လကျာ်ပျံချီသည် အင်းဝသူရဲကောင်းများထဲမှ လက်ရုံးရည် နှလုံးရည်နှင့်ပြည့်စုံသူ ၊ မွန်ဘုရင်ရာဇာဓိရာဇ်အား အခက်အခဲတွေ့စေသူ အဖြစ်ထင်ရှားခဲ့ပါတယ်။ လက်ရာပျံချီဟာ အင်းဝသူရဲကောင်းဆိုသော်လည်း မွန်တစ်ယောက်သာ ဖြစ်ပါတယ်။ ရာဇာဓိရာဇ်နှင့် အမျိုးအရင်းခေါက်ခေါက် တော်စပ်သူလည်း ဖြစ်ပါတယ်။ အမျိုးအရင်းဖြစ်ပေမယ့် ရန်သူတွေ ဖြစ်ရတဲ့အကြောင်း ရှိပါတယ်။ လကျာ်ပျံချီရဲ့ဖခင်ဟာ ရာဇာဓိရာဇ်ကို အမြဲဆန့်ကျင်ပုန်ကန်နေခဲ့သူ မြောင်းမြစား လောက်ဖျား ဖြစ်နေတာကြောင့်ပင်။
ဖတ်စာအုပ်ထဲမှ စီးချင်းတိုက်ပွဲစကားပြေတွင် ရာဇာဓိရာဇ်အား ရှုံးလုနီးနီးတိုက်နိုင်ခဲ့သော ဗျည်းနွဲ့မှာ လကျာ်ပျံချီ၏ မွေးချင်းတစ်ဦးပင် ဖြစ်ပါတယ်။ အဖေဖြစ်သူ မြောင်းမြစားလောက်ဖျားကြောင့် ငယ်စဉ်ကတည်းက စစ်ပွဲများနှင့် မစိမ်းသူ ဖြစ်ခဲ့ပါတယ်။ ကြီးပြင်းလာတဲ့အခါ အင်းဝဘုရင်ရဲ့လက်အောက်သို့ ဝင်ရောက်ခဲ့ပါတယ်။ သူမည်မျှတော်သော်လည်း ဖခင်၏ ရန်သူရာဇာဓိရာဇ်က သူ့ကိုသူကောင်းပြုလိမ့်မည် မဟုတ် လို့ ထင်မှတ်ခဲ့တာကြောင့် ဖြစ်နိုင်ပါတယ်။
လကျာ်ပျံချီဟာ ဘုရင်မင်းခေါင်ရဲ့ခမည်းတော် မင်းကြီးစွာစော်ကဲ လက်ထက်ကပင် ပြည်မြို့စားဖြစ်ခဲ့ပါတယ်။ သူ့ကိုနာမည်ကြီးစေခဲ့တာကတော့ ဘုရင်မင်းခေါင်နန်းတက်စ ပြည်မြို့တိုက်ပွဲကြောင့် ဖြစ်ပါတယ်။ ထိုအချိန်က ဘုရင်မင်းခေါင်က နန်းတက်စဖြစ်တာကြောင့် နန်းတွင်းသြဇာတည်ဆောက်နေချိန် ဖြစ်တာကြောင့် အင်အားနည်းနေတဲ့အချိန်ပါ။ ဒါကိုသိတဲ့ ရာဇာဓိရာဇ်ဟာ အင်းဝကို တိုက်ရန် အင်အားအလုံးအရင်း နဲ့ စစ်ချီလာခဲ့ရာ အင်းဝ၏ တောင်တံခါးပေါက်ဟု ဆိုအပ်တဲ့ ပြည်မြို့ကိုရောက်ရှိလာပါတယ်။
ပြည်မြို့ဟာ ဟံသာဝတီမှ အင်းဝသို့သွားရာမှာ အလွန်အချက်အချာကျတဲ့ မြို့ပါ။ ဧရာဝတီမြစ်ကမ်းဘေးမှာရှိတဲ့အတွက် ရေလမ်း ကုန်းလမ်း အဆင်ပြေတဲ့မြို့ပါ။ ပြည်မြို့ကျတာနဲ့ အင်းဝနေပြည်တော်ဟာ စိုးရိမ်ရပါတယ်။ ဒါကိုသိတဲ့ လကျာ်ပျံချီဟာ အုတ်မြို့ရိုး ၊ ကျုံးမြောင်းများကို စနစ်တကျခိုင်ခံအောင် ပြုပြင်ထားခဲ့ပါတယ်။ ရာဇာဓိရာဇ်တပ်များ ချီတက်လာတာကို သိတာနဲ့ လကျာ်ပျံချီဟာ လူသူရိက္ခာများကို မြို့တွင်းသို့သွင်းကာ မြို့တံခါးကို ပိတ်ပြီး ခုခံရန်အသင့်ပြင်ဆင်ထားပါတယ်။
သို့သော် မွန်တပ်များက အခိုင်အခံပြင်ဆင်ထားတဲ့ ပြည်ကိုမတိုက်ခဲ့ပါချေ။ ပြည်ကိုတိုက်ခိုက်သော် အင်းဝသို့ဆက်မချီနိုင်ပဲ ရက်အတန်ကြာကာ အင်အားလျော့နည်းမှာ သိတဲ့အတွက်ကြောင့် ပြည်ကိုမတိုက်ပဲ ကျော်သွားကြပါတယ်။ ထိုသို့ချီတက်ရင်း ရာဇာဓိရာဇ်၏ သမီးတော်တလမည်ကျော် မကျန်းမာတာကြောင့် ခေါင်းလောင်းကျဟူသောအရပ်မှာ သမက်ဖြစ်သူ စောမဟာရာဇ်ကို တပ်မှူးအဖြစ် တပ်တစ်တပ်နှင့်ထားကာ ကျန်တပ်များက အင်းဝကို ဆက်လက်ချီတက်သွားကြပါတယ်။
ထိုအကြောင်းကို လကျာ်ပျံချီက ထောက်လှမ်းသိရှိပြီး ဖြစ်တာကြောင့် ညရောက်တဲ့အခါ စောမဟာရာဇ်တပ်ကို ဝင်တိုက်ပါတော့တယ်။ အမှတ်မထင် အတိုက်ခံရတဲ့အတွက် စောမဟာရာဇ်တပ်ပျက်သွားခဲ့သလို မွန်မင်းသမီးကို ဖမ်းဆီးလိုက်နိုင်ပါတယ်။ တပ်အချို့ကိုခွဲထုတ်ကာ မွန်မင်းသမီးအား အင်းဝသို့ လျို့ဝှက်ပို့စေခဲ့ကာ ကိုယ်တိုင်ကတော့ ရရှိတဲ့လက်နက် ရိက္ခာတို့ကိုယူပြီး မြို့တွင်းသို့ပြန်ဝင်နေပါတယ်။
ထိုအကြောင်းကို ရာဇာဓိရာဇ် မသိ။ အင်းဝသို့ တိုက်ခိုက်ရန်အသွား စကြိုသူမြတ်မေတ္တာရပ်ခံတာကြောင့် စစ်ရုပ်ပြီးပြန်အလာ စလေရောက်မှ သိပါတယ်။ မကျေနပ်သော်လည်း စစ်ပန်းနေပြီဖြစ်တာကြောင့် ဘာမျှမတတ်နိုင်ပါတော့ချေ။ လကျာ်ပျံချီအပေါ် အငြိုးကြီး ငြိုးသွားပါတော့တယ်။ သိပ်မကြာမီမှာပဲ ရာဇာဓိရာဇ်ဟာ အင်အားအလုံးအရင်းနဲ့ ပြည်ကို စစ်ချီပါတော့တယ်။ အင်အားတစ်သိန်းခန့် ရှိတဲ့တပ်ကြီးနဲ့ ပြည်မြို့ကို ကြည်းကြောင်းရေကြောင်း ဝန်းရံထားလိုက်ပါတယ်။ ပြည်မြို့ကို အဆုံးမခံနိုင်တဲ့ အင်းဝဘုရင်မင်းခေါင်က အင်အားသုံးသောင်းရှိတဲ့ မြင်းတပ်ကို ခုခံရန် စေလွှတ်ခဲ့သော်လည်း အင်အားကြီးမားတဲ့ ရာဇာဓိရာဇ်တပ်များရဲ့ ချေမှုန်းခြင်းကို ခံလိုက်ရပါတယ်။ ထို့နောက် ဝန်းရံထားသော ပြည်မြို့ကို အဘက်ဘက်မှ တိုက်ခိုက်ပါတော့တယ်။
သို့သော် လကျာ်ပျံချီ၏ စနစ်တကျပြင်ဆင်မှုများကြောင့် ရာဇာဓိရာဇ်တပ်များ ပြည်မြို့ရိုးကို ပေါက်အောင်မဖောက်နိုင်ပါချေ။ မြို့ရိုးအပြင်ဘက်ရှိ ကျုံးထောက်ချောက်များ သတ်ကွင်းများကို အလွတ်ဖြတ်ကျော်လာကြတဲ့ မွန်တပ်များမှာ လေး မြှား ၊ သေနတ် ၊ အမြှောက် ၊ လောက်လွှဲစသည့် လက်နက်များဖြင့် ချေမှုန်းခံရသလို ထိုလက်နက်များကို ကျော်ဖြတ်ကာ မြို့ရိုးအနီးရောက်ရှိသူ ရဲမက်အနည်းငယ်ကိုလည်း ဆီမီးအိုးများ ၊ ရေနံ ၊ အင်တွဲ ၊ ပွဲလျက်များကို အပူပေးလောင်းချ ၊ ငရုတ်ရည်များကိုသုံးကာ တိုက်ခိုက်ခဲ့ပါတယ်။ ရာဇာဓိရာဇ်တပ်များ အကြိမ်ကြိမ်တိုက်ခိုက်သော်လည်း မည်သို့မျှမထိုးဖောက်နိုင်ပဲ မိမိစစ်သည်များသာ အကျအရှုံးများလာခဲ့ပါတယ်။
ထို့ကြောင့် ရာဇာဓိရာဇ်ဟာ ဗျူဟာပြောင်းလိုက်ပါတယ်။ မတိုက်တော့ပဲ ဝန်းရံကာ မြို့တွင်း၌ ငတ်ပြတ်အင်အားမရှိတော့မှ အလွယ်တကူသိမ်းမည့် ဗျူဟာပါ။ အမှန်တကယ်လည်း ပြည်မြို့တွင်းတွင် ရိက္ခာမရှိတော့။ နောက်ဆုံး ဖွဲနု နှင့် ထန်းအူများကို စားနေရသည့် အခြေအနေကိုပင် ရောက်နေခဲ့ပါပြီ။ သို့သော် လကျာ်ပျံချီသည် အညံ့မခံ အသက်ပင် သေစေတော့ နောက်ဆုံးအချိန်ထိ တိုက်ခိုက်သွားမည်ဟု ခံယူထားခဲ့ပါတယ်။
ထိုအချိန်မှာပဲ ဘုရင်မင်းခေါင်က အင်အားခုနှစ်သောင်း ရှိတဲ့တပ်နဲ့ ပြည်မြို့ကို ကိုယ်တိုင်ဆင်းလာခဲ့ပါတယ်။ ရာဇာဓိရာဇ်သိသော် တပ်မှူးများကို ခေါ်ကာ တိုက်မည်လော ဆုတ်မည်လော ဟု မေးတော်မူရာ အမတ်ဒိန် အစရှိတဲ့ အမတ်များက ဆုတ်ရန်ပြောသော်လည်း သမိန်ဇိပ်ဗြဲ ၊ ဗြထပိုက် ၊ ဘောကျော် စသည့်တပ်မှူးများက အင်အားဖြည့်တင်းပေးလျှင် အနိုင်တိုက်နိုင်ပါမည် ဟု ဆိုပါတယ်။
ထိုတပ်မှူးများရဲ့စကားကို နားယောင်သွားတဲ့ ရာဇာဓိရာဇ်ဟာ လူသူလက်နက်ဖြည့်တင်းကာ ပြည်မြို့ကို ဆက်လက်တိုက်စေခဲ့ပါတယ်။ ထိုသို့တိုက်သော်လည်း လကျာ်ပျံချီ၏ အစီအမံများကို မကျော်နိုင်သည့်အပြင် စစ်ကူရောက်လာသော ဘုရင်မင်းခေါင်တပ်၏ ခြေမှုန်းခြင်းကို ခံလိုက်ရပါတယ်။ ထိုတိုက်ပွဲမှ စကာ လကျာ်ပျံချီ နာမည်ကြီးကာ ခံစစ်ဗျူဟာကျွမ်းကျင်သူ ပြည်စားပျံချီ ဟူ၍ ပြောစမှတ်ပြုခြင်း ခံရကာ အင်းဝမင်းများ၏ သူကောင်းပြုခြင်းကို ခံခဲ့ရပါတယ်။
ထိုအချိန်မှ စ၍ ဟံသာဝတီတပ်များ ပြည်မြို့ကို မကြံစည်ဝံ့တော့ပဲ နောက် ခုနှစ်နှစ်အကြာမှ ဒုတိယအကြိမ် ထပ်မံတိုက်ခိုက်ပြန်ပါတယ်။ ပထမအကြိမ်တည်းက အတွေ့အကြုံရှိထားတဲ့ လကျာ်ပျံချီဟာ ပိုမို ပြင်ဆင်မှုများကို ပြုလုပ်ထားခဲ့ပါတယ်။ ရိက္ခာပြဿနာအတွက်လည်း လပေါင်းများစွာခံတိုက်နိုင်သည့် ရိက္ခာများကို စုစည်းထားခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာလည်း ဟံသာဝတီတပ်များ အလူးအလဲခံရပြန်ပါတယ်။ ပထမအကြီမ်ထက် ပို၍ဆိုးသည်မှာ လကျာ်ပျံချီက မြို့ရိုးအပြင်ဘက် ပတ်ပတ်လည်တွင် သေနတ်စည်း ၊ မြတပူစည်း စည်းအထပ်ထပ်တားကို စနစ်တကျပြန်လည် တိုက်ခိုက်ခဲ့တဲ့အတွက်ပါ။ ဟံသာဝတီတပ်များ မြို့တွင်းသို့ ဝင်ရန်မပြောနှင့် မြို့ရိုးနားပင် မကပ်နိုင်ပါချေ။ တစ်လခွဲကြာ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့သော်လည်း လကျာ်ပျံချီ၏ အစီအမံများကို မကျော်ဖြတ်နိုင်ခဲ့ပါချေ။
ထိုအချိန်မှာပဲ ယိုးဒယားတို့က မုတ္တမကိုလာရောက်တိုက်ခိုက်တာကြောင့် ရာဇာဓိရာဇ်သည် သားတော်ဗညားပုသိမ်ကို တပ်မှူးကိုးယောက် ၊ အင်အား ငါးသောင်း ပေးအပ်ကာ ကိုယ်တော်တိုင်ကတော့ ယိုးဒယားတို့ရန်ကို ကာကွယ်ရန် ပဲခူးသို့ပြန်သွားခဲ့ပါတယ်။ သားတော်ဗညားပုသိမ်သည် သုံးလခန့် ပြည်မြို့ကို ဆက်လက်လုပ်ကြံပါသော်လည်း အခြေအနေမထူးခြားပဲ ရဲမက်များကျဆုံးသည်သာ အဖတ်တင်ပါတယ်။ ထိုအချိန်အတွင်းမှာပဲ ဘုရင်မင်းခေါင် နှင့် မင်းရဲကျော်စွာ၏တပ်များ ပြည်မြို့သို့ချီတက်လာကာ ဗညားပုသိမ်၏ တပ်များကိုပြင်းထန်စွာ တိုက်ခိုက်ပါတော့တယ်။
ယိုးဒယားတို့ကို စစ်နိုင်ပြီးပြန်လာတဲ့ ရာဇာဓိရာဇ်ကလည်း စစ်အင်အား တစ်သိန်းနဲ့ သားတော်ဗညားပုသိမ်ကို ကူရန်ပြည်မြို့သို့ ထပ်မံချီတက်လာပြန်ပါတယ်။ အင်းဝတပ်နှင့် ဟံသာဝတီတပ်များ ရင်ဆိုင်နေစဉ်အတွင်းမှာပဲ ရာဇာဓိရာဇ်ဟာ ကြီးမားတဲ့ ဆုံးရှုံးမှုများစွာကို ရင်ဆိုင်ခဲ့ရပါတယ်။ လက်ရုံးတစ်ဖက်လိုအားထားရတဲ့ စစ်သူကြီးသမိန်ဗြဇ္ဇ မကျန်းမာ၍ ကွယ်လွန်သွားသလို ၊ အားအထားရဆုံး သူရဲကောင်း လဂွန်းအိမ်ကလည်း မင်းရဲကျော်စွာ၏ ပရိယာယ်ကြောင့် လှေလေးစင်း-တစ်စင်း ယှဉ်တိုက်ကာ ကျဆုံးသွားတဲ့အပြင် သမက်ဖြစ်သူ သူရဲကောင်း သမိန်ဗရမ်းသည်လည်း အဖမ်းခံလိုက်ရပါတယ်။ ဆုံးရှုံးမှုများကြောင့် ဆက်လက်မတိုက်ခိုက်တော့ပဲ ရာဇာဓိရာဇ်တပ်များ ဆုတ်ခွာသွားပါတော့တယ်။
ပြည်မြို့အနီးတွင် ဖြစ်ပွားသမျှတိုက်ပွဲတိုင်းတွင် ဟံသာဝတီတပ်များ အရေးနိမ့်ခဲ့ရခြင်းမှာ လကျာ်ပျံချီ၏ အစီအမံများကြောင့်ပင် ဖြစ်ပါတယ်။ ဤသို့ အောင်ပွဲအလီလီရယူခဲ့သော သူရဲကောင်း လကျာ်ပျံချီဟာ မွန်မြို့များကို တိုက်ခိုက်သိမ်းပိုက်ရင်း ဒလမြို့တိုက်ပွဲတွင် ရန်သူ့မြှားချက်ကြောင့် မြင်းထက်၌ ကျဆုံးခဲ့ရပါတယ်။
ကိုးကား :
ရာဇာဓိရာဇ်အရေးတော်ပုံကျမ်း – ဒေါက်တာနိုင်ပန်းလှ
မြန်မာ့စွယ်စုံကျမ်း