အလောင်းမင်းတရားကြီးနဲ့ မိဖုရားခေါင်ကြီး ခင်ယွန်းစံ တို့မှာ သားသမီး ၉ ဦး ထွန်းကား ခဲ့ပါ တယ်။ သူတို့တွေကတော့ မောင်လောက် ၊ မောင်ရွှ ၊ မယ်သာ ၊မောင်ပိုး ၊ မယ်မြတ်လှ ၊ မောင်ဝိုင်း ၊ မယ်ရွှေအိမ် ၊ မောင်စိုး ၊ မောင်ဘိုးရှင် တို့ပဲ ဖြစ်ကြပါတယ်။ ဒီအထဲမှာ သမီးတော် ၃ ပါး ကို ဖယ်လိုက်ရင် သားတော် ၆ ပါးကျန်ပါတယ်။ ဒီအထဲက မောင်လောက်(နောင်တော်ကြီးမင်း) ၊ မောင်ရွ(ဆင်ဖြူရှင်မင်း)နဲ့ မောင်ဝိုင်း(ဘိုးတော်ဘုရား) တို့သာ ဘုရင်တွေဖြစ်ခဲ့ပါတယ်။ ကျန်တဲ့သားတော် တွေရော ဘာဖြစ်သွားကြပါသလဲ…
တကယ်တော့ အလောင်းမင်းတရားကြီးမှာကြားခဲ့တဲ့ ညီအစ်ကို ကြီးစဉ်ငယ်လိုက် နန်းတက်မယ်ဆိုရင် မောင်ရွ(ဆင်ဖြူရှင်မင်း) ပြီးတာနဲ့ နန်းတက်ရမယ့် သူဟာ မောင်ပိုးဖြစ်ပါတယ်။ ဒါပေမယ့် မောင်ပိုး ဘုရင်မဖြစ်လိုက်ပါဘူး။ ဆင်ဖြူရှင်မင်းက သားတော်ကို ထီးနန်းလွှဲပေးခဲ့တဲ့ အတွက်ကြောင့်ပါ။ သူတို့ ၃ဦး အကြောင်းကို ဖော်ပြရသော်
မောင်ပိုး
မောင်ပိုးကို ၁၇၄၀ ခုနှစ်မှာ မွေးဖွားခဲ့ပြီး အမြင့်မင်းသားကြီးအဖြစ်သိကြပါတယ်။ အလောင်းမင်းတရားလက်ထက်မှာ အမြင့်မြို့ ၊ တလုပ်မြို့တွေမှာ မြို့စားရာထူး ပေးအပ်ခြင်း ခံခဲ့ရ ပါတယ်။ ဆင်ဖြူရှင်လွန်ပြီး သားတော်စဉ့်ကူးမင်း နန်းတက်ချိန်မှာတော့ မောင်ပိုးကို မသင့်တဲ့ အကြံအစည်ကြံတယ် ဆိုပြီး အပြစ်ပေး စီရင်ခံခဲ့ရ ပါတယ်။
မောင်စိုး
မောင်စိုးကို ၁၇၄၉ ခုနှစ် ဖွားမြင်ခဲ့ပါတယ်။ ပုခန်းကြီးမြို့ကို စားခဲ့ရတဲ့အတွက်ပုခန်းမင်းသားကြီး အဖြစ် ထင်ရှားပါတယ်။မင်းပေးတဲ့ဘွဲ့အမည်ကတော့ သတိုးမင်းလှမင်းရဲကျော်စွာပဲ ဖြစ်ပါတယ်။ နောက်ပုခန်း မြို့အပြင် ကလေးမြို့ပါ စားခဲ့ရပါတယ်။ ဘိုးတော်ဘုရားလက်ထက်မှာ တလုပ်မြို့ကို ထပ်မံ ချီးမြင့်ခံခဲ့ရပါတယ်။ ၁၈၂၀ ခုနှစ်မှာမင်းကွန်း အထက်ရှားရောင်းရွာမှာ ကွယ်လွန်ခဲ့ပါတယ်။
မောင်ဘိုးရှင်
မောင်ဘိုးရှင်ဟာ အလောင်းမင်းတရားကြီးရဲ့ အငယ်ဆုံးသားဖြစ်ပါတယ်။ သူ့ကို ၁၇၅၄ ခုနှစ် ရတနာသိင်္ဃနန်းတော်ထက်မှာ ဖွားမြင်ခဲ့ပြီး မြင်စိုင်းမြို့ ပင်းတလဲမြို့တွေကိုစားခဲ့ရပါတယ်။ ပင်းတလဲမင်းသားလို့ လူသိများကြပါတယ်။ ဘိုးတော်ဘုရားထီးနန်းရစေဖို့ ဖောင်ကားစား မောင်မောင်ကို ရွပ်ရွပ်ချွံချွံတိုက်ခိုက်ခဲ့သူလည်း ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဘိုးတော်ဘုရားက ညီတော်ဖြစ်သူ မောင်ဘိုးရှင်ကို နန်းလျာထားမယ် လို့ ကတိပြုခဲ့ပါတယ်။တကယ်နန်းရတဲ့အချိန်မှာတော့ ဘိုးတော်ဘုရား ကတိမတည်ခဲ့ပါဘူး။
မောင်ဘိုးရှင်ကို နန်းလျာမထားပဲ သားဖြစ်သူ အိမ်ရှေ့မင်း ဦးပေါ်ကို နန်းလျာထားခဲ့ပါတယ်။ မောင်ဘိုးရှင်က ဒါကိုမကျေနပ်တဲ့အတွက် ဘိုးတော်ဘုရားကို သေနတ်နဲ့ ချောင်းမြောင်းပြီး လုပ်ကြံခဲ့ပါတယ်။ ဘိုးတော်ဘုရားကို မထိပဲ မောင်ဘိုးရှင်သာ အဖမ်းခံခဲ့ရပါတယ်။ ဘိုးတော်ဘုရား က ခွင့်လွှတ်ခဲ့ပြီး အိမ်ရှေ့မင်းရဲ့ တပ်မှာ အမှုထမ်းစေခဲ့ပါတယ်။ ဒါပေမယ့် နောက်တစ်ကြိမ် ထီးနန်းလုဖို့ ထပ်မံကြိုးပမ်းမှုနဲ့ ၁၇၈၅ ဇူလိုင်လမှာ စီရင်ကွပ်မျက်ခံခဲ့ရပါတယ်။
ဒါတွေကတော့ အလောင်းမင်းတရားကြီးရဲ့ ဘုရင် မဖြစ်ခဲ့သူ သားတော်တွေအကြောင်းပဲ ဖြစ်ပါတယ်။
ကိုးကား
ရာဇဝင်ထဲက အငြင်းပွားစရာများ – တင်နိုင်တိုး