လက်ရှိ ကမ္ဘာ့မှတ်ဉာဏ်အကောင်းဆုံးလူသား

Posted on

ကမ္ဘာ့မှတ်ဉာဏ်အကောင်းဆုံးလူသားဆိုရင် မင်းကွန်းဆရာတော်ကြီးကို သိကြမှာပါ။ အခုပြောမယ့် သူကတော့ လက်ရှိ ကမ္ဘာ့မှတ်ဉာဏ်အကောင်းဆုံး လူသားပါ။ ၁၀နှစ်အတွင်းမှာ၈ကြိမ် အနိုင်ရထားတဲ့သူပါ။ ဘယ်လောက် မှတ်ဉာဏ်ကောင်းလဲဆိုရင် ကာစီနိုဝိုင်းက ကဒ်တွေအကုန်လုံးကို တစ်ခဏချင်း မှတ်နိုင်တာကြောင့် ကမ္ဘာတစ်ဝှမ်းက ကာစီနိုတွေက သူ့ကိုဘန်းထားခြင်းခံရတဲ့အထိ ဉာဏ်ကောင်းပါတယ်။ သူ့နာမည်ကတော့ Dominic O’Brien ဖြစ်ပါတယ်။

အခုအချိန်မှာ မှတ်ဉာဏ်အကောင်းဆုံးသူဖြစ်နေပေမယ့် ငယ်စဉ်ကတော့ သူဟာမှတ်ဉာဏ်ပြဿနာတွေဖြစ်ခဲ့သူပါ။ အာရုံစိုက်လို့မရတဲ့ရောဂါရှိသလို ဆရာတွေပြောတာကို နားမလည်ခဲ့သူပါ။ ဒါ့အပြင် သူငယ်ငယ်က ရထားနဲ့ပွတ်ဆွဲခံရပြီး ရထားလမ်းတလျှောက် အတော်ဝေးဝေးပါသွားခဲ့ရပါတယ်။ အသက်မသေခဲ့ပေမယ့် နဖူးမှာပြင်းထန်တဲ့ဒါဏ်ရာရရှိခဲ့ပါတယ်။ ဒါကြောင့် သူ့ရဲ့ခေါင်းဟာ ပိုဆိုးသွားလိမ့်မယ်လို့ အားလုံးက ထင်ခဲ့ကြပါတယ်။ သူတို့ထင်သလိုဖြစ်မလာပဲ ကမ္ဘာ့မှတ်ဉာဏ်ပြိုင်ပွဲမှာ Dominic ဟာ ၈ကြိမ်ချန်ပီယံ ဖြစ်လာခဲ့ပါတယ်။

၁၉၈၇ ခုနှစ် က သူဟာမမျှော်လင့်ပဲ မှတ်ဉာဏ်ကိုလေ့ကျင့်ဖို့ ဖြစ်လာခဲ့ပါတယ်။ ဒါကတော့ လူတစ်ယောက်ဟာ ကဒ်တွေကိုမှတ်ပြနေတဲ့ အစီအစဉ်ကို တီဗီမှာတွေ့လိုက်ရတာပါ။
“အဲဒီအချိန်တုန်းက ကျွန်တော်တော်တော်အံသြခဲ့တယ်။ သူဘယ်လိုမှတ်သလဲ ဆိုတာကို သိချင်ခဲ့ပါတယ်” လို့ Dominic က ဆိုပါတယ်။ သူစိတ်အရမ်းဝင်စားသွားပြီး အချိန်ရှိသ၍ဖဲထုပ်က ဖဲချပ်တွေကို မှတ်တဲ့အလုပ်လုပ်နေခဲ့ပါတယ်။

“ကျွန်တော် ဒီလိုမှတ်တာကို စကျင့်ခဲ့တော့ အသက် ၃၀ ဖြစ်နေပါပြီ။ စကျင့်ပြီး နှစ်ပတ်ကြာတဲ့အခါမှာ ကျွန်တော့်မှာ မယုံကြည်လောက်အောင်ကောင်းမွန်တဲ့ မှတ်ဉာဏ်ရှိတယ် ဆိုတာကို သိလိုက်ရပါတယ်။ ဆက်တိုက်လေ့ကျင့်ပြီး ၃လ ကြာတဲ့အခါမှာ အရင်မှတ်ဉာဏ်ထက် အဆပေါင်းများစွာတိုးသွားခဲ့တယ်။ နောက်တော့ တစ်နှစ်အတွင်းမှာ ဖဲထုပ် ၆ ထုပ်က ဖဲချပ်တွေကို အတိအကျမှတ်နိုင်ပြီး ဂင်းနစ်မှတ်တမ်းတင်လိုက်နိုင်ပါတယ်” လို့ Dominic က ဆက်ပြောပါတယ်။

ဂင်းနစ်မှတ်တမ်းကို ပူးတွဲတည်ထောင်သူ Norris McWhirter က ဖဲထုပ်၆ ထုပ်က ဖဲချပ်တွေကိုမှတ်နိုင်တာ လူတစ်ယောက်ရဲ့ အဆုံးစွန်ဆုံးဉာဏ်ရည်လို့ သတ်မှတ်ခဲ့ပါတယ်။ ဒါပေမယ့် Dominic က ဒီစကားကို ချေဖျက်ပြခဲ့ပါတယ်။ ဖဲထုပ်ပေါင်း ၅၄ ထုပ်က ဖဲချပ်တွေကို မှန်အောင်ပြောရင်း နဲ့ သူ့ရဲ့မှတ်ဉာဏ်ကို သက်သေပြခဲ့ပါတယ်။

သူဟာ လူတစ်ယောက် တစ်နာရီအတွင်း ဆက်တိုက်ခေါ်သွားတဲ့ ကိန်းဂဏန်း ၃၀၀၀ ဝန်းကျင်ကို အလွတ်ပြန်ရွတ်ပြနိုင်သလို လူ၁၂၀ ရဲ့ နာမည်နဲ့ မျက်နှာကို ၁၅ မိနစ်အတွင်း မလွဲအောင် မှတ်ပြနိုင်သူ ဖြစ်ပါတယ်။ အခုတော့ Dominic O’Brien ဟာ မှတ်ဉာဏ်လေ့ကျင့်မှု စာအုပ်ပေါင်းများစွာကိုရေးသားခဲ့ပြီး ၊ အင်္ဂလန်မှတ်ဉာဏ်ချန်ပီယံ သင်တန်းကျောင်းရဲ့ ပူးတွဲတည်ထောင်သူ အဖြစ် ဆောင်ရွက်နေပါတယ်။

လုံးဝမဖြစ်နိုင်ဘူးလို့ထင်တယ်မလား။ အောက်မှာတင်ထားတဲ့ ဗီဒီယိုမှာ သူ့ရဲ့အစွမ်းပြမှုလေးတစ်ခုကို ကြည့်နိုင်ပါတယ်။ ဒါမှမကျေနပ်သေးရင် သူ့နာမည်ကို ရိုက်ကာ ဉာဏ်စမ်းသပ်သပ်မှု အမျိုးမျိုးကို ရှာဖွေကြည့်ရှုလို့ရပါသေးတယ်။