” ငလှိုင်၊ သည်လှံကို ကြည့်စမ်း၊ မည်သူကိုင်တဲ့ လှံတုံး” ဟု မင်းတုန်းမင်းတရားကြီးက မေးလေရာ
” အရှင့်ခမည်းတော်ကိုင်သောလှံဖြစ်ပါကြောင်း” ယောမင်းကြီးဦးဘိုးလှိုင်က လျှောက်သည်။
မင်းတရားကြီးက “ငါ့ခမည်းတော် သည်လှံနှင့် မည်သူ့ကို စီရင်သတုန်း” ဟု ဆက်မေးတော်မူရာ
“ကျွန်တော်မျိုးကျေးဇူးရှင် အဖကို စီရင်ပါကြောင်း” လျှောက်၏။
“သည်လှံတော်နှင့် မောင်မင်းစီရင်ခြင်းကို ခံလိုသလား” ဟု မေးတော်မူရာ
ယောမင်းကြီးဦးဘိုးလှိုင်က “ထိုးတော်မူပါဘုရား” ဟု ပြောကာ ရင်ဘတ်ကို ကော့၍ ပေးလေသည်။ မင်းတုန်းမင်းက မထိုးပဲလှံကိုကိုင်၍ အတွင်းတော်သို့ ဝင်သွားသောကြောင့်သာ အသက်ချမ်းသာရာရခဲ့သည်။
အခြား ဝန်မင်းများက တင်းတင်းမာမာမပြောသင့်ကြောင့် ပြောရာ ဦးဘိုးလှိုင်ပြန်ပြောလိုက်တဲ့စကားက “ကျွနု်ပ်အားလှံဖြင့် ထိုး၍သေရခြင်းကား မြတ်ပါတယ်။ နေရာတိုင်း မင်းလိုလိုက်မင်းကြိုက်ဆောင်၍ မကောင်းမှု ဖြစ်ပွားလာပါက နိုင်ငံတော်ပျက်စီးခြင်းရောက်လေသော် နာမည်ဆိုးဖြင့် ကျန်ရစ်ခဲ့သော်သေရကျိုးမနပ်” ဟူ၍ပင်ဖြစ်သည်။
အထက်ပါဖြစ်ရပ်လေးကတော့ မင်းတုန်းမင်းနဲ့ ယောမင်းကြီးဦးဖိုးလှိုင်တို့ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်လေးပါ။ ယောမင်းကြီးဦးဖိုးလှိုင်အကြောင်းဆိုရင် ကျွန်တော်တို့ နှောင်းလူတွေဟာ အထက်ပါဖြစ်ရပ်နဲ့ ကင်းဝန်မင်းကြီးဦးကောင်းက ပြင်သစ်ကို မိုးကောင်းပတ္တမြားမြေ ရောင်းခဲ့တဲ့ကိစ္စ ဝင်ဖြေရှင်းပေးခြင်းတို့လောက်သာ သိကြတာပါ။
တကယ်တော့ ယောမင်းကြီးဦးဘိုးလှိုင်ဟာ တိုင်းပြည်နဲ့လူမျိုးအတွက် အလုပ်တွေအများကြီးလုပ်ခဲ့တဲ့၊ တုနှိုင်းမရတဲ့ သုခမိန်တစ်ယောက်ဖြစ်ပါတယ်။ ကနောင်မင်းသားကြီး ဦးဆောင်တဲ့ စက်မှုခေတ်ပြောင်းတော်လှန်ရေးမှာ ကနောင်မင်းသားဟာ ဦးဆောင်သူ၊ လက်တွေ့သမားဖြစ်ပြီး ယောမင်းကြီးဦးဘိုးလှိုင်ကတော့ လက်တွဲလုပ်ကိုင်သူ ရဲဘော်ရဲဘက်၊ အကြံဉာဏ်ပေးသူ သဘောတရားရေးရာပညာရှင်ဖြစ်ပါတယ်။
ဦးဘိုးလှိုင်ဟာ စက်မှုခေတ်တည်ထောင်ဖို့သာမက နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး စသဖြင့် မြန်မာနိုင်ငံကို အဖက်ဖက်က ခေတ်သစ်နိုင်ငံဖြစ်စေရန် ကြိုးပမ်းအားထုတ်ခဲ့သူဖြစ်ပါတယ်။ သူကိုယ်တိုင်ဟာလည်း သက္ကတ၊ ပါဠိ၊ မြန်မာစာပေများအပြင် အနောက်တိုင်းဝိဇ္ဇာ၊သိပ္ပံပညာရပ်တွေမှာလည်း နှံ့စပ်စွာ လေ့လာလိုက်စားခဲ့သူဖြစ်ပါတယ်။
ပညာရပ်ပေါင်းများစွားနဲ့ သက်ဆိုင်တဲ့ ကျမ်းပေါင်းများစွာ ပြုစုခဲ့သူလည်း ဖြစ်ပါတယ်။ တစ်ယောက်တည်းနဲ့ တက္ကသိုလ်တစ်ခု တည်ထောင်နိုင်လောက်အောင် ပညာရပ်ပေါင်းများစွာ လေ့လာလိုက်စားခဲ့သူဖြစ်တယ်လို့ ပြောစမှတ်ပြုကြပါတယ်။ ဦးဘိုးလှိုင်ဟာ ပုဂံမင်းကို တော်လှန်တဲ့ မင်းတုန်း၊ကနောင် မင်းနှစ်ပါး အရေးတော်ပုံမှာ စတင်ထင်ရှားလာခဲ့တာ ဖြစ်ပါတယ်။
အရေးတော်ပုံအောင်မြင်ဖို့အတွက် မင်းတုန်းမင်းနဲ့ မြောက်ဆောင်တော်မိဖုရားတို့ရဲ့ မွေးစားသားလည်းဖြစ်တဲ့ ဦးဘိုးလှိုင်ရဲ့ အကြံပေးမှုတွေဟာ အရေးပါခဲ့တာမို့ မင်းတုန်းမင်း နန်းတက်ချိန်မှာ ယောမြို့စားမင်းသားအဖြစ် ချီမြှောက်ခံခဲ့ရပါတယ်။ အဲဒီအချိန်တုန်းက ဦးဘိုးလှိုင်အသက်က ၂၃နှစ်ပါ။ နောက်ပိုင်း ဦးဘိုးလှိုင်ဟာ ယောက္ခမဖြစ်သူ မကွေးဝန်ကြီး ဦးကြာဥနဲ့အတူ နိုင်ငံခြားဆက်ဆံရေးကိစ္စရပ်တွေ တာဝန်ယူဆောင်ရွက်ခဲ့ရတာမို့ အသိပညာတွေ ပိုမိုတိုးပွားလာခဲ့ပါတယ်။
လက်တွေ့သမားကနောင်မင်းသားနဲ့ အတွေးအခေါ်သမားဦးဘိုးလှိုင်တို့ လက်တွဲ အလုပ်လုပ်ကြစဉ် အခါတုန်းက မြန်မာနိုင်ငံကြီးရဲ့ အနာဂတ်ဟာ လင်းလက်နေခဲ့ပါတယ်။ ခေတ်သစ်နိုင်ငံ တည်ထောင်ဖို့ရာ အနောက်နိုင်ငံများထံမှ ပညာသင်ယူဖို့လိုအပ်တာမို့ ကနောင်မင်းသားနဲ့ ဦးဘိုးလှိုင်တို့ ဦးစီးပြီး ပြင်သစ်၊ အီတလီ၊ အင်္ဂလန်နိုင်ငံများဆီ ပညာတော်သင်တွေ ရွေးချယ်စေလွှတ်ခဲ့ပါတယ်။
ကနောင်မင်းသားကြီးဟာ သူ့ရဲ့စီမံကန်းမှာ လက်တွေ့လုပ်ငန်းတွေကို သူကိုယ်တိုင် ဦးဆောင် လုပ်ကိုင်ပြီး ပညာရပ်ဆိုင်ရာတွေကိုတော့ ဦးဘိုးလှိုင်ကို အကူအညီတောင်းလေ့ရှိပါတယ်။ မြန်မာဘာသာ ကြေးနန်းရိုက်နည်း တီထွင်နိုင်ခဲ့တာကတော့ ဦးဘိုးလှိုင်ရဲ့ အထင်ရှားဆုံးတီထွင်မှုပါပဲ။ မြန်မာသင်ပုန်းကြီးမှ အခြေခံ ဗျည်း၊သရနဲ့သင်္ကေတ ၆၂မျိုးကို စုပေါင်းပြီး ဗျည်း၊သရ ၂၅မျိုးသာ အသုံးပြုထားတဲ့ ကြေးနန်းရိုက်နည်းဖြစ်ပါတယ်။
အဲဒီအတွက် ရေးသားခဲ့တဲ့ ကျမ်းနာမည်ကတော့ လိပိဒီပိကာကျမ်းဖြစ်ပါတယ်။ ဦးဘိုးလှိုင်ရဲ့ တီထွင်နိုင်တဲ့ ဉာဏ်ပညာကို အနောက်နိုင်ငံသားတွေက ချီးကျူးခဲ့ကြပါတယ်။ ဒါ့အပြင် ဦးဘိုးလှိုင်ဟာ လီလာဝတီကျမ်းကို သက္ကတဘာသာမှ မြန်မာဘာသာသို့ ပြန်ဆိုခဲ့ပါတယ်။
လီလာဝတီကျမ်းဟာ သင်္ချာဘာသာရပ်နဲ့ ပတ်သက်တာဖြစ်ပြီး အမျိုးမျိုးသော သင်္ချာတွက်နည်းများကို ရေးသားထားတာပါ။
စက်မှုလုပ်ငန်းတွေ ထွန်းကားလာဖို့ လိုလားတဲ့ ဦးဘိုးလှိုင်ဟာ နိုင်ငံခြားပြန်တပည့်တွေအကူအညီနဲ့ ခေတ်မီသိပ္ပံပညာရပ်တွေကို မြန်မာဘာသာပြန်ဆိုဖို့ ကြိုးစားခဲ့ပါတယ်။ ပထမဆုံး ပေါ်ထွက်လာတဲ့ ကျမ်းကတော့ လောကဓာတ်ဆေးကျမ်းကြီးပါ။ ဖန်ချက်ဝန်ဦးရွှေအိုးအကူအညီနဲ့ ပြင်သစ်ဘာသာ ကနေ ပြန်ဆိုထားတဲ့ အဲဒီကျမ်းကြီးဟာ အနောက်တိုင်း ဓာတုဗေဒ ပညာရပ်အကြောင်း ပြည့်စုံစွာ ရေးသားထားတာဖြစ်ပါတယ်။

ဦးဘိုးလှိုင်ဟာ ခေတ်သစ်ပညာရပ်တွေ ရေးသားနေချိန်မှာပဲ ရှေးဟောင်းပညာရပ်တွေကိုလည်း ပြန်လည်ဖော်ထုတ်ရေးသားနေခဲ့ပါတယ်။ အဲဒါတွေကတော့ အဿဗေဒကျမ်း (မြင်းတို့၏ ကြန်အင်လက္ခဏာအကြောင်း)နဲ့ သဒ္ဒသင်္ဂဟကျမ်း (ဘာသာရေးနှင့် သက်ဆိုင်သောကျမ်း)တို့ ဖြစ်ပါတယ်။
ရာထူးမမြဲတဲ့ဦးဘိုးလှိုင်ဟာ ကနောင်မင်းသားလုပ်ကြံခံရတဲ့ အရေးအခင်းကာလအတွင်း အမရပူရမှာ အကျယ်ချုပ်ကျနေခဲ့ပါတယ်။ အဲဒီအချိန်အတောအတွင်းမှာ ဦးဘိုးလှိုင်ဟာ ကမ္ဘာ့ဝါဒကြီးတွေဖြစ်တဲ့ ဟိန္ဒူတို့ရဲ့ ဗြဟ္မာဝါဒ၊ အနောက်တိုင်းမှ GODဝါဒ၊ SOULဝါဒ၊ ပသီကုလားတို့ရဲ့ ခိုဒါခေါ် လောကဖန်ဆင်းရှင်ဝါဒတို့ကို မြန်မာဗုဒ္ဓဘာသာကျမ်းဂန်တွေနဲ့ တိုင်းညှိဝေဖန်ထားတဲ့ ဝိမုတ္တိရသကျမ်းကို ရေးခဲ့ပါတယ်။ အလွယ်ပြောရရင် ကမ္ဘာ့ဘာသာပေါင်းစုံအကြောင်း ရေးထားတာပါ။
ရာထူးပြန်ရပြီးတဲ့နောက်မှာ ပခန်းကြီးမြို့စားမင်းကြီးရဲ့ တောင်းပန်ချက်အရ မဟာသမတဝိနိစ္ဆယစာတမ်းကို နေ့ချင်းပြီး ရေးသားစီရင်ပါတယ်။ အကြောင်းအရာကတော့ မင်းကောင်းမင်းမြတ်တို့ ကျင့်သုံးအပ်တဲ့ တရားတွေအကြောင်းပါ။ နောက်ပိုင်း ရာထူးကျပြန်တဲ့ ဦးဘိုးလှိုင်ဟာ ကင်းဝန်မင်းကြီး ပြင်သစ်ကို မိုးကုတ်ပတ္တမြားမြေ ရောင်းခဲ့တဲ့ ကိစ္စနဲ့ ရာထူးပြန်ရပြန်ပါတယ်။
နန်းစဉ်ပတ္တမြားငမောက်ကို ပြင်သစ်တွေကို တန်ဖိုးဖြတ်ခိုင်းတာ မဖြတ်နိုင်လို့ အဲဒီလိုပတ္တမြားတွေ အများကြီးရှိနိုင်တဲ့ မိုးကုတ်ကို ဝယ်နိုင်မှာမဟုတ်ဘူးဆိုပြီး စာချုပ်ပြန်ဖျက်ခဲ့ရတာပါ။ အဲဒီနောက်ပိုင်းမှာ ဦးဘိုးလှိုင်ဟာ ကာယာနုပဿနာကျမ်းကို အီတလီ(ရောမ)ဘာသာကနေ ပြန်ဆိုပါတယ်။ စလင်းမြို့စားမင်းသမီးရဲ့ တောင်းပန်ချက်အရရေးတဲ့ အဲဒီကျမ်းဟာ အနောက်တိုင်းမှာ ကျော်ကြားနေတဲ့ အနာတမီ ခေါ် ခန္ဓာဗေဒအကြောင်း ပြဆိုထားတဲ့ ကျမ်းဖြစ်ပါတယ်။
ဦးဘိုးလှိုင်ဟာ ဗိသုကာပညာလည်း လေ့လာခဲ့ပုံပါပဲ။ ဘာကြောင့်လဲဆိုရင် သူဦးစီးတည်ဆောက်ခဲ့တဲ့ ဣဋ္ဌရာမမြောက်ပြင်ကျောင်းတိုက်ကြီးနဲ့ မဟာအတုလဝေယန် (အတုမရှိ)ကျောင်းတော်တို့ဟာ ရောမဗိသုကာပုံစံကိုမှီးပြီး မြန်မာဆန်ဆန် အင်္ဂတေပန်းများနဲ့ ပေါင်းစပ်မွမ်းမံ တည်ဆောက်ခဲ့တာမို့ အသွင်သစ် ဗိသုကာပညာလို့တောင် ခေါ်ဆိုနိုင်ပါတယ်။
နောက်ပိုင်း မင်းတုန်းမင်းနာမကျန်းဖြစ်လာတဲ့အခါ နန်းတွင်းမှာ ဆင်ဖြူမရှင်မိဖုရားကြီးရဲ့ သြဇာလွှမ်းလာပြီး ဦးဘိုးလှိုင်ဟာ အရာကျသလို မှေးမှိန်သွားခဲ့ပါတယ်။ မင်းတုန်းမင်းနတ်ရွာစံပြီးတဲ့နောက် ဆင်ဖြူမရှင်မိဖုရားကြီးနဲ့ အပေါင်းပါတွေရဲ့ ထင်သလို ခြယ်လှယ်မှုတွေကြောင့် သွေးစွန်းခဲ့တဲ့ နန်းတွင်းမှာ သီပေါမင်း နန်းတက်လာခဲ့ပါတယ်။ သီပေါမင်းက ဦးဘိုးလှိုင်ကို ရွှေပြည်ဝန်ကြီးအဖြစ် ခန့်အပ်ခဲ့ပါတယ်။
သီပေါမင်းလက်ထက်မှာ ဦးဘိုးလှိုင်ဟာ စည်းမျဉ်းခံဘုရင်စနစ်နဲ့ ဆင်တူတဲ့ နိုင်ငံရေး အတွေးအခေါ်သစ်ဖြစ်တဲ့ ရာဇဓမ္မသင်္ဂဟကျမ်းကို ရေးသားဆက်သွင်းခဲ့ပါတယ်။ သတိပြုစရာကတော့ ဦးဘိုးလှိုင်ဟာ အဲဒီကျမ်းရေးသားရာမှာ အနောက်တိုင်း အတွေးအခေါ်သက်သက်ကို ပုံတူကူးထားတာမဟုတ်ဘဲ မြန်မာ့ရှေးဟောင်း အုပ်ချုပ်ရေးကျမ်း များစွာနဲ့ ညှိနှိုင်းရေးသားခဲ့တာပါ။ ဒီကျမ်း ဆက်သွင်းပြီးနောက်မှာ ဦးဘိုးလှိုင်ဟာ မင်းခစားအဖြစ်က အပြီးအပိုင် အနားယူလိုက်ရပါတော့တယ်။
မင်းခစားမဟုတ်တော့တဲ့ နောက်ပိုင်းမှာလည်း ဦးဘိုးလှိုင်ဟာ ကျမ်းများပြုစုခဲ့ပါသေးတယ်။ အနောက်တိုင်းဆေးပညာနဲ့ အရှေ့တိုင်းဆေးပညာကို ပေါင်းစပ်ရေးသားထားတဲ့ ဥတုဘောဇနသင်္ဂဟကျမ်း၊ စာပေအရေးအသားအဖွဲ့အနွဲ့သဘောကိုပြတဲ့ အင်္လကာနိဿယကျမ်း၊ မိမိရဲ့ အသက်အပိုင်းအခြားကို တွက်နိုင်တဲ့ ဗေဒင်ကျမ်း မဟာသုဇာတကကျမ်းတို့ဟာ ထင်ရှားပါတယ်။
မဟာသုဇာတကကျမ်းဟာ ဦးဘိုးလှိုင်နောက်ဆုံးပြုစုခဲ့တဲ့ကျမ်း ဖြစ်ပါတယ်။ တချို့ကတော့ ဦးဘိုးလှိုင်ဟာ အဲဒီကျမ်းမရေးခင်ကတည်းက မိမိအသက်အပိုင်းအခြားကို တွက်ပြီးဖြစ်တယ်လို့ ဆိုကြပါတယ်။ အဲဒီကျမ်းရေးပြီး တရားဓမ္မနဲ့သာနေတော့တဲ့ဦးဘိုးလှိုင်ဟာ နောက်နှစ်နှစ်အကြာမှာ သတိပဋ္ဌာန်တရားတော်ကိုနာယူရင်း ကွယ်လွန်သွားခဲ့ပါတယ်။
သူ့ရဲ့မင်းမှုထမ်းသက်တစ်လျှောက်လုံးမှာ နိုင်ငံနဲ့လူမျိုးအတွက် သတ္တိရှိရှိ အမြဲတမ်း အမှန်တရားဘက်ကပဲ ရပ်တည်ခဲ့တဲ့ ဦးဘိုးလှိုင်ဘဝဟာ အတက်အကျများလှပါတယ်။ အတက်အကျများလွန်းတဲ့ဘဝမှာပဲ နိုင်ငံအတွက် အလုပ်များစွာလုပ်သွားခဲ့တဲ့အပြင် နိုင်ငံသားတွေ အကျိုးများစေမယ့် ကျမ်းပေါင်းမြောက်မြားစွာကိုလည်း ပြုစုသွားခဲ့ပါတယ်။
ရှာမှရှားတဲ့ ပညာရှင်ကြီးဟာ သင်္ချာပညာ၊ ဓာတုဗေဒ၊ အနောက်တိုင်းဆေးပညာ၊ ခန္ဓာဗေဒ၊ နိုင်ငံရေး၊အုပ်ချုပ်ရေးပညာ၊ ဗိသုကာပညာ၊ စာပေနဲ့ ရှေးဟောင်းမြန်မာလောကီပညာများကို လေ့လာလိုက်စားခဲ့တဲ့အပြင် ဘာသာတရားပေါင်းစုံကိုလည်း လေ့လာခဲ့ပြီ ဘာသာတရား ကိုင်းရှိုင်းသူလည်းဖြစ်ပါတယ်။ သူတစ်ယောက်တည်းနဲ့ တက္ကသိုလ်ကျောင်းတစ်ခုထောင်လို့ရအောင် ပညာရပ်တွေ လေ့လာခဲ့တဲ့ ယောမင်းကြီးဦးဘိုးလှိုင်ဟာ နှောင်းခေတ်မြန်မာတို့အပေါ် အလွန်ကျေးဇူးကြီးမားခဲ့သူဖြစ်ကြောင်း မှတ်တမ်းပြုရေးသားလိုက်ရပါတယ်။
ကိုးကားစာရင်း
– မြန်မာ့စွယ်စုံကျမ်း အတွဲ-၈ အပိုင်း-ခ
– ပထမမြန်မာများ – မင်းယုဝေ
– ယောမင်းကြီးဦးဖိုးလှိုင်အတ္တုပ္ပတ္တိနှင့် ရာဇဓမ္မသင်္ဂဟကျမ်း – မောင်ထင်