ဒုတိယကမ္ဘာစစ်ဖြစ်ပွားနေချိန်မှာ အကြောင်းအမျိုးမျိုးကြောင့် ထင်ပေါ်ကျော်ကြာလာတဲ့သူတွေ အများကြီးရှိပါတယ်။ အဲ့အထဲမှာ ဘတ်ချ်အိုဟဲယားလည်း ပါဝင်ပါတယ်။ အိုဟဲယားဟာ တိုက်လေယာဉ်မှူးတစ်ဦးဖြစ်ပါတယ် ပစိဖိတ်ဒေသမှာ တာဝန်ကျနေတဲ့ အမေရိကန်လေယာဉ်တင်သင်္ဘောအုပ်စုနဲ့အတူ တိုက်ပွဲဝင်ဖို့ တာဝန်ပေးခံရတဲ့လေယာဉ်မှူးတစ်ဦးဖြစ်ပါတယ်။
တစ်နေ့ သူတို့လေယာဉ်အုပ်စုဟာ နေရာတစ်ခုကိုသွားရောက်တိုက်ခိုက်ဖို့ တာဝန်ပေးခြင်းခံရတယ်။ အမိန့်အတိုင်းသတ်မှတ်နေရာကိုပျံသန်းနေစဉ်မှာ လေယာဉ်ဆီလျော့နည်းလာကြောင်း အချက်ပြမီးကလေးပေါ်လာတာကို သူသတိထားမိသွားတယ်။ ဒါနဲ့ဆီတိုင်ကီကိုကြည့်တော့ သတ်မှတ်ထားတဲ့နေရာကိုသွားဖို့ ဆီမလောက်တော့ဘူးဆိုတာ သူသိသွားတယ်။
ဒါကြောင့် သူတို့လေယာဉ်တင်သင်္ဘောဆီကို ပြန်လှည့်ပျံသန်းခဲ့တယ်။ သင်္ဘောပေါ်ရောက်တဲ့အခါ ခေါင်းဆောင်ဖြစ်သူက အဖွဲ့လိုက်ပျံသန်းတိုက်ခိုက်တဲ့လေယာဉ်အုပ်စုကနေ အိုဟဲယားကို ထုတ်ပစ်လိုက်တယ်။ ဒါနဲ့သူလည်း လေယာဉ်တင်သင်္ဘောဆီကိုပဲ ပြန်ခဲ့ရတယ်။
တစ်နေ့တော့ ဂျပန်ဇီးရိုးလို့ အမည်ရတဲ့ ဂျပန်လေယာဉ်အုပ်စုကြီးက သူတို့လေယာဉ်တင်သင်္ဘောဆီကို ဦးတည်ပျံသန်းလာတာကို သူတွေ့လိုက်ရတယ်။ အဲ့အချိန်မှာ တခြားတိုက်လေယာဉ်တွေက သတ်မှတ်နေရာတွေကို သွားတိုက်နေတဲ့အချိန်ပေါ့။ အဲ့အချိန်မှာ ကျန်ခဲ့တဲ့တိုက်လေယာဉ်ဆိုလို့ သူတစ်စီးတည်း ……
အမေရိကန်သင်္ဘောဟာ အကာကွယ်မဲ့နေပြီ သူမှမကာကွယ်ရင် သူတို့တစ်အုပ်စုလုံး ဒုက္ခရောက်ရမယ့်အခြေအနေဖြစ်နေပြီ။ ဒါကြောင့် သူက သူ့တိုက်လေယာဉ်ကို စက်ကုန်ဖွင့်ပြီး ဂျပန်တိုက်လေယာဉ်အုပ်စုထဲထိုးဝင်ကာ တိုက်ခိုက်တော့တယ်။
အိုဟဲယားဟာ ပါသမျှကျည်ဆံကုန်တဲ့အထိတရစပ် ပစ်ခတ်ခဲ့တယ်။ ဒါ့အပြင် ဂျပန်လေယာဉ်တွေ ခရီးမတွက်အောင် အရှေ့ကနေ အတက်အဆင်း အကွေ့ကောက်မျိုးစုံနဲ့ပျံသန်းပြီး ဟန့်တားခဲ့တယ်။ နောက်ဆုံးမှာ ဂျပန်တိုက်လေယာဉ်အုပ်စုဟာ လမ်းကြောင်းပြောင်းပြီး ထွက်ခွာသွားပေမယ့် အိုဟဲယားရဲ့လေယာဉ်ကတော့ ဆိုးဆိုးရွားရွား ပစ်ခံထိထားခဲ့တယ်။
သူ့လေယာဉ်တင်သင်္ဘောဆီကိုတော့ အရောက်ပြန်နိုင်ခဲ့ပါတယ် ဒီအဖြစ်အပျက်အားလုံးကို ဘတ်ချ်အိုဟဲယားရဲ့ လေယာဉ်မှာတပ်ဆင်ထားတဲ့ကင်မရာကနေ အားလုံးရိုက်ကူးထားတော့ အမေရိကန်လေယာဉ်တင်သင်္ဘောတစ်အုပ်စုလုံးကို ခက်ခက်ခဲခဲ အသက်စွန့် ကယ်တင်ခဲ့တာကို နောက်ပိုင်းမှာ တီဗီဖန်သားပြင်ပေါ်မှာပေါ်လာတော့ လူအများကြည့်ခွင့်ရခဲ့ကြတယ်။
အဲဒီလုပ်ဆောင်မှုကြောင့် ဘတ်ချ်အိုဟဲယားကို တပ်မတော်ရဲ့အမြင့်ဆုံးဘွဲ့တံဆိပ်ချီးမြှင့်ပြီး သူရဲကောင်းတစ်ဦးအဖြစ် သတ်မှတ်ဂုဏ်ပြုခဲ့ကြတယ်။ ဒါ့အပြင် သူ့ကိုဂုဏ်ပြုတဲ့အနေနဲ့ အမေရိကန်နိုင်ငံ ချီကာကိုမြို့ရဲ့ လေဆိပ်တစ်ခုကို အိုဟဲယား(O’Hare) လေဆိပ် လို့ အမည်ပေးခေါ်ဝေါ်ခဲ့ကြတယ်။
အမေရိကန်နိုင်ငံ ချီကာဂိုမြို့မှာ O’Hare International Airport ဟာ ဘတ်ချ်အိုဟဲယားရဲ့ သူရဲကောင်းအထိမ်းအမှတ်တစ်ခုအနေနဲ့ ယနေ့တိုင် ဆက်လက်တည်ရှိနေပါသေးတယ်။
Via : သိစရာ မှတ်စရာ အဖြာဖြာ