Chariot Racing ဆိုတာကတော့ ပြိုင်မြင်း(၂)ကောင်(သို့) (၄)ကောင်အထိပါဝင်တဲ့ ဘီး(၂)ဘီးတပ် စစ်ရထားမောင်းပြိုင်ပွဲဖြစ်ပြီး ရှေးခတ်ဂရိ၊ရောမနဲ့ Byzantine ခေတ်ကာလတွေက လူကြိုက်များထင်ရှားတဲ့အားကစားနည်းဖြစ်ပါတယ်။ Chariot Racing ကစားနည်းဟာ မောင်းနှင်သူရောမြင်းတွေမှားပါ အလွန်အန္တရာယ်ဖြစ်စေတဲ့ အားကစားနည်းဖြစ်ပြီး ပြင်းထန်စွာဒဏ်ရာရနိုင်သလို အခန့်မသင့်လျှင် အသက်ပါသေဆုံးသွားနိုင်တဲ့ ရှေးခေတ်အားကစားနည်းဖြစ်ပါတယ်။
တစ်နည်းပြောရရင်တော့ အထက်တန်းလွှာလူတန်းစားတွေရဲ့ ခေတ္တစိတ်အပန်းဖြေမှုအတွက် ကျွန်တွေက အသက်သွေးနဲ့ပေးဆပ်ရတဲ့ အားကစားမဟုတ်တဲ့ လူသတ်ပွဲသာသာတွေသာဖြစ်ပါတယ်။ ထူးခြားချက်ကတော့ယင်းကာလက ပြိုင်ပွဲအတော်များများကိုကြည့်ရှုဖို့ပိတ်ပင်ထားတဲ့ အမျိုးသမီးတွေဟာ Chariot Racing ပြိုင်ပွဲတွေကိုတော့ကြည့်ရှုခွင့်ပေးထားပါတယ်။ Chariot Racing ပြိုင်ပွဲတွေဟာ ယနေ့ခေတ်ဘောလုံးအသင်းတွေကိုအားပေးကြသလိုမျိုး မိမိနှစ်သက်ရာနယ်မြေ (သို့) ကျွန်ပိုင်ရှင်အသင်းကိုရွေးချယ်အားပေးခွင့်ရှိပါတယ်။
(၂)ဘီးတပ်စစ်ရထားမောင်းနှင်သူအများစုဟာ ကျွန်တွေနဲ့ ဆင်းရဲတဲ့အနွယ်ဝင်တွေ သာအများစုဖြစ်ကြပြီး ယင်းပြိုင်ပွဲတွေမှာအောင်မြင်ခဲ့ရင် ငွေကြေးများစွာရရှိနိုင်မှာနဲ့ ကံကောင်းရင်ကျွန်အဖြစ်ကတောင် လွတ်လပ်ခွင့်ရနိုင်မှာဖြစ်လို့ သူတို့ရဲ့ဘဝနဲ့ချီအပြောင်းအလဲတွေအတွက် အသက်စွန့်ကာ Chariot Racing မှာဝင်ရောက်ယှဉ်ပြိုင်ကြတာဖြစ်ပါတယ်။
သမိုင်းပညာရှင်တွေကတော့ ယင်းစစ်ရထားမောင်းပြိုင်ပွဲတွေဟာ ဂရိနိုင်ငံမှာကျင်းပတဲ့ အိုလံပစ်ပြိုင်ပွဲတွေအတွင်းကနေ စတင်ပေါ်ပေါက်လာခဲ့တယ်လို့ဆိုပါတယ်။ ဘီစီ (၆၈၀) ကာလအချိန်ကတည်းက ယင်းစစ်ရထားမောင်းပြိုင်ပွဲ (Chariot Racing)တွေကို တစ်ရက်တာပွဲတော်၊ နှစ်ရက်တာပွဲတော်စသည်ဖြင့် ဖျော်ဖြေရေးပြိုင်ပွဲတစ်ခုအဖြစ် သတ်မှတ်ကျင်းပခဲ့ပါတယ်။ ဂရိနဲ့ရောမအင်ပါယာကာလတွေမှာတော့ စစ်ရထားမောင်း ပြိုင်ပွဲတွေဟာ မြင်းစီးအာကစားထက်ပိုမိုအဆင့်မြင့်မားတဲ့ နိုင်ငံအားကစားအဖြစ် အင်ပါယာပြည့်ရှင်တွေကိုယ်တိုင် သတ်မှတ်ဂုဏ်ပြုခဲ့ကြပါတယ်။
စစ်ရထားမောင်းပြိုင်ကွင်းတွေကိုတော့ လူကြိုက်များတဲ့နှုန်းထားကိုမူတည်ပြီး အဆင့်ဆင့်ချဲထွင်ခဲ့ကြတယ်လို့သိရပြီး ချဲ့ထွင်တဲ့အကျယ်အဝန်းအပြည့် လာရောက် ကြည့်ရှုကြတာချည်းသာဖြစ်ပါတယ်။ ရှေးဂရိလူမျိုးတွေရဲ့နာမည်ကျော်စစ်ရထားပြိုင် ကွင်းကြီးကိုတော့ Hippodrome လို့သိရပြီးနာမည်ကျော် အိုလံပီယာမြို့အရှေတောင် စွန်းအရပ်မှာရှိခဲ့တယ်လို့သိရပါတယ်။
ယင်းအားကစားကွင်းကြီးဟာတောင်ကုန်းတစ်ခု ရဲ့ဆင်ခြေလျှောမှာတည်ဆောက်ခဲ့တာ ဖြစ်ပြီးကစားကွင်းရဲ့တစ်ဖက်တစ်ချက်စီရဲ့ အလယ်မှာအတားအဆီးတွေကာရံထားပြီး အဆုံးသတ်နေရာတွေမှာတော့ စက်ဝန်းခြမ်း ပုံသဏ္ဍန်ပြိုင်တူကွေးညွှတ်သွားပါတယ်။ ဝင်ပေါက် (၄)ခုတည်ရှိပြီး ပြိုင်ပွဲဝင်စစ်ရထားတွေ ပြိုင်တူ တာထွက်ရတဲ့နေရာဟာ အားကစားကွင်းရဲ့ အောက်ဆုံးနေရာလည်းဖြစ်တဲ့ ကွင်းရဲ့တစ်ဖက်ခြမ်းနေရာကဖြစ်ပါ တယ်။
ပွဲကြည့်စင်တွေကတော့ ရှေးခတ်ဂရိတွေရဲ့အားကစားကွင်းတွေအတိုင်း အောက်ကနေ အထက်ကိုမြင့်သွားတဲ့ထိုင်ခုံတန်းတွေပုံစံအတိုင်းတည်ဆောက်ထား တာဖြစ်ပါတယ်။ အီတလီနိုင်ငံရောမမှာတည်ရှိတဲ့ Circus Maximus ဟာလည်း ရှေးရောမအင်ပါယာရဲ့ Chariot Racing ပြိုင်ပွဲတဲ့ကျင်းပခဲ့တဲ့နေရာဖြစ်ပြီး ပရိတ်သတ်(၃၅၀ ၀၀၀)ဆန့်အား ကစားကွင်းကြီးဖြစ်တယ်လို့သိရပါတယ်။ အလွန်ကြီးမားတဲ့ဘဲဥပုံအားကစားကွင်းကြီးဖြစ်ပြီး ပြိုင်ပွဲကျင်းပရာ ကွင်းအလယ်ခေါင်းမှာ တော့တံတိုင်းငယ်တစ်ခုနဲ့ ကျင်းပတဲ့ပြိုင်ပွဲရဲ့ အမည် ၊ အကြိမ်အရေအတွက်နဲ့ ဘယ်မြင်းရထားဟာ တာဘယ်နှစ်ပတ် ရောက်ခဲ့ပြီဖြစ်ကြောင်း အမှတ်အသားပြုတဲ့ ပြိုင်ပွဲရဲ့ အနီးကပ်စောင့်ကြည့်ရေးဌာနလို့ဆိုရမဲ့အတန်းရှိပြီး ယင်းရဲ့တစ်ဖက်စီမှာတော့စစ်ရထားမောင်းနှင်ရာ ပေထောင်နဲ့ချီတဲ့ ရှည်လျားတဲ့ လမ်းမကြီး(၂)ခုတည်ရှိနေပါတယ်။
ကစားကွင်းရဲ့ တစ်ဖက်မှာတော့ စစ်မြင်းရထားပြိုင်ပွဲဝင်တွေစတင်တာထွက် ရာဂိတ်ပေါက်များစွာတည်ရှိလို့နေပါတယ်။ ပွဲကြည့်စင်တွေကတော့ အောက်ကနေအ ပေါ်အထိ အဆင့်ဆင့်တက်သွားတဲ့ပွဲကြည့်စင်အရှည်ကြီးတွေဖြစ်ပြီး Circus Maximus အားကစား ကွင်းကြီဟာ ပေ(၂၀၀၀)လောက်ရှည်လျားကြီးပေ( ၂၆၀)ထက်မနည်းကျယ်ဝန်းပါတယ်။
ပုံမှန်အားဖြင့် ယင်းကာလကပြိုင်ပွဲဝင် နှစ်ဘီးတပ်စစ်ရထားမောင်းနှင်သူတွေဟာ တာကို (၇)ပတ်လောက်ပတ်ရပြီး (၈.၄)ကီလိုမီတာအထိစစ်ရထားကိုမောင်းနှင်ကြရ ပါတယ်။ အနည်းဆုံးကြာချိန်ကတော့ (၁၅)မိနစ်လောက်ဖြစ်ပြီး မြင်းရထား(၁၂)စီး လောက်ပြိုင်ပွဲဝင်လေ့ရှိတယ်လို့သိရပါတယ်။ စစ်ရထားမောင်းနှင်သူတွေဟာ သက်ဆိုင်ရာအသင်းအလိုက်လက်ရွေးစင်ရွေးထုတ်ထားသူတွေဖြစ်ပြီး လေ့ကျင့်မှုများစွာကို လူတွေကိုသာမက မြင်းတွေကိုပါ လက်သပ်မွေးလေ့ကျင့်ထားရတာဖြစ်ပါတယ်။ မြင်းရထားမောင်းနှင်သူရဲ့နေရာမှာရှိတဲ့ အကာအကွယ်တွေ၊ အမှတ်အသားတွေကိုတော့သစ်သားနဲ့သာပြုလုပ်ကြတာများပြီး မောင်းနှင်နေတဲ့အချိန်မှာအရေးကြီးဆုံးကတော့မြင်းတွေ နဲ့ မောင်းနှင်သူဟာ မျှခြေအနေအထားမှာရှိနေဖို့အလွန်အရေးကြီးပါတယ်။
Chariot Racing တွေဟာ အရှေ့ရောမအင်ပါယာလို့သိကြတဲ့ Byzantine ကာလရောက်ချိန်မှာလည်း ဆက်လက်တည်ရှိခဲ့ပြီးယင်းကာလကပြိုင်ပွဲတွေကတော့ မရိုးမသား နဲ့ ပြိုင် ပွဲဝင်အချင်းချင်းအကောက်ကြံခြင်းတွေပါဝင်လာခဲ့ပါတယ်။ ယင်းစစ်ရထားပြိုင်ပွဲတွေဟာ ကျွန်ပိုင်ရှင်ကြီးတွေ၊အာဏာရနယ်မြေတာဝန်ရှိသူတွေအတွက် လူထုထောက်ခံမှု ရရှိရန်အရေးပါလာတဲ့အပြင် ဂုဏ်သိက္ခာပိုင်းသာမက နိုင်ငံရေးပါဝါချင်းစီးချင်းထိုးတဲ့ ပွဲစဉ်ဖြစ်တာကြောင့် ပိုမိုကြမ်းတမ်းပြင်းထန်လာခဲ့တာဟာ အားကစားပြိုင်ပွဲနဲ့တောင်မ တူတော့ပါဘူး။
Chariot Racing အများစုကိုတော့ ကွန်စတန်တီနိုပယ်(ယခု အစ္စတန်ဘူလ်) က Hippodrome မှာကျင်းပလေ့ရှိပါတယ်။ ရောမသားတွေဟာ Chariot Racing ပြိုင်ပွဲတွေ ကိုတစ်နှစ်အတွင်းမှာ (၆၆)ရက်လောက်ကျင်းပလေ့ရှိကြပြီးတစ်ခါတစ်ရံမှာဆိုရင် ရောမဧကရာဇ်ရဲ့မွေးနေ့ပွဲတွေမှာပါ ထည့်သွင်းလေ့ရှိပါတယ်။ အားပေးသူတွေဟာ သူတို့ရဲ့မြင်းရထားမောင်းနှင်သူဝတ်ဆင်တဲ့ ချပ်ဝတ်တန်ဆာနဲ့တူညီတဲ့အရောင်တွေ ကို ဆင်တူဝတ်ဆင်လေ့ရှိကြကာ အပြိုင်အဆိုင်အော်ဟစ်အားပေးကြလေ့ရှိကြပါတယ်။
ယင်းကာလက နာမည်ကျော်စစ်ရထားမောင်းနှင်တွေဟာဆိုရင် ကျွန်ပင်ဖြစ်နေလင့်ကစား အထက်တန်းလွှာရဲ့အဝတ်အစားအသုံးအဆောင်တွေကိုဝတ်ဆင်ခွင့်ရသလို ဆံပင် ပုံစံအမျိုးမျိုးကိုလည်း ဒီဇိုင်းထွင်ထားလေ့ရှိကြပါတယ်။ (၇)ရာစုမှာဖြစ်ပွားခဲ့တဲ့ ရောမနဲ့ အာရပ်တွေအကြားစစ်ပွဲကာလတွေအတွင်းမှာတော့ Chariot Racing (စစ်ရထားမောင်းပြိုင်ပွဲတွေဟာ) ရပ်ဆိုင်းသွားခဲ့ပါတယ်။ ရောမအင်ပါယာရဲ့နောက်ဆုံးသော Chariot Racing ကိုတော့ Circus Maximus ရှေးဟောင်းအား ကစားကွင်းကြီးထဲမှာ အေဒီ (၅၄၉)လောက်ကနောက်ဆုံးကျင်းပခဲ့တယ်လို့သိရပါတယ်။