ဆရာတင်နိုင်တိုး၏စာစုကို ဗဟုသုတကြယ်စင်ဂရုမှ ပြန်လည်ဝေမျှပါသည်။
တစ်ချိန်က မြန်မာပြည်ကို အီသီယိုးပီးယားနှင့် နှိုင်းယှဉ်ပြောဆိုခဲ့ကြဖူးသည်။ သူငယ်ချင်း အများအပြား ငွေကြေးအဆင်မပြေဖြစ်သူ၊ ကြွေးထူသူကို အီသီယိုးပီးယားဟု ပြောဆိုခိုင်းနှိုင်းခဲ့ကြသည်။ အာဖရိကတိုက် အရှေ့မြောက်ဘက်စွန်းရှိ အီသီယိုးပီးယား ကဲ့သို့ပင် နယ်နိမိတ်ချင်း ထိစပ်နေသော ယူဂန္ဓာနိုင်ငံကိုလည်း လူသိများကြသည်။ ပို၍ထူးခြားသည်ကား ယူဂန္ဓာနိုင်ငံ၏ အကြီးအကဲ ဖြစ်ခဲ့သူ အာမင်သည် မြန်မာပြည်အလယ်ပိုင်း မိတ္ထီလာတွင် စစ်မဖြစ်မီက ဗြိတိသျှ စစ်တပ် တစ်တပ်၌ ထမင်းချက်အဖြစ် နေသွားခဲ့ခြင်းပင် ဖြစ်သည်။
ယူဂန္ဓာနည်းတူ အီသီယိုးပီးယားကိုလည်း မြန်မာတို့ ရင်းနှီးကျွမ်းဝင်ကြသည်။ ပါလီမန်ခေတ်က အီသီယိုးပီးယားဘုရင် ဟေလီ ဆက်လက်ဆီ (Haile Selassie) ရန်ကုန်မြို့သို့ အလည်အပတ် ရောက်ရှိလာခဲ့ဖူးသည်။ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုအတွက် မြန်မာနိုင်ငံတော် အစိုးရ၏ ဖိတ်ကြားချက်အရ ရောက်ရှိလာခဲ့သည်။ အီသီယိုးပီးယား အကြောင်းကို မှတ်တမ်းမှတ်ရာ စုံလင်စွာ တွေ့ရှိရပါသည်။
အီသီယိုးပီးယား ဘုရင်နှင့် အဖွဲ့သည် ၂၉ နိုဝင်ဘာ ၁၉၅၆ နေ့လည် ၂ နာရီ ၅၀ မိနစ်တွင် အဲယားအိန္ဒိယ အင်တာနေရှင်နယ် အထူးလေယာဉ်ဖြင့် မင်္ဂလာဒုံ လေဆိပ်သို့ ဆိုက်ရောက်လာခဲ့သည်။ နိုင်ငံတော် သမ္မတကြီး ဒေါက်တာဘဦး၊ ဝန်ကြီးချုပ် ဦးဗဆွေနှင့် ဝန်ကြီးများ၊ နိုင်ငံခြား သံတမန်များက လေဆိပ်မှ သွားရောက်ကြိုဆိုခဲ့ကြသည်။ အင်းစိန်ခရိုင် ဖဆပလမှ အမျိုးသားသီချင်းကို သီဆိုကာ ကြိုဆိုခဲ့ကြသည်။ မင်္ဂလာဒုံ လေဆိပ်သို့ ဆင်းသက်စဉ် ဗမာ့တပ်မတော်မှ ဂျက်တိုက်လေယာဉ် ၁၁ စင်းက ခြံရံလိုက်ပါခဲ့ကြောင်း ဆိုပါသည်။ အီသီယိုးပီးယား ဘုရင်၏ ခရီးစဉ်က ခမ်းနားထည်ဝါလှသည်။ လေဆိပ်မှ အမြောက် ၂ ချက် ပစ်ဖောက်ကြိုဆိုခဲ့ကြောင်း သိရှိရသည်။
၂ နာရီ မိနစ် ၅၀ တွင် မင်္ဂလာဒုံ လေဆိပ်သို့ ဆိုက်ရောက်စဉ် မုခ်ဦးစင်မြင့်၌ မြန်မာအမျိုးသမီး တစ်ဦးက ပန်းစည်း ဆက်သခဲ့သည်။ ညနေ ၅ နာရီ ၃၀ မိနစ်တွင် မြို့တွင်းသို့ ဝင်ရောက်စဉ် မြို့သူမြို့သားများက ကြိုဆိုခဲ့ကြသည်။ ယင်းနောက် မြို့တော်ခန်းမတွင် မြို့တော်ဝန်က ဧည့်ခံခဲ့သည်။ ဝန်ကြီးချုပ် ဦးဗဆွေ နှင့်အတူ ကိုယ်ရံတော်တပ် ခြံရံလျက် ရောက်ရှိလာစဉ် မြို့တော်ဝန် ဦးမောင်မောင်၊ မြူနီစီပယ်မင်းကြီး ဦးထွန်းအုံတို့က ကြိုဆိုခဲ့ကြသည်။
မြို့တော်ဝန် ဦးမောင်မောင်က သြဘာစာကို ဖတ်ကြားပြီးနောက် ငွေကြုတ်တွင် ထည့်သွင်းကာ အီသီယိုးပီးယား ဘုရင်မင်းမြတ်အား ပေးအပ်ခဲ့သည်။ အီသီယိုးပီးယား ဘုရင်ကလည်း မြန်မာနိုင်ငံသို့ လာရောက်ရသည့်အတွက် အထူးပင် ဝမ်းမြောက်မိပါကြောင်း၊ မြန်မာနှင့် အီသီယိုးပီးယား နိုင်ငံတို့သည် အခြေအနေချင်း တူညီကြသဖြင့် ယခုသို့ လာရောက်ရသည့်အတွက် နှစ်ပြည်ထောင် ချစ်ကြည်ရင်းနှီးမှု ဆက်လက် တိုးပွားလိမ့်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် အီသီယိုးပီးယားဘုရင်က ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်အား လှံတံ နှစ်ချောင်း၊ ရွှေဒိုင်း တစ်ခုနှင့် ကော်ဇော တစ်ချပ်ကို လက်ဆောင်အဖြစ် ပေးအပ်ခဲ့ပါသည်။ ယင်းအခမ်းအနားသို့ ဝန်ကြီးချုပ်၊ ဒုဝန်ကြီးချုပ်၊ ကျန်းမာရေးဝန်ကြီး ဒေါက်တာစိန်ဘန်းနှင့် ဇနီးတို့အပြင် နိုင်ငံခြား သံတမန်များလည်း စုံလင်စွာ တက်ရောက်ခဲ့ကြသည်။ ပထမဆုံးအကြိမ် ရန်ကုန်မြို့သို့ လာရောက်သော အီသီယိုးပီးယား ဘုရင်ဖြစ်သဖြင့် ဧည့်ဝတ်ကျေပွန်စွာ ဧည့်ခံခဲ့ကြသည်။
ညပိုင်းတွင် ကမ္ဘောဇဟိုတယ်၌ အီသီယိုးပီးယား ဘုရင်နှင့် အဖွဲ့ကို ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံပါသည်။ ဒီဇင်ဘာလ ၁ ရက်နေ့တွင် အီသီယိုးပီးယား ဘုရင်နှင့် အဖွဲ့အား ကမ္ဘာအေးရှိ ဆဋ္ဌမ သင်္ဂါယနာတင် လိုဏ်ဂူတော်သို့ လိုက်လံပို့ဆောင်ခဲ့သည်။ ထို့နောက် ရန်ကုန်တက္ကသိုလ်သို့ သွားရောက်လှည့်လည် ကြည့်ရှုခဲ့သည်။ အီသီယိုးပီးယားဘုရင် ဟေလီဆက်လက်ဆီကား ရန်ကုန်တက္ကသိုလ်ရောက် ပြည်ပအကြီးအကဲများအနက် အာဖရိကမှ တစ်ပါးတည်းသော ဘုရင်ဖြစ်သည်။
ဧည့်သည်တော် ဘုရင်မင်းမြတ်နှင့် အဖွဲ့သည် နေ့လည် တစ်နာရီတွင် မင်္ဂလာဒုံ လေဆိပ်သို့ ရောက်ရှိကာ ပြန်လည်ထွက်ခွာရန် ပြင်ဆင်ကြသည်။ သို့သော် လေယာဉ်ဘီးပေါက်သဖြင့် ညနေ ၄ နာရီ ၄၀ မိနစ်တွင်မှ ထွက်ခွာဖြစ်ခဲ့ကြသည်။
ဆရာတင်နိုင်တိုး၏စာစု
ဗဟုသုတကြယ်စင်