ရေးသားသူ – ကျည်ဆံ
Via : လှသန်းထိုက်
တချိန်ကအာရှတွင်အကြီးဆုံးထောင်ဖြစ်ခဲ့တဲ့ ရန်ကုန်ထောင်ပါ။ အင်းစိန်ထောင်မဟုတ်ဘူးနော်။ ယနေ့ ရန်ကုန်မြို့ ဘုန်းကြီးလမ်းနှင့် ပြည်လမ်းထောင့် ယခင် စိန်ဂျွန်းဈေးရှေ့(ယခုသူနာပြုတက္ကသိုလ်နေရာ) မှာ ဗြိတိသျှတို့ တည်ဆောက်ခဲ့တဲ့ထောင်ကြီးဖြစ်ပါတယ်။
ရဟန်းအာဇာနည် ဦးဝိစာရအသက်ပေးခဲ့တာ ဒီထောင်မှာဖြစ်ပြီး ဆရာကြီးလူထုဦးလှ နဲ့ ဆရာဗန်းမော်တင်အောင်တို့ နိုင်ငံရေးအမှုတွေနဲ့ အဖမ်းခံခဲ့ရတာကလည်း ဒီထောင်မှာပါပဲ။ တခေတ်တစ်ခါကတော့ နာမည်အကြီးဆုံးထောင်ဖြစ်ခဲ့ပါတယ်။
ထောင်ရှေ့ဗိုလ်ချုပ်လမ်း (ယခင်က Montgomery လမ်း)ဘက်က ထောင်ဗူးဝ တဖက်ကားလမ်းမှာ ထောင်ပိုင်ရုံးနဲ့ ထောင်ဝန်ထမ်းများနေထိုင်ရာ တန်းလျားများရှိခဲ့ပါတယ်။
မျက်စောင်းထိုးက ဗဟိုစည်ရပ်ကွက်က အစောပိုင်းမှာမရှိသေးပါဘူး။ ထောင်အတွင်းသို့အလည်ပတ်ရောက်ဖူူးသူရှိပါလိမ့်မယ်။ အဓိကတော့အနောက်တောင်ဘက်ဒေါင့်နားမှာ ဘုရားတစ်ဆူတည်ထားပြီး ကြိုးစင်လည်း အဲဒီနားမှာပဲ ရှိပါတယ်။
ရန်ကုန်ထောင်ဟာ အောက်ဘက်မှာ အခန်း ၄ ခန်းနဲ့ အပေါ်ထပ်မှာ အခန်း ၄ ခန်း ရှိတဲ့ နှစ်ထပ် အဆောက်အအုံ ဖြစ်ပါတယ်။ အောက်ဘက် ၁ ခန်းကို ပုံစံခန်း လုပ်ထားပါတယ်။
အချုပ်သစ်တွေ အားလုံး အဲဒီအခန်းကို ဝင်ရပါတယ်။ နောက်ပိုင်း ရုံးထွက်ကျမှ ကိုယ်ကြိုက်တဲ့ အခန်းကို ဝင်နေလို့ ရပါတယ်။ အပေါ်ထပ် အခန်းကနေ အပြင်ကိုကြည့်ရင် ရွှေတိဂုံဘုရား၊ စိန်ဂျွန်းဈေးနဲ့ ရန်ကုန်-အင်းစိန်-ပြည် လမ်းမကြီးကို ထင်ထင်ရှားရှား တွေ့မြင်ရပါတယ်။
နောက်ပြီး မိန်းမအဆောင်နဲ့ ယောက်ျားအဆောင်ကို အလယ်က လူတစ်ရပ်ကျော် မြင့်တဲ့ သွပ်ပြားတွေ ကာပြီး ခွဲထားပါတယ်။ သွပ်ပြားပေါ်မှာ သစ်သားဒေါက်တွေနဲ့ သံဆူးကြိုးတွေ ရှိပါတယ်။ အဲဒီအဆောင်တွေရဲ့ အနောက်ဘက် ကပ်လျက်မှာ စစ်သားစုဆောင်းရေးတပ် ရှိပါ တယ်။
ထောင်ဗူးဝကအထပ် ၃ ထပ်ရှိပါတယ်။ ၂ထပ်ပဲမြင်ရပေမယ့် အပေါ်ဆုံးမှာ အထပ်ခိုးလေးရှိပါတယ်။ အဲဒီနေရာဟာ “ကြိုးတိုက်” ဖြစ်ပါတယ်။ ဒီကြိုးတိုက်ကို ရောက်ဖူးမြင်ဖူးသူ အရမ်းနည်းပါလိမ့်မယ် ကြိုးတိုက်မှာတော့ ကြိုးပေးခံရသူတွေရဲ့ လည်ပင်းကြိုးကို ကွင်းစွပ်နှင့် အနည်းငယ်ကြိုးအရှည်ကိုသာဖြတ်ထားပြီး မှန်ဘောင်တွေထဲမှာ နာမည်များအလိုက် ကန့်သတ်သိမ်းဆည်းထားတာတွေ့ရပါတယ်။
မှတ်ချက်။ အဲဒီနေရာကိုလူတိုင်းပေးမတက်တာကတော့ တချို့ကြိုးမိန့်ပေးခံရသူများမှာ သေဒဏ်အပြင် ထောင်ဒဏ်ပေါင်းကျသူများရှိတာကြောင့် ထိုနေရာကို ကန့်သတ်ထားတာဖြစ်ပါတယ်။
အင်္ဂလိပ် က ဂျပန်ကိုတိုက်နိုင်ခဲ့ပြီးနောက် စစ်သုံ့ပန်းများဟာ ထိုထောင်မှ လွတ်ငြိမ်းခွင့်ပြန်ရခဲ့တာပါ။ ထောင်ရဲ့အနောက်ဘက်ပိုင်းမှ ကီလီလမ်းအထိက ရုံးပုလိပ်တပ်ဖွဲ့တန်းလျားထားပါတယ်။ အရေးဆိုထောင်ထရင်နီးနီးနားနားဖြစ်အောင်ပါ။
ပုလိပ်ဗိုလ်ချာလီချစ်က ဦးဆောင်ပါတယ်။ ပုလိပ်မြင်းတပ်လည်း ထားပါတယ်။ ၁လတစ်ခါ အဓိကရုံးခံတပ်ကာကားအပါအဝင် အသေးစားသံချပ်ကားများနဲ့ လာရောက်လေ့ကျင့်တတ်ပါတယ်။ ထောင်ထတဲ့အခါကြောက်စရာကောင်းပါတယ်။
ထောင်သားများဆန္ဒပြအော်ဟစ်သံတွေကို ကြားရပါတယ်။ ထမင်းစားပန်းကန်၊ သံခွက်များ တညီတညွတည်း ရိုက်ကာ အသံကျယ်လောင်စွာ ဆန္ဒပြကြပါတယ်။နောက်ပိုင်းဗဟိုစည်ရပ်ကွက်ဖြစ်လာတော့ ထောင်ရဲ့တဖက်ကားလမ်းရပ်ကွက်ဒေါင့်မှာ ထောင်တွင်းကစေတီရှိလို့ ရပ်ကွက်ဓမ္မာရုံကို ရည်စူးပြီး ဆောက်ထားခဲ့ပါတယ်။ ခုတော့အဲဒီထောင်လဲပြိုပါပြီ။ မရှိတော့ပါဘူး။
ဒါကတော့ ရန်ကုန်ထောင်အကြောင်း အနည်းငယ်မျှသာ ဖြစ်ပြီး ရှားပါးအကြောင်းအရာတစ်ခုဖြစ်တာကြောင့် သုတဇုန် မိတ်ဆွေများအတွက် ပြန်လည်ဝေမျှလိုက်ခြင်းဖြစ်ပါတယ်။
သိမီလိုက်တဲ့ မိတ်ဆွေများရှိရင် ရန်ကုန်ထောင်အကြောင်း သိထားတာလေးတွေ ဗဟုသုတအနေနဲ့ ဝေမျှသွားကြပါဦး။
မြင်ရဖို့ မလွယ်တဲ့ ရန်ကုန်ထောင်ရဲ့ ရှားပါးဓာတ်ပုံလေးများကို အောက်မှာ ဆက်ကြည့်သွားကြပါဦး