ရေးသားသူ – Academy Page
မော်စကိုမြို့၏ ထင်ရှားကျော်ကြားသည့် Landmarks နေရာဖြစ်သည် ။ Kremlin မှာ မော်စကိုမြို့လယ်မှ တြိဂံပုံသဏ္ဍာန် တံတိုင်းများကာရံထားသည့် နေရာဖြစ်ကာ အနီးတွင် မော်စကိုမြစ်ရှိသည် ။ ရင်ပြင်နီဆိုသည်မှာ Kremlin အရှေ့ဖက်နံရံ အနီးရှိ လူသွား ကွင်းပြင်ကျယ် ဖြစ် သည် ။
ကရမ်မလင်
ရုရှားတို့သည် အေဒီ ၁၁၅၆ – ခုနှစ်အချိန်က မွန်ဂိုများ၏ ကျူးကျော်မှုရန်မှ ကာကွယ်ရန် ကရမ်မလင်(Kremlin) ခံတပ်စခန်းအား စတင်တည်ဆောက်ခဲ့ကြသည်။ ထိုခေတ်ထိုအချိန်က မွန်ဂိုများသည် Kremlin အား အကြိမ်များစွာ တိုက်ခိုက်သိမ်းယူခဲ့ကြသည် ။
ထို Kremlin ဒေသသည် ၁၉၁၇ခုနှစ် ရုရှားတော်လှန်ရေးမတိုင်မှီအချိန်အထိ ဇာဘုရင်များမှ ထိန်းချုပ်ခဲ့ကြသည် ။ ယခင်ဆိုဗီယက်ပြည်ထောင်စု အချိန်မှစ၍ ရုရှားနိင်ငံအစိုးရ၏ နိင်ငံရေးဆိုင်ရာ ရုံး ၊ ဌာနများ တည်ရှိရာနေရာဖြစ်လာခဲ့သည် ။
ယနေ့ Kremlin ထဲရှိ အစိုးရရုံးစိုက်ရာနေရာများ ၊ Kremlin နန်းတော် နှင့် ရုရှားတို့ကိုးကွယ်သည့် Orthodox ခရစ်ယန်ဘုရားကျောင်းသည် အေဒီ ၁၅ -ရာစုအချိန်က တည်ဆောက်ခဲ့ကြသည့် အဆောက်အဦးများဖြစ်သည် ။
ထိုအထဲတွင် ၁၉ -ရာစုအချိန်က တည်ဆောက်ခဲ့သည့် Armory နန်းတော် ပြတိုက် ၊ Great Kremlin နန်းတော်စသည့် ဗိသုကာ လက်ရာမြောက်အဆောက်အဦးများ ၊ ကမ္ဘာ့အကြီးဆုံးခေါင်းလောင်းကြီး Tsar နှင့် ဘာသာရေးဆိုင်ရာ အဆောက်အဦး များလည်းရှိသည် ။ ရုရှားနိုင်ငံ၏ ရှေ့ခေတ် စာပေ နှင့် ယဉ်ကျေးမှုအမွေအနှစ်ပြတိုက်များ ၊ ပန်းခြံများလည်းရှိသည်။ ကရမ်မလင်ကို ရုရှား၏ အသည်းနှလုံး (The Heart of Russia) ဟု တင်စားခေါ်ဝေါ်ကြသည်။
ရင်ပြင်နီ
ရင်ပြင်နီ ဆိုသည်မှာ ရှေးခေတ်ရုရှားဘာသာစကားအရ (လှပသော) ဟူသောစကားလုံးသည် red (နီသော) စကားလုံးမှ ဆင်းသက်လာသည်ဖြစ်၍ ရင်ပြင်နီကို သာယာလှပသည့်ရင်ပြင်ကြီးဟုလည်း ၁၇ ရာစုအလယ်ပိုင်းအထိ ခေါ်ဆိုခဲ့ကြသည်။
တချိန်က ရန်သူများ၏ တိုက်ခိုက်ခြင်းကို ခံရပြီး မကြာခဏ မီးလောင်လေ့ရှိသဖြင့် မီးလောင်ပြင်ဟုလည်း ခေါ်ခဲ့ကြသည်။ ထို့ပြင် အပြစ်သားများကို ကွပ်မျက်သည့်နေရာဖြစ်ခဲ့သဖြင့် သွေးချောင်းလွင်ပြင် ဟုလည်း ခေါ်ခဲ့ကြပြန်သည်။
အကျယ်အဝန်းအားဖြင့် ဧရိယာစတုရန်းမီတာ ၇၃၀၀၀ အထိရှိသည့် ကွင်းပြင်ဖြစ်သည်။ ထို Red Square နေရာတွင် ၁၅ရာစုအချိန်က တည်ဆောက်ထားသည့် Cathedral of Saint Basil အဆောက်အဦး နှင့် ၁၉ -ရာစုအချိန်က တည်ဆောက်ခဲ့သည့် State Historical Museum တို့သည် ထင်ရှားသည့် ကမ္ဘာကျော်အဆောက်အဦးများဖြစ်ကြသည် ။
Cathedral of Saint Basil ဘုရားကျောင်းအား စစ်အောင်နိုင်ခြင်းအထိမ်းအမှတ်အနေဖြင့် ရုရှားဇာဘုရင် Ivan IV Vasilyevich မှ ၁၅၅၅ – ခုနှစ် တွင် စတင်တည်ဆောက်ခဲ့ပြီး နှစ်ပေါင်း-၁၀၀ ကျော်အကြာ ၁၆၇၉ – ခုနှစ် တွင်မှပြီးစီးခဲ့သည် ။ ၁၈၁၂- ခုနှစ် တွင်နပိုလီယံ နှင့် စစ်ပွဲ၌ ဖျက်ဆီးခံခဲ့ရပြီး ( ၁၈၃၉ – ၁၈၄၅ ) ခုနှစ် အတွင်းပြန်လည်တည်ဆောက်ခဲ့သည် ။အဆောက်အဦးတွင် အမိုးလုံးအချွန် – ၁၀ ခု ပါဝင်သည် ။
ဒုတိယကမ္ဘာစစ်အတွင်းက စစ်အင်အားပြအခမ်းအနား ၊ ဂျာမနီအားအောင်နိုင်ခြင်း စစ်ရေးပြအခမ်းအနား နှင့် နာမည်ကျော် ရုရှားအာကာသယဉ်မှူး ယူရီဂါဂါရင်ကို ဂုဏ်ပြုအခမ်းအနားကျင်းပခဲ့သည့် သမိုင်းဝင်နေရာလည်းဖြစ်သည်။ ယနေ့ အချိန်တွင် ရင်ပြင်နီ နေရာသည် အများပြည်သူအနားယူအပန်းဖြေသည့်နေရာဖြစ်ပြီး ၊ တခါတရံ ရုရှားအစိုးရမှအခမ်းအနား ကျင်းပလေ့ရှိသည့်နေရာဖြစ်သည် ။
Academy Page