ကမ္ဘာမှာ နိုင်ငံပေါင်း ၂၀၀ နီးပါးရှိတဲ့အနက် အချမ်းသာဆုံး နဲ့ အင်အားအကြီးဆုံးကို ပြပါဆိုရင် အမေရိကန်နိုင်ငံဖြစ်ပါတယ်။ အမေရိကန်ရဲ့နောက်မှာတော့ တရုတ် ၊ ဂျပန် ၊ ဂျာမဏီ ၊ ယူကေ ၊ အိန္ဒိယ ၊ ပြင်သစ် ၊ အီတလီ နဲ့ ကနေဒါ တို့က အစဉ်လိုက်ရပ်တည်နေပါတယ်။ အမေရိကန်ရဲ့ ပြိုင်ဘက် ရုရှားနိုင်ငံကတော့ နိုင်ငံအလိုက် ချမ်းသာမှုစာရင်းမှာတော့ နံပါတ် ၁၁ နေရာမှာ ရှိပါတယ်။
အရှေ့တောင်အာရှနိုင်ငံတွေထဲမှာတော့ အင်ဒိုနီးရှားဟာ ကမ္ဘာ့အဆင့် ၁၅ နေရာမှာ ရှိနေပါတယ်။ ထင်ရှားတဲ့ စင်ကာပူနိုင်ငံကတော့ နိုင်ငံလိုက်ချမ်းသာမှုမှာတော့ အဆင့် ၃၉ မှာ ပဲ ရှိပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံကတော့ အဆင့် ၆၉ မှာ ရှိပါတယ်။ ဒါတွေကတော့ နိုင်ငံအလိုက် ချမ်းသာမှုအဆင့် တွေပဲ ဖြစ်ပါတယ်။
ဒါပေမယ့် ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံလို့ ဆိုလိုက်ရင် နိုင်ငံအလိုက်မတွက်ပဲ နိုင်ငံသားတစ်ဦးချင်းစီရဲ့ဝင်ငွေနဲ့ တွက်တယ် ဆိုတာကို သိပြီးဖြစ်မှာပါ။ ကိုဗစ်ကြောင့် နိုင်ငံအများစု စီးပွားရေးကျဆင်းခဲ့ပေမယ့် နိုင်ငံအနည်းငယ် ကတော့ တည်ငြိမ်အောင် ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ကြပါတယ်။ ၂၀၂၀ ခုနှစ် နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်းရဲ့ စာရင်းအရ ဝင်ငွေအလိုက်အချမ်းသာဆုံး နိုင်ငံတွေကတော့-
၁၀။ သြစတြေးလျ
နိုင်ငံသားတဦးချင်းစီရဲ့ နှစ်စဉ် ပျမ်းမျှဝင်ငွေအလိုက် နံပါတ် ၁၀ မှာ ရှိနေတာက သြစတြေးလျနိုင်ငံ ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ ၆ခုမြောက် ဧရိယာအကြီးဆုံးနိုင်ငံဖြစ်ပြီး လူနေမှုစနစ်မြင့်မားတဲ့ ကမ္ဘာ့ထိပ်တန်းနိုင်ငံတခုဖြစ်ပါတယ်။ နိုင်ငံချင်းယှဉ်ပါက ကမ္ဘာပေါ်မှာ ၁၃ ခုမြောက် အချမ်းသာဆုံးနိုင်ငံဖြစ်ပါတယ်။ အရင်နှစ်တွေက ၁၀ နိုင်ငံစာရင်းမဝင်ပေမယ့် ကိုဗစ်ဒုက္ခကို တကမ္ဘာလုံးခံစားခဲ့ရတဲ့၂၀၂၀ ခုနှစ်မှာတော့ စီးပွားရေးကို တည်ငြိမ်အောင် ထိန်းထားနိုင်တာကြောင့် သြစတြေးလျရဲ့ စီးပွားရေးဟာ အနည်းငယ်သာ ကျဆင်းခဲ့ပါတယ်။
သြစတြေးလျ စီးပွားရေးရဲ့ အဓိကအခန်းကဏ္ဍကတော့ ဝန်ဆောင်မှုလုပ်ငန်းများ Services ဖြစ်ပြီး ၆၂.၇% ခန့် ရှိနေပါတယ်။ ဆောက်လုပ်ရေး ၇.၄%၊ မိုင်းတွင်းသတ္တုတူးဖော်ရေးက ၅.၈% ၊ ကုန်ထုတ်လုပ်မှုက ၅.၈% နဲ့ စိုက်ပျိုးရေးက ၂.၈% အသီးသီး နေရာယူထားပါတယ်။ အဓိကလုပ်ငန်းတွေကတော့ ငွေကြေးအာမခံ နဲ့ ဘဏ်လုပ်ငန်း ၊ ဆောက်လုပ်ရေး ၊ ကျန်းမာရေး ၊ သတ္တုတူးဖော်ရေး ၊ နည်းပညာဝန်ဆောင်မှု လုပ်ငန်းတွေကို လုပ်ကိုင်ကြပါတယ်။ ၂၀၂၀ ခုနှစ်စာရင်းအရ သြစတြေးလျနိုင်ငံသားတဦးစီရဲ့ နှစ်စဉ်ပျမ်းမျှဝင်ငွေက အမေရိကန်ဒေါ်လာ ၅၁,၈၈၅ ဖြစ်ပါတယ်။
၉။ ကာတာ
ကာတာနိုင်ငံ ဟာ အနောက်အာရှတွင် တည်ရှိသော အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခု ဖြစ်ပါတယ်။ အာရပ်ကျွန်းဆွယ်ကြီး၏ အရှေ့မြောက်ဘက်ခြမ်းတွင် ရှိသော ကာတာကျွန်းဆွယ်လေး ပေါ်မှာတည်ရှိတဲ့ နိုင်ငံပါ။ ကမ္ဘာပေါ်တွင် တတိယ အကြီးမားဆုံးသော သဘာဝ ဓာတ်ငွေ့ အရင်းအမြစ် နှင့် ရေနံ အရင်းအမြစ်ကို ပိုင်ဆိုင်ထားတာကြောင့် ကမ္ဘာ့အချမ်းသာဆုံး တစ်ဦးချင်း ဝင်ငွေကောင်းတဲ့နိုင်ငံ ဖြစ်နေတာဆိုရင် မမှားပါဘူး။
ရေနံနှင့် သဘာဝ ဓာတ်ငွေ့ လုပ်ငန်းမှ ဘီလီယံ နှင့် ချီသော ဒေါ်လာ အပိုငွေများကြောင့် ကာတာ အစိုးရသည် အမေရိကန်ပြည်ထောင်စု၊ ဥရောပ နှင့် အာရှ ပစိဖိတ် ဒေသတို့တွင် တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်လျှက်ရှိပါတယ်။ ရေနံကို အဓိကလုပ်ကိုင်ပြီး စုစုပေါင်းစီးပွားရေးရဲ့ ၇၀% ကို ရေနံမှ ရရှိပါတယ်။ အခြားအဓိက လုပ်ငန်းတွေကတော့ သဘာဝဓာတ်ငွေ့ နဲ့ အခြားဓာတ်ငွေ့များ ၊ ဓာတ်မြေသြဇာ ၊ နေရံဓာတု ၊ သံမဏိ ၊ ဘိလပ်မြေ နှင့် သင်္ဘောပြုပြင်ခြင်း လုပ်ငန်းတွေပဲ ဖြစ်ပါတယ်။ ကာတာဟာပြီးခဲ့တဲ့ နှစ်တွေက ထိပ်ဆုံးမှာ ရပ်တည်ခဲ့ပေမယ့် ၂၀၂၀ မှာတော့ စီးပွားရေးကျဆင်းခဲ့ပြီး အဆင့် ၉ နေရာကို ရောက်ရှိသွားခဲ့ပါတယ်။ ကာတာနိုင်ငံသားတဦးချင်းစီရဲ့ နှစ်စဉ်ပျမ်းမျှဝင်ငွေကတော့ အမေရိကန်ဒေါ်လာ ၅၂,၇၅၁ ဖြစ်ပါတယ်။
၈။ အိုက်စလန်
အိုက်စလန်ဟာ မြောက်အတလန္တိတ်သမုဒ္ဒရာထဲမှာ တည်ရှိပြီး လူဦးရေ ၃သိန်းကျော်သာ နေထိုင်တဲ့ ကျွန်းနိုင်ငံလေးဖြစ်ပါတယ်။ အငြိမ်းချမ်းဆုံးနိုင်ငံစာရင်းမှာ နံပါတ် ၁ နေရာရထားသလို သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းတဲ့အနေနဲ့ တနိုင်ငံလုံး နီးပါး ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် renewable energy ကိုသာ အသုံးပြုကြပါတယ်။ လူနေမှုစနစ်အမြင့်မားဆုံးစာရင်းမှာ နံပါတ် ၄ နေရာ ရရှိထားသလို နိုင်ငံသားတွေအတွက် အကောင်းဆုံး ပညာရေး နဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေကို ပေးနိုင်တဲ့နိုင်ငံ ဖြစ်ပါတယ်။
အခြားနိုင်ငံများနဲ့ယှဉ်လျှင် အခွန်အခနည်းပါးတဲ့ ဈေးကွက်စီးပွားရေး စနစ်ကို ကျင့်သုံးပါတယ်။ စီးပွားရေးအခန်းကဏ္ဍမှာတော့ ဝန်ဆောင်မှုလုပ်ငန်း ၇၃% ၊ စိုက်ပျိုးရေး ၄.၈% နဲ့ စက်မှုလုပ်ငန်း ၂၂.၂% တို့ဖြစ်ပါတယ်။ အဓိကစီးပွားရေး လုပ်ငန်းအနေနဲ့ ခရီးသွားလာရေး ၊ ငါး နဲ့ အခြားထုတ်ကုန်များ ၊ အလူမီနီယံ အရည်ကြိုလုပ်ငန်း ၊ ရေအားလျှပ်စစ် ၊ ဘူမိအပူစွမ်းအင် ၊ ဆေးဝါးထုတ်ကုန် စတဲ့လုပ်ငန်းတွေကို လုပ်ကိုင်ကြပါတယ်။ အိုက်စလန်နိုင်ငံသား တဦးချင်းစီရဲ့ နှစ်စဉ်ပျမ်းမျှဝင်ငွေကတော့ အမေရိကန်ဒေါ်လာ ၅၇,၁၈၉ ဖြစ်ပါတယ်။
၇။ ဒိန်းမတ်
ဒိန်းမတ်နိုင်ငံဟာ ဥရောပတိုက် မြောက်ပိုင်းရှိ နောဒစ်နိုင်ငံတခုဖြစ်ပြီး နိုင်ငံရဲ့တရားဝင်အမည်ကတော့ ဒိန်းမတ်ဘုရင့်နိုင်ငံ ဖြစ်ပါတယ်။ ဒိန်းမတ်နိုင်ငံဟာ ကောင်းမွန်တည်ငြိမ်တဲ့ စီးပွားရေးကို ပိုင်ဆိုင်ထားတဲ့ ကမ္ဘာ့ထိပ်တန်းနိုင်ငံတခုဖြစ်ပါတယ်။ မူလက စိုက်ပျိုးရေးနိုင်ငံဖြစ်ပေမယ့် ၂၀ရာစုက စလို့ စိုက်ပျိုးရေးကို လျှော့ချကာ စက်မှုနိုင်ငံအဖြစ်သို့ တဖြည်းဖြည်း ကူးပြောင်းခဲ့ပါတယ်။
လက်ရှိအချိန်မှာတော့ စိုက်ပျိုးရေးဟာ စီးပွားရေးကဏ္ဍရဲ့ ၁.၆% သာရှိခဲ့ပြီး စက်မှုလုပ်ငန်း နဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေကို အများစု လုပ်ကိုင်နေကြပါတယ်။ အဓိကစီးပွားရေး အနေနဲ့ ဆေးဝါး နဲ့ ဆေးရုံသုံးပစ္စည်းများ ၊ သင်္ဘောတည်ဆောက်ရေး ၊ သံမဏိ ၊ သတ္တု ၊ ဓာတုပစ္စည်းများ ၊ အစားအစာ ၊ သယ်ယူပို့ဆောင်ရေးကိရိယာများ ၊ စက်ပစ္စည်းများ ၊ အဝတ်အထည် ၊ အီလက်ထရောနစ် ၊ ဆောက်လုပ်ရေး ၊ ပရိဘောဂ နဲ့ သစ်သားထုတ်ကုန် လုပ်ငန်းတွေကို လုပ်ကိုင်လျက်ရှိပါတယ်။ ၂၀၂၀ ခုနှစ် ကမ္ဘာ့ငွေကြေးအဖွဲ့အစည်းရဲ့ စာရင်းအရ ဒိန်းမတ်နိုင်ငံသား တယောက်ရဲ့ ဝင်ငွေဟာ အမေရိကန်ဒေါ်လာ ၅၈၄၃၉ ဖြစ်ပြီး ကမ္ဘာ့အဆင့် နံပါတ် ၇မှာ ရှိနေပါတယ်။
၆။ စင်ကာပူ
ကမ္ဘာ့စီးပွားရေးနယ်ပယ်မှာ တဟုန်ထိုး တိုးတက်နေတဲ့ စင်ကာပူနိုင်ငံဟာ အချမ်းသာဆုံးနိုင်ငံ စာရင်းမှာ ပါဝင်နေတာဟာ သိပ်တော့အံသြစရာ မကောင်းလှပါဘူး။ စင်ကာပူသည် စီးပွားရေးစနစ်အားဖြင့် အလွတ်လပ်ဆုံး ၊ တီထွင်ကြံဆမှု အကောင်းဆုံး ၊ ပြိုင်ဆိုင်မှု အများဆုံး နှင့် စီးပွားရေးလုပ်ရန် အကောင်းဆုံး စသည့် ကောင်းမွန်မှုများနှင့် ပြည့်စုံသောနိုင်ငံဖြစ်ပါတယ်။ ယှဉ်ပြိုင်မှုပြင်းထန်မှု ၊ လုပ်ငန်းကျွမ်းကျင်မှု နှင့် အစိုးရ၏ စီးပွားရေးစီမံခန့်ခွဲရေး ကောင်းမွန်မှု ၊ ခြစားမှု ကင်းစင်ခြင်း တွေဟာ စီးပွားရေးတိုးတက်ရခြင်းရဲ့ အဓိကအချက်တွေဖြစ်ပါတယ်။
ဟောင်ကောင်၊ တောင်ကိုရီးယား ၊ ထိုင်ဝမ် တို့နှင့် အတူ စင်ကာပူဟာလည်း အာရှ ကျားလေးကောင်တွင် ကနဦး ကတည်းက ပါဝင်ခဲ့ပြီး လူတစ်ဦးချင်း အလိုက် ဂျီဒီပီ အရ အခြား ကျားသုံးကောင်ကို ကျော်တက် သွားခဲ့ပြီ ဖြစ်ပါတယ်။ အီလက်ထရောနစ်ပစ္စည်း ထုတ်လုပ်ခြင်း ၊ ဘဏ်လုပ်ငန်း ၊ရေနံသန့်စင်ခြင်း ၊ ရော်ဘာ ၊ အစားအစာ နှင့် အဖျော်ယမကာ ၊ သင်္ဘောကျင်း ၊ ဆောက်လုပ်ရေး ၊ သွင်းကုန် ထုတ်ကုန် လုပ်ငန်းတွေဟာ စင်ကာပူရဲ့အဓိက လုပ်ငန်းတွေဖြစ်ပါတယ်။ စင်ကာပူ ဟာ အရင်နှစ်တွေက အဆင့် ၃ နေရာမှာရှိခဲ့ပေမယ့် ဒီနှစ်မှာတော့ စီးပွားရေးကျဆင်းမှုကြောင့် နံပါတ် ၆ နေရာကို ကျဆင်းခဲ့ပါတယ်။ စင်ကာပူနိုင်ငံသား တဦးချင်းစီရဲ့ နှစ်စဉ်ပျမ်းမျှဝင်ငွေကတော့ အမေရိကန်ဒေါ်လာ ၅၈,၄၈၄ ဖြစ်ပါတယ်။
၅။ အမေရိကန်
ကိုဗစ်ကြောင့် တကမ္ဘာလုံးထိခိုက်ခဲ့ရပြီး အဆိုးဆုံးကတော့ အမေရိကန်ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ကုဗစ် ကူးစက်သူပေါင်း ၂၃ သန်းကျော်သွားခဲ့ပါပြီ။ ဒါပေမယ့် အမေရိကန်ရဲ့ အကြီးဆုံး စီးပွားရေး ကုမ္ပဏီကြီးတွေကတော့ ကိုဗစ်ကာလအတွင်းမှာပဲ ပိုမိုကြီးထွားလာကြသလို အမေရိကန် သူကြွယ်တွေဟာလည်း ချမ်းသာပြီးရင် ပိုမိုချမ်းသာလျက်ရှိပါတယ်။ အဓိက အားဖြင့်တော့ နည်းပညာလုပ်ငန်း ၊ အွန်လိုင်းဈေးကွက် နဲ့ လက်လီ ၊ လက်ကား ဈေးကွက်တွေကတော့ စီးပွားဖြစ်လျက်ရှိဆဲပါ။ ဒါကြောင့်လည်း အမေရိကန်ရဲ့ ပျမ်းမျှဝင်ငွေကတော့ ကျမသွားခဲ့ပဲ ကမ္ဘာ့အဆင့် ၅ နေရာမှာ ရှိနေခဲ့တာပါ။
နိုင်ငံအလိုက် ဆိုလျှင် ကမ္ဘာပေါ်မှာ အချမ်းသာဆုံးဖြစ်တဲ့ အမေရိကန်ဟာ စီးပွားရေးကဏ္ဍ အနေနဲ့တော့ Services ၈၀.၂% ၊ စိုက်ပျိုးရေး ဝ.၉% နဲ့ စက်မှုလုပ်ငန်း ၁၈.၉% တို့ဖြစ်ပါတယ်။ အဓိက စီးပွားရေးလုပ်ငန်းတွေကတော့ ရေနံ သဘာဝဓာတ်ငွေ့ ၊ မှန် ၊ စတီးလ် ၊ မော်တော်ကား ၊ လေယာဉ် ၊ ဓာတုပစ္စည်း ၊ ဆက်သွယ်ရေး နဲ့ အီလက်ထရောနစ် ၊ အစားအစာ ၊ ဆေးဝါး ၊ ကျန်းမာရေးဝန်ဆောင်မှု ၊ ဆောက်လုပ်ရေး ၊ နည်းပညာ ၊ အိမ်ခြံမြေ နဲ့ ဘဏ်လုပ်ငန်း စတာတွေကို လုပ်ကိုင်ကြပါတယ်။ ၂၀၂၀ ခုနှစ်စာရင်းအရ အမေရိကန်နိုင်ငံသား တဦးချင်းစီရဲ့ ပျမ်းမျှဝင်ငွေကတော့ အမေရိကန်ဒေါ်လာ ၆၃,၀၅၁ ဖြစ်ပါတယ်။
၄။ နော်ဝေ
အေးချမ်းပြီး ရာဇဝတ်မှုနည်းပါးတဲ့ နော်ဝေနိုင်ငံဟာ စီးပွားရေးမှာလည်း ထိပ်တန်းအဆင့်မှာ ရှိပါတယ်။ လူဦးရေနည်းပါးတဲ့နိုင်ငံဖြစ်ပြီး တစ်နိုင်ငံလုံးလူဦးရေဟာ ၅သန်းကျော်ပဲ ရှိပါတယ်။ ရေနံ နဲ့ လောင်စာဆီလုပ်ငန်းကို လုပ်ကိုင်တာကြောင့် ပြီးခဲ့တဲ့ ၂နှစ်အတွင်း ရေနံဈေးကွက် ကျဆင်းမှုမှာ အနည်းငယ်ထိခိုက်ခဲ့ရပါတယ်။ အလုပ်လက်မဲ့နှုန်းလည်း တိုးတက်လာပေမယ့် အစိုးရရဲ့စီမံခန့်ခွဲမှုကောင်းမွန်တာကြောင့် နော်ဝေဟာ အချမ်းသာဆုံးနိုင်ငံစာရင်းမှာ ရပ်တည်နိုင်နေဆဲ ဖြစ်ပါတယ်။
ရေနံလုပ်ငန်းအပြင် အခြား အဓိကစီးပွားရေးလုပ်ငန်းတွေကတော့ သဘာဝဓာတ်ငွေ့ ၊ သင်္ဘောတည်ဆောက်ပြုပြင်ခြင်း ၊ ငါးဖမ်းခြင်း ၊ အစားအစာထုတ်လုပ်ခြင်း ၊ ပျော့ဖတ် နဲ့စက္ကူထုတ်လုပ်ခြင်း ၊ သတ္တုပစ္စည်းထုတ်လုပ်ခြင်း ၊ ဓာတုပစ္စည်းများလုပ်ငန်း ၊ သစ်မာတင်ပို့ခြင်း ၊ သတ္တုတူးဖော်ခြင်း နဲ့ ချည်မျှင် အထည်လုပ်ငန်းများကို လုပ်ကိုင်ကြပါတယ်။ နော်ဝေနိုင်ငံသား တဦးချင်းစီရဲ့ ပျမ်းမျှဝင်ငွေကတော့ အမေရိကန်ဒေါ်လာ ၆၇,၉၈၉ ဖြစ်ပါတယ်။
၃။ အိုင်ယာလန်
အနောက်ဥရောပမှာ ရှိတဲ့ အိုင်ယာလန်နိုင်ငံဟာ ကမ္ဘာ့အတိုးတက်ဆုံးနိုင်ငံတစ်နိုင်ငံဖြစ်ပြီး ဥရောပရဲ့စီးပွားရေး အဖြစ်ထွန်းဆုံးနိုင်ငံတွေထဲမှာ ပါဝင်ပါတယ်။ ဒါအပြင် သတင်းစာ လွတ်လပ်ခွင့်၊စီးပွားရေး လွတ်လပ်ခွင့်၊ ဒီမိုကရေစီနှင့် နိုင်ငံရေး လွတ်လပ်မှု တို့တွင်လည်း အဆင့်မြင့်မားစွာ သတ်မှတ်ခြင်း ခံရတဲ့နိုင်ငံလည်းဖြစ်ပါတယ်။ လူဦးရေ ၅သန်းဝန်းကျင်သာ ရှိပေမယ့် တဟုန်တိုး တိုးတက်နေတဲ့ စီးပွားရေးလုပ်ငန်းတွေကို ပိုင်ဆိုကြတာကြောင့် ကမ္ဘာ့အချမ်းသာဆုံး နံပါတ် ၃ နေရာက ရပ်တည်နေပါတယ်။
ဒီလိုတိုးတက်လာခဲ့မှုဟာ ၁၉၈၀ ပြည့်နှစ်များ နှောင်းပိုင်း စီးပွားပျက်ကပ် အပြီးမှာ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို အကြီးအကျယ် ပြုလုပ်ခဲ့ပြီး အခွန်ကောက်ခံခြင်းနှင့် ဥပဒေ စဉ်းမျဉ်းများကို သိသာစွာ လျော့ချပစ်ခဲ့ခြင်းရဲ့ အကျိုးဆက်ကြောင့်လို့ ဆိုနိုင်ပါတယ်။ အိုင်ယာလန်ရဲ့ အဓိက စီးပွားရေးလုပ်ငန်းတွေကတော့ ဆေးဝါးထုတ်လုပ်ခြင်း ၊ဓာတုပစ္စည်းများထုတ်လုပ်ခြင်း ၊ ကွန်ပျူတာ hardware နဲ့ software ၊ စားသောက်ကုန် ၊ အရက် ၊ ဘီယာ နဲ့ ကျန်းမာရေးဆက်စပ် ပစ္စည်းတွေကို ထုတ်လုပ်ခြင်းတို့ပဲ ဖြစ်ပါတယ်။ အိုင်ယာလန်နိုင်ငံသားတဦးချင်းစီရဲ့ ပျမ်းမျှဝင်ငွေကတော့ အမေရိကန်ဒေါ်လာ ၇၉,၆၉၉ ဖြစ်ပါတယ်။
၂။ ဆွစ်ဇာလန်
ကမ္ဘာ့အငြိမ်းချမ်းဆုံး နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ဆွစ်ဇာလန် ဟာ စီးပွားရေးမှာလည်း ထိပ်တန်းအဆင့်မှာ ရှိပါတယ်။ ကမ္ဘာ့မြို့ကြီးများ စာရင်းဝင်နှင့် စီးပွားရေး အချက်အချာ ဖြစ်သော ဇူးရစ်ခ်ျမြို့ နှင့် ဂျနီဗာမြို့ တို့ ရှိရာ နိုင်ငံလည်းဖြစ်သည်။ ဆွစ်နိုင်ငံထုတ် နာရီတွေဟာလည်း တန်ဖိုးကြီးပြီး ကမ္ဘာကျော်ပါတယ်။
နိုင်ငံသားတစ်ဦးချင်းစီရဲ့ နှစ်စဉ်ဝင်ငွေဟာ ဒေါ်လာ ၈၁,၈၆၇ ရှိတာကြောင့် နံပါတ် ၂ အချမ်းသာဆုံးနိုင်ငံအဖြစ် ရပ်တည်လျှက်ရှိပါတယ်။ အဓိက လုပ်ငန်းတွေကတော့ စက်ကိရိယာအမျိုးမျိုး နှင့် စက်ကြီးများထုတ်လုပ်ခြင်း ၊ လက်ပတ်နာရီ ၊ ချည်မျှင် ၊ ခရီးသွားလာရေး ၊ ဘဏ် နှင့် အာမခံလုပ်ငန်း ၊ ဆေးဝါးထုတ်လုပ်ရေး လုပ်ငန်းတွေ ဖြစ်ပါတယ်။
၁။ လူဇင်ဘတ်
အကျယ်အဝန်း ဧရိယာ စတုရန်းမိုင် ၁ထောင်မပြည့်တဲ့(၉၉၉မိုင်) ဒီနိုင်ငံ ငယ်လေးဟာ ကမ္ဘာ့အချမ်းသာဆုံး စာရင်းမှာ နံပါတ် ၁ နေရာက ရပ်တည်နေပါတယ်။ သာယာအေးချမ်းပြီး နိုင်ငံဆိုပေမယ့် လူဦးရေ ၆သိန်းဝန်းကျင်သာ ရှိတဲ့နိုင်ငံငယ်လေးပါ။ စွမ်းအားမြင့် လုပ်သားအင်အားကို ပိုင်ဆိုင်ထားပြီး ၂၀၁၆ ခုနှစ် လူဇင်ဘတ်ရဲ့ စီးပွားရေးတိုးတက်မှုဟာ ဥရောပသမဂ္ဂ ပျမ်းမျှ တိုးတက်မှုနှုန်းထက်ကို ကျော်လွန်ခဲ့ပါတယ်။
နိုင်ငံငယ်သော်ငြား စီးပွားရေးမျိုးစုံကိုလုပ်ကိုင်ကြပြီး စီမံခန့်ခွဲမှုကောင်းတဲ့ အစိုးရရှိတဲ့ နိုင်ငံဖြစ်ပါတယ်။ အဓိက လုပ်ငန်းတွေကတော့ ဘဏ်လုပ်ငန်း ၊ သံ နဲ့ သံမဏိ လုပ်ငန်း ၊ အိုင်တီနည်းပညာ ဆက်သွယ်ရေးလုပ်ငန်းများ ၊ ကုန်စည်သယ်ယူပို့ဆောင်ခြင်း ၊ အစားအစာ ၊ ဓာတုဆေးဝါး ၊ သတ္တုထုတ်ကုန်၊ တာယာ ၊ ဖန် ၊ အလူမီနီယံ ထုတ်လုပ်ခြင်း နဲ့ ခရီးသွားလာရေးဝန်ဆောင်မှု လုပ်ငန်းများ ဖြစ်ကြပါတယ်။ လူဇင်ဘတ် နိုင်ငံသားတဦးချင်းစီရဲ့ နှစ်စဉ်ပျမ်းမျှဝင်ငွေကတော့ အမေရိကန်ဒေါ်လာ ၁၀၉,၆၀၂ ဖြစ်ပါတယ်။