဖိုမှူးလေးဆိုပြီး သူ့ကို ချစ်စနိုး ခေါ်ကြတယ်။ သူကလည်း အဲဒီလို အခေါ်ခံရတာကို စိတ်မဆိုးတဲ့အပြင် ဂုဏ်ယူနေပါတယ်။
လက်ရှိအချိန်မှာတော့ သူဟာ မနီလာမြို့က နာမည်ကြီးဟိုတယ်တစ်ခုဖြစ်တဲ့ Edsa Shangri-La Hotel ရဲ့အတွေ့အကြုံရင့် စာဖိုမှူးတစ်ယောက်ဖြစ်ခဲ့သလို မိသားစုတစ်စုလုံးကိုလည်း သူမလုပ်စာတစ်ခုတည်းနဲ့ တင့်တောင်းတင့်တယ် ထားနိုင်နေပါပြီ။
“ဒီအခြေအနေဖြစ်လာဖို့ အရမ်းခက်ခဲခဲ့ပါတယ်။ ဒါပေမယ့် ကျွန်မမျှော်လင့်ချက်အတွက် အလျှော့မပေးခဲ့ဘူး။ အိပ်မက်တွေဟာ တကယ်ဖြစ်လာနိုင်တယ်လို့ ကျွန်မယုံကြည်တယ်။ အလျှော့မပေးပဲ ပြင်းပြင်းထန်ထန်ကြိုးစားခဲ့မယ် ဆိုရင်ပေါ့” လို့ သူမ ဆိုပါတယ်။
လောကမှာ ကံဆိုးမိုးမှောင်ကျပြီး ဒုက္ခအကြီးအကျယ် ရောက်ခဲ့သူတွေ ရှိကြပါတယ်။ တချို့က အဲဒါတွေ ပြန်တွေးရင်း တသက်လုံး စိတ်ဆင်းရဲနေကြတယ်။ တချို့ကျတော့ အတိတ်က ဖြစ်ရပ်ကို အတိတ်မှာပဲ ထားခဲ့ပြီး ပစ္စုပ္ပန်မှာ အကောင်းဆုံး နေထိုင်သွားကြတယ်။ ဒါကြောင့်မို့ သူတို့ရဲ့ အနာဂတ်ဟာ သာယာလှပပါလိမ့်မယ်။
ဗန်းမော်သိန်းဖေ