ဝီလီယမ် ဟာဗေး (၁၅၇၈ – ၁၆၅၇)
သွေးလှည့်လည်ခြင်းနဲ့ နှလုံးရဲ့တာဝန်အကြောင်း စတင်တွေ့ရှိတဲ့ အင်္ဂလိပ်သမားတော်ကြီး ဝီလီယမ်ဟာဗေး (William Harvey) ကို အင်္ဂလန် (England) ဖုတ်စတုန်း (Folkestone) မြို့မှာ ၁၅၇၈ မှာ မွေးဖွားတယ်။ ဟာဗေးဟာ တိရိစ္ဆာန်တွေရဲ့နှလုံးနဲ့ သွေးလှုပ်ရှားပုံခန္ဓာဗေဒကျမ်း (An Anatomical Treatise on the Movement of the Heart and Blood in Animals) ကို ၁၆၂၈ မှာ ပုံနှိပ်ထုတ်ဝေပါတယ်။ ဇီဝကမ္မသမိုင်းတစ်လျှောက်လုံးမှာ ဒီကျမ်းဟာအရေးအပါဆုံးဆိုတာ ပေါ်လွင်ပါတယ်။ ဇီဝကမ္မခေတ်သိပ္ပံမှာ ဒီကျမ်းက အစဖြစ်ပါတယ်။ အဲဒီကျမ်းရဲ့ မူလအကျဆုံး အသုံးဝင်ပုံက တိုက်ရိုက်ယူငင်သုံးစွဲနိုင်တာမျိုး မဟုတ်ပါ။
ဒီကျမ်းထဲမှာ လူ့ခန္ဓာကိုယ် ဘယ်လိုအလုပ်လုပ်နေသလဲ ဆိုတာကို အခြေခံကစပြီး ဖော်ပြထားတယ်။ အဲဒါပဲ အင်မတန် အသုံးဝင်ပါတယ်။ ခုခေတ်ခုခါတော့ ငယ်စဉ်ကစပြီး ခန္ဓာကိုယ်ထဲမှာ သွေးတွေလည်ပတ်သွားလာနေတယ်ဆိုတာ သိပြီးဖြစ်နေကြတော့ ဟာဗေးရဲ့ သီအိုရီဟာ ဘာမျှမဆန်းပါလို့ ထင်ကြမယ်။ ဒါပေမယ့် ခေတ်ဦးဇီဝဗေဒ ပညာရှင်တွေအဖို့ ဒါကိုသိမှာမဟုတ်ပါ။ ဇီဝဗေဒ အကြောင်း ရှေ့ဆောင်ရေးသားသူတွေက…
(၁) နှလုံးထဲမှာ စားတဲ့စာက သွေးဖြစ်တယ်။
(၂) နှလုံးက သွေးကို ပူနွေးစေတယ်။
(၃) သွေးလွှတ်ကြော (arteries) တွေထဲမှာ လေရှိတယ်။
(၄) နှလုံးက ခွန်အားရေ (vital spirits) လုပ်ပေးတယ်။
(၅) သွေးပြန်ကြော (veins)၊ သွေးလွှတ်ကြော (arteries) တွေမှာ သွေးအဆင်းအတက် ရှိတယ်။ နှလုံးဘက်ကို သွားမယ်။ နှလုံးကနေ အဝေးကိုသွားမယ်။ အဲဒါလောက်ပဲ သိကြပါတယ်။ ရှေးက သိပ်နာမည်ကြီး ဂလင် (Glen) ဆိုတဲ့ သမားတော်ဟာ ဝေဒနာကို ခွဲစိတ်ကုသပေးတယ်။ နှလုံးနဲ့ သွေးကြောတွေအကြောင်းလည်း သေသေချာချာ လေ့လာတယ်။ ဒါပေမယ့် သွေးလှည့်ပတ်စီးနေတယ် (blood circulates) လို့ လုံးဝမသိပါ။
ဒီကိစ္စကို ဇီဝဗေဒကို တခြားပညာရပ်တွေလိုပဲ စိတ်ဝင်စားတဲ့ အရစ္စတိုတယ် (Aristotle) လည်း မသိပါ။ ဟာဗေးရဲ့စာအုပ် ထွက်လာပြီးတဲ့နောက်မှပဲ သမားအတော်များများဟာ လူ့ခန္ဓာကိုယ်ထဲမှာ၊ သွေးဟာ သွေးကြောတွေသီးသန့် အစီအစဉ်နဲ့ မပြတ်လှည့်ပတ်နေတယ်။ ဒီလိုလှည့်နိုင်အောင် နှလုံးက အားစိုက် (တွန်းထုတ်ဆွဲယူ) ပေးနေတယ်ဆိုတာကို လက်မခံပါ။
ဟာဗေးက သွေးလှည့်ပတ်တယ်ဆိုတဲ့စိတ်ကူးကို ရိုးရိုးဂဏန်းသင်္ချာနည်းနဲ့ပဲ တွက်ယူတာ ဖြစ်ပါတယ်။ သူ့တွက်ခြေအရ နှလုံးတစ်ခါခုန်တိုင်း သွေးနှစ်အောင်စလွှတ်တယ်။ ဒီတော့ နှလုံးဟာ တစ်မိနစ်ကို ၇၂ ကြိမ်ခုန်တယ်ဆိုရင် ရိုးရိုးအမြှောက်နည်းနဲ့တွက်ရင် တစ်နာရီမှာ သွေးပေါင် ၅၄၀ ကို သွေးလွှတ်ကြောမ (aorta) ထဲကို ရောက်မယ်။ ပေါင် ၅၄၀ ဆိုတာ လူတစ်ကိုယ်လုံးရဲ့အလေးချိန်ထက် များတယ်။
ကိုယ်မှာရှိနေတဲ့ သွေးအလေးချိန်ထက်လည်း အဆအများကြီးပိုနေတယ်။ ဒီလိုဆိုရင် သွေးဟာ ထွက်လိုက်ဝင်လိုက် လှည့်နေတာဖြစ်ရမယ်လို့ ဟာဗေးရဲ့စိတ်ကူးမှာ ထင်မြင်လာတယ်။ အဲဒီအကြမ်းနည်း (hypothesis) ကိုမှီးပြီး ဟာဗေးဟာ ကိုနှစ်တိုင်တိုင် စမ်းသပ်ချက်တွေလုပ်ပြီး၊ အသေးစိတ်သိလာအောင် စောင့်ကြည့်ပြီးမှ သွေးလှည့်ပတ်စီးတဲ့အကြောင်းကို ဆုံးဖြတ်ချက်ချပါတယ်။
သူရေးတဲ့ကျမ်းမှာ ဟာဗေးက သွေးလွှတ်ကြော (arteries) ဟာ နှလုံးက သွေးထွက်သွားပြီး၊ သွေးပြန်ကြော (veins) တွေက နှလုံးကို သွေးသွင်းပေးပါတယ်။ အဲဒီတုန်းက အဏုမြူကြည့်မှန်ဘီလူး (microscope) မရှိသေးလို့၊ ဟာဗေးဟာ သွေးကြောက အသေးဆုံးသွေးလွှတ်ကြောထဲကို သွေးပို့တဲ့ ဆံခြည်မျှင်သွေးကြော (capillary) တွေကို သူ ကြည့်လို့မမြင်နိုင်ပါ။
ဒါပေမယ့် ဒီလိုအကြောလေးတွေကို ရှိရမယ်လို့ သူတွက်ဆပြီးဖြစ်ပါတယ်။ (ဟာဗေးကွယ်လွန်ပြီး နှစ်အနည်းငယ်ကြာတော့မှ အီတလီလူမျိုး ဇီဝဗေဒသမား မာလ်ပီဂီ (Malpighi) က ဆံခြည်မျှင်သွေးကြောကို ရှာဖွေတွေ့ရှိ ပြသနိုင်ပါတယ်။) ဟာဗေးအပြောက နှလုံးတာဝန်ဟာ သွေးလွှတ်ကြော (artery) ထဲကို သွေးမှုတ်သွင်း (pump) ပေးဖို့ဖြစ်တယ်။
ဒီကိစ္စမှာလည်း တခြားအရေးပါတဲ့ ကိစ္စတွေမှာလိုပဲ၊ ဟာဗေးက အသေအချာမှန်တယ် (essentially correct)၊ ဒါထက်ပိုသေးတယ်။ ဟာဗေးက စမ်းသပ်ချက် (experiments) တွေ အမြောက်အမြားလုပ်ပြီး၊ သူ့သီအိုရီကို ထောက်ခံဖို့အချက်အလက်စုံအောင် တင်ပြနိုင်တယ်။ ပထမတော့ သူ့သီအိုရီကို အပြင်းအထန် ဝေဖန်ကန့်ကွက်တယ်။ ဒါပေမယ့် သူမသေမီမှာပဲ သူပြောသမျှ လက်ခံလာကြတာကို တွေ့ပါတယ်။
ဟာဗေးက သန္ဓေဗေဒ (Embryology) ကိုလည်း လုပ်ပါတယ်။ ဒီသုတေသနလုပ်ငန်းကို သွေးလှည့်ပုံ သုတေသနလောက် အလေးအနက်ထားပြီး မလုပ်ပါ။ ဒါပေမယ့် ပေါ့ပေါ့တန်တန်မဟုတ်ပါ။ အင်မတန်စေ့စပ်သေချာတဲ့ အကဲဖြတ်သမားဖြစ်လေတော့ သူရေးတဲ့ တိရစ္ဆာန်မျိုးပွားပုံကျမ်း (On the Generation of Animals) ဟာ ၁၆၅၁ မှာ ပုံနှိပ်ပြီးထွက်လာတော့ ခေတ်သန္ဓေဗေဒ (modern study of embryologys) စတင်ပေါ်ပေါက်လာရပါတယ်။
သူလေးစားကြည်ညိုတဲ့ အရစ္စတိုတယ်လို ဟာဗေးက အစကတည်းက အပြီးအစီးပါပြီးသား (preformation) ဆိုတာကို မယုံပါ။ သန္ဓေသားမှာ အရွယ်ရောက်ပြီးအကောင်ကြီးရဲ့ ခန္ဓာအစိတ်အပိုင်းတွေ အားလုံး ပါပြီးဖြစ်တယ်။ အကြီးအသေးပဲ ကွာတယ်ဆိုတဲ့ မူကြမ်း (hypothesis) ကို လက်မခံပါ။ ဟာဗေးက သန္ဓေရင့်လာမှ ခြေ၊ လက်၊ နား၊ နှာခေါင်း၊ ပါးစပ်၊ လိင်အင်္ဂါအစိတ်အပိုင်းတွေ တဖြည်းဖြည်းပေါ်ပေါက်ပီသလာမယ်လို့ မှန်းဆတာ မှန်တယ်။
ဟာဗေးက အသက်ရှည်တယ်။ သူ့ဘဝမှာ မှတ်လောက်သားလောက်ကိစ္စတွေ အများကြီးကြုံတွေ့ပြီး အောင်မြင်တဲ့ဘဝဖြစ်ပါတယ်။ အသက်တစ်ဆယ်ကျော်ကျော်ကပဲ ကိမ်းဗရစ်တက္ကသိုလ် (Cambridge University) ရဲ့ ကေရပ်စ်ကောလိပ် (Caius College) မှာ တက်ခဲ့ရတယ်။ ၁၆၀၀ ပြည့်မှာ အီတလီ ပဒူဝါတက္ကသိုလ် (Padua University) မှာ ဆေးပညာသင်တယ်။
ကမ္ဘာမှာ အဲဒီတုန်းက အဆင့်အမြင့်ဆုံးအကောင်းဆုံး ဆေးကျောင်းဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ (ဟာဗေး သင်တန်းတက်စဉ် ဂယ်လီလီယို Galileo က ပဒူဝါမှာ ပါမောက္ခအဖြစ်နဲ့ ရှိတယ်။ သူတို့အချင်းချင်း တွေ့မတွေ့တော့ မသိပါ။) ဟာဗေးက ၁၆၀၂ မှာ ပဒူဝါက ဆေးဘွဲ့ရခဲ့တယ်။ အင်္ဂလန်ကို ပြန်ရောက်တဲ့အခါ သမားတော် (Physician) အဖြစ်နဲ့ အောင်အောင်မြင်မြင် ဆေးဝါးကုသပြီး အသက်ရှည်ရှည်နေသွားရတယ်။
သူ့လူနာတွေထဲမှာ ပထမဂျိမ်း (James I) နဲ့ ပထမချားလ်စ် (Charles I) တို့လည်း ပါတယ်။ ထင်ရှားတဲ့ဒဿနိကဆရာ ဖရန်ဆစ်ဘေကွန် (Francis Bacon) လည်း သူ့လူနာဖြစ်တယ်။ ဟာဗေးဟာ လန်ဒန်သမားတော်ကောလိပ် (College of Physicians) မှာ ခန္ဓာဗေဒ (Anatomy) ကို သင်ကြားပို့ချတယ်။ ကောလိပ်ကျောင်းအုပ် (president of the college) အဖြစ်လည်း တစ်ခါအရွေးခံရတော့ (သူက အလုပ်တာဝန်ကို လက်မခံပဲ ငြင်းလိုက်ပါတယ်။)
သူ့ဘာသာ ဆေးကုပေးတာအပြင်၊ လန်ဒန် စိန့်ဘာသိုလိုမြူး (St. Bartholomew) ဆေးရုံမှာ သမားတော်ချုပ်အဖြစ် နှစ်ပေါင်းများစွာ နေခဲ့တယ်။ သူရေးတဲ့ သွေးလှည့်ပုံစာအုပ်ကို ၁၆၅၈ မှာ ပုံနှိပ်တဲ့အခါ၊ ဥရောပ (Europe) မှာ သူဟာ ကျော်ကြားသူတစ်ယောက် ဖြစ်လာပါတယ်။ လန်ဒန် (London) မှာ နေထိုင်ရင်း အသက်ခုနစ်ဆယ့်ကိုးနှစ် ၁၆၅၇ မှာ ကွယ်လွန်ပါတယ်။
ကျော်စွာ ၁၀၀ – ဒေါက်တာသန်းထွန်း