ယနေ့တိုင် မဖြေရှင်းနိုင်တဲ့ ကမ္ဘာ့ထိတ်လန့်စရာအကောင်းဆုံး အဖြစ်အပျက်တွေနဲ့ တစ္ဆေသင်္ဘော (သို့) S.S Ourang Medan

Posted on

ကမ္ဘာပေါ်မှာ တစ္ဆေသင်္ဘောတွေအကြောင်းကို မကြာခဏကြားဖူးကြမှာပါ။ အများစုဟာ ဟိုး ရာစုနှစ်ပေါင်းများစွာက ပုံပြင်လိုလို ဒဏ္ဍာရီလိုလိုအကြောင်းအရာတွေဖြစ်ပါတယ်။ အခုပြောမှာကတော့ တကယ်ဖြစ်ခဲ့တဲ့ သမိုင်းမှတ်တမ်းထဲက S.S. Ourang Medan ဆိုတဲ့ သင်္ဘောအကြောင်းပါ။ Ourang Medan ဟာ ဒတ်ချ်ပင်လယ်ကူးသင်္ဘောတစ်စင်းဖြစ်ပြီး ၁၉၄၈ခုနှစ် ဖေဖော်ဝါရီလက အင်ဒိုနီးရှားကမ်းရိုးတန်းအနီးမှာ ရှိနေခဲ့ပါတယ်။ အနီးဆုံးကယ်ဆယ်ရေး စခန်းဆီကို ဒီသင်္ဘောကနေ ကြေးနန်းတစ်စောင်နဲ့ အကူအညီတောင်းခံခဲ့ပါတယ်။

စာထဲမှာပါတာကတော့-သင်္ဘောကတ်ပတိန်နဲ့ အရာရှိတွေအားလုံး မျက်လုံးပျူးကာသေနေကြကြောင်း ၊ မကြာမီ သင်္ဘောသားတွေအားလုံးလည်း သေဆုံးကုန်တော့မှာဖြစ်ကြောင်း ပါရှိပြီး နောက်ကစာသားတွေကတော့ အဓိပ္ပါယ်ဖော်မရတဲ့ စာသားတွေဖြစ်ပါတယ်။ နောက်ဆုံးတစ်ကြောင်းကတော့ ငါလည်းသေပြီ ဟူသာစာလုံးနဲ့ အဆုံးသတ်ထားကြောင်းကို စခန်းမှ အရာရှိများ အထိတ်တလန့်ဖတ်လိုက်ရပါတယ်။ ဘာအကြောင်းကြောင့် သေတယ်ဆိုတာကိုတော့ ဖော်ပြထားခြင်းမရှိပါဘူး။

ချက်ချင်းပဲ သင်္ဘောရှိရာကို ကယ်ဆယ်ဖို့ လိုက်သွားကြပါတယ်။ သင်္ဘောအနီးရောက်တဲ့အခါ သင်္ဘောကို အဆက်အသွယ်လုပ်ပေမယ့် ဘယ်လိုမှဆက်သွယ်လို့မရခဲ့ပါဘူး။ လာရောက်ကယ်ဆယ်တဲ့ Silver Star သင်္ဘောက အချက်ပြပေမယ့် သင်္ဘောဆီကဘာမှ အကြောင်းမပြန်ခဲ့တာကြောင့် သင်္ဘောပေါ်တက်ကြည့်ကြတဲ့အခါမှာတော့ သွေးပျက်ဖွယ်မြင်ကါင်းကို မြင်လိုက်ရပါတယ်။ ကြေးနန်းစာထဲမှာ ပါတဲ့အတိုင်း အရာရှိတွေဟာ ကွပ်ကဲရေးစင်မှာ သေဆုံးနေကြပြီး သင်္ဘောပေါ်မှာတော့ သင်္ဘောသားတွေအားလုံးသေဆုံးနေကြပါတယ်။ အထူးခြားဆုံး အချက်ကတော့ သေဆုံးသူ အားလုံး ဘာဒဏ်ရာမှ မရှိပဲ နေရှိရာဘက်မျက်နှာလှည့်သေဆုံးနေကြတာခြင်း တူညီနေကြတာပါ။ မျက်လုံးပြူးကာ လက်တွေပြန့်ကားနေပြီး အလွန်ထိတ်လန့်စရာ အန္တရာယ်တစ်ခုခုကို မြင်တွေ့ခဲ့ရပုံပါ။

လူတွေသာမကပဲ သင်္ဘောပေါ်မှာ ပါတဲ့ ခွေးအားလုံးလည်း မျက်စိပြူးကာ မျက်နှာများရှုံမဲ့လျက်သေဆုံးနေကြပါတယ်။ Silver Star သင်္ဘောနဲ့ လိုက်ကယ်သူများဟာ အသက်ရှင်သူ ရှိလိုရှိငြား သင်္ဘောပေါ်မှာ ပတ်ရှာကြပါတယ်။ သင်္ဘောစက်ခန်းထဲဝင်တဲ့အခါ ထူးခြားချက်တစ်ခုကို ထပ်ကြုံကြရပါတယ်။ သင်္ဘောစက်ခန်းဟာ ပုံမှန်အပူချိန် ၁၁၀ဒီဂရီဖာရင်ဟိုက် ရှိနေပေမယ့် ဝင်ရောက်သူအားလုံး အလွန်တရာအေးစိမ့်ပြီး လန့်သလိုလိုခံစားကြရပါတယ်။

နောက်ဆုံးမှာ သင်္ဘောကို အနီးဆုံးဆိပ်ကမ်းရှိရာကို အကူသင်္ဘောတစ်စင်းနဲ့ ဆွဲဖို့ပြင်ဆင်ကြပါတယ်။ ဆွဲဖို့လုပ်တဲ့အချိန်မှာပဲ သင်္ဘောအလယ်က မီးခိုးများစွာထွက်လာတဲ့အတွက် ကယ်ဆယ်ရေး သင်္ဘောသားတွေဟာ သင်္ဘောကို စွန့်ခွာခဲ့ပါတယ်။ အချိန်ခဏမှာပဲ Ourang Medan သင်္ဘောဟာ မီးတောက်မီးလျံများထွက်လာပြီး အလိုလိုပေါက်ကွဲနစ်မြုပ်သွားပါတယ်။

သင်္ဘောပေါက်ကွဲမှုဟာ သင်္ဘောပေါ်မှာ ပေါက်ကွဲစေတတ်တဲ့ ဓာတုပစ္စည်းများတင်ဆောင်လာလို့ လို့ ခန့်မှန်းကြပေမယ့် သင်္ဘောသားတွေသေဆုံးခဲ့တဲ့ ကိစ္စကိုတော့ ဘယ်လိုမှ ခန့်မှန်းမရပဲ ပရလောကသားများကြောင့်လို့ပဲ သတ်မှတ်လိုက်ကြပါတယ်။ သင်္ဘောသားတွေ ဘာကြောင့်ဘယ်လိုဖြစ်သွားသလဲ ဆိုတာကတော့ယနေ့တိုင် အဖြေရှာမရတဲ့ ထူးဆန်းထိတ်လန့်ဖွယ်ပုစ္ဆာတစ်ပုဒ် အဖြစ်ကျန်ရစ်ခဲ့ပါတယ်။