လွန်ခဲ့သော ၁၅ နှစ်ခန့်က ဖြစ်ပါသည်။ ကျွန်တော် စာရေးဆရာ ပေါက်စဘဝ။ ဝင်ငွေ မသေချာ သေးသည့် အချိန်။တစ်နေ့ မှာတော့ လက်ရှိ ဘဝပြဿနာကို အလေးအနက် စဉ်းစား အဖြေရှာ တော့မည် ရည်ရွယ်ကာ တိတ်ဆိတ်သည့် ပန်းခြံတစ်ခုထဲ ကျွန်တော်ဝင်လာခဲ့သည်။
အမျိုးသမီးနှင့် ကျွန်တော်စေ့စပ်ကြောင်းလမ်းထားခဲ့တာ လေးနှစ်ရှိသွားပြီ ဖြစ်သည်။ သို့သော် လက်ထပ်ဖို့ မစဉ်းစားနိုင်သေး။ နောက်နှစ်မှာ ကျွန်တော့်ဝင်ငွေ ဘယ်လောက်ရှိမည်ဆိုတာ ခန့်မှန်းမရနိုင်သေး။ ပြီးတော့ ကျွန်တော်တို့ နှစ်ယောက် သိပ်တောင့်တတာ တစ်ခုရှိသည်။ ပါရီ၊ ရောမ၊ ဗီယင်နာ ၊ လန်ဒန် စသဖြင့် ဥရောပ အနှံ့အပြားမှာ လှည့်လည်နေထိုင်ရင်း စာရေးချင်သော ဆန္ဒ။
သို့သော် မကြာမကြာ ငွေအသင့်အတင့် ရဖို့ပင် မသေချာသေးသော ယခုချိန်ခါ၌ ကိုယ့်အတွက် လုံခြုံမှုရှိသည့် ကိုယ်သိကျွမ်းပြီးသား ပတ်ဝန်းကျင်ကို စွန့်ခွာကာ မိုင် ၃၀၀၀ ကျော်အဝေး ရှိ ဥရောပသို့ သွားရောက်ရန်မှာ မစဉ်းစား ကောင်းသော အရာတစ်ခု ဖြစ်နေသည်။
အဲသည်အခိုက်အတန့်မှာပင် ပန်းခြံထဲရှိ သစ်ပင်မြင့်ကြီးတစ်ခုထက်မှ ရှဉ့်ကလေးတစ်ကောင် နောက်သစ်ပင်ကြီးတစ်ပင်ပေါ် လှမ်းခုန်ကူးတာ ကျွန်တော်မြင်ရသည်။ သူ ရည်ရွယ်ပုံရသည့် ဒုတိယသစ်ပင်ကြီးမှ သစ်ကိုင်းက သူနှင့်အတော်ပင် အလှမ်းဝေးသည်။ မြင့်လည်းအမြင့်ကြီး။ သူလုပ်ပုံက စွန့်စားတာနှင့်မတူ၊ သတ်သေဖို့ ကြံစည်နေသလားပင် အောက်မေ့ရသည်။ တကယ်လည်း သူ ခုန်သည့် အကိုင်းကြီးဆီသို့ မရောက်ပါ ။ လေထဲ ပြုတ်ကျလာသည်။ သို့သော် အောက်ဘက်အတော်နိမ့်သည့် သစ်ကိုင်းတစ်ခုမှာ ဘေးမသီရန်မခ သွားချိတ်မိသည်။ ပြီးတော့ ဘာမှမမှုသလို ဟန်မျိုးနှင့် သူနဂို ရည်မှန်းရာ သစ်ကိုင်းကြီးဆီသို့ ပြေးတက်သွားသည်။ အတော်ဟုတ်သည့် ကောင်။
ခုံတန်းလျားပေါ် ထိုင်နေသည့် အဘိုးကြီးတစ်ယောက်ကလည်း သဘောကျစွာ မှတ်ချက်ချသည်။
“အံ့သြစရာကွ၊ ဒီကောင်တွေခုန်တာ ကိုယ် အကြိမ်ပေါင်း ရာချီပြီး မြင်ဖူးတယ်၊ အထူးသဖြင့် အောက်မှာ ခွေးတွေဝိုင်းနေလို့ မြေကြီးပေါ် ဆင်းမလာနိုင်တဲ့အချိန်၊ ခုန်တယ်၊ များသောအားဖြင့် လွဲသွားတာပဲ၊ ဒါပေမဲ့ အဲဒီလို ကြိုးစားရင်း နာသွားတာ ဒုက္ခရောက်သွားတာ တစ်ခါမှ မတွေ့ရဘူးကွ“ အဘိုးကြီးက ကျေနပ်အားရဟန်ဖြင့် ရယ်သည်။ ပြီးတော့မှ “အေးလေ ၊ သစ်ပင် တစ်ပင်တည်းပေါ်မှာချည်း တစ်သက်လုံး အချိန်မဖြုန်းချင်ရင်တော့ ဒီလိုပဲ စွန့်စားကြရမှာပဲ“ ဟု ဆိုလေသည်။
သည်စကားကြားပြီး ကျွန်တော့််ခေါင်းထဲ အတွေးတစ်ခု ဝင်သွားသည်။
“ရှဉ့်တစ်ကောင်တောင် ရှိတဲ့အခွင့်အရေးကို ရယူဖို့ ကြိုးစားတယ်၊ ငါက ရှဉ့်လောက် သတ္တိမရှိဘူးလား“
ကျွန်တော် ကြာကြာမဆိုင်းပါ။ နှစ်ပတ်အတွင်းမှာပင် အမျိုးသမီးနှင့် လက်ထပ်လိုက်သည်။ ထို့နောက် သင်္ဘော ခရီးအတွက် စရိတ်စက ရအောင် ကြံဖန် စုဆောင်းပြီး အတ္တလန်တိတ်ကို ဖြတ်ကူးလာခဲ့သည်။ ဥရောပမှာ ကျွန်တော်နှင့်ဆတိုး ကြိုးစားသည်။ စာတွေနှစ်ဆလောက် မြန်အောင်ရေးသည်။ ထို့နောက်တွင်ကား ကိုယ်တိုင် အံ့အား သင့်ရလောက်အောင်ပင် ကျွန်တော်လျင်မြန်စွာ အောင်မြင်ခဲ့သည်။ “လေးစားလောက်သော ဝင်ငွေ” ရှိသူ အဝန်းအဝိုင်းသို့ များမကြမီ ကျွန်တော်တို့ ရောက်ရှိသွားခဲ့သည်။
သုံးနှစ်ခန့်အကြာ နယူယောက်သို့ ကျွန်တော်တို့ ပြန်ရောက်လာကြသည့်အခါ မိတ်ဆွေတစ်ယောက်က ကျွန်တော့်အား နိုင်ငံရပ်ခြားတွင် နေထိုင်၍ စာရေးသားခဲ့သည့် အတွေ့အကြုံများအကြောင်း ဟောပြောရန်ကမ်းလှမ်းလာပါသည်။ ဟောပြောခ ကောင်းကောင်းရစေမည် ဖြစ်ကြောင်းလည်း အာမခံပါသည်။ ကျွန်တော် ခေါင်းခါသည်။ ကျွန်တော့် ပရိသတ်ရှေ့တွင် တစ်ခါမျှဟောပြောဖူးသူ မဟုတ်။ စင်ပေါ်တက်ပြီး ပရိသတ်ကို ရင်ဆိုင်မိရုံဖြင့် မေ့လဲသွားနိုင်သည်ဟု အကြောင်းပြပြီး ငြင်းသည်။
သည်အချိန် ဇနီးသည်က စကားတစ်ခွန်း ဝင်ပြောသည်။ “ တစ်ခါတုန်းက ရှဉ့်ကလေးတစ်ကောင်ရှိတယ်၊………….. မှတ်မိလား” ဟူ၍ ။ သူက ခုန်ဖို့ တိုက်တွန်းလိုက်ခြင်း ဖြစ်သည်။ ပေါ်လာသည့် အခွင့်အရေးကို အရယူဖို့။ မှန်သည်။ ကြိုးစား ကြည့်သဖြင့် အနာတရဖြစ်သွားနိုင်သည်မှ မဟုတ်ဘဲ။ အဲသည် နေရာတွင်ပဲ ဆုံးဖြတ်ချက်ကို ကျွန်တော်ပြန်ပြင်ခဲ့သည်။ နောက်လ အနည်းငယ်အတွင်းမှာ ပွဲပေါင်း ၂၀ လောက် ကျွန်တော် ဟောပြောခဲ့ရသည်။။ ဘာအနာအဆာ ထိခိုက်ဒဏ်ရာမျှမရခဲ့။ ပျော်ပင် ပျော်ခဲ့သေးသည်။
သည်နောက်မှာတော့ လုပ်ငန်းသစ်တစ်ခုကို စွန့်စားပြီး လုပ်မလား ၊ နေရာတွင်ပဲ ကုတ်တွယ်နေမလား စဉ်းစားရသည့် အခါတိုင်း တစ်ခါတုန်းက ရှဉ့်ကလေးတစ်ကောင်ကို ကျွန်တော် ပြေးသတိရသည်။ တစ်ဆက်တည်းပင် ပန်းခြံခုံတန်းလျားပေါ်က အဘိုးအို၏ စကားသံကို နားထဲ ပြန်ကြားယောင်လာသည်။
“အေးလေ၊ သစ်ပင် တစ်ပင်တည်းပေါ်မှာချည်း တစ်သက်လုံး အချိန်မဖြုန်းချင်ရင်တော့ ဒီလိုပဲ စွန့်စားကြရမှာပဲ” ဟူသော စကား။
သို့နှင့် အကြိမ်ကြိမ် အခါခါပင် ကျွန်တော် ခုန်ဖြစ်ခဲ့ပါသည်။ သည်လိုခုန်ရင်းက ရှဉ့်ကလေးတွေ ဘာကြောင့် မကြခဏ ခုန်ကြသလဲ ဆိုတာပါ ကျွန်တော် သဘောပေါက်လာသည်။ ခုန်ရတာ ပျော်စရာပေကိုး ။
Oscar Schisgall ၏ Once There Was a Squirrel
ဆရောဖေမြင့် ရဲ့ နှလုံးသား အာဟာရ ရသစာများ ၂ မှ