မြင်တွေ့ရခဲတဲ့ ပန်းရောင် ဘဲလိပ်

Posted on

Manta Ray ကို ကျွန်တော်တို့နိုင်ငံမှာတော့ ဘဲလိပ် လို့ခေါ်ကြမယ်နဲ့တူတယ်။ သိပ္ပံအမည်အားဖြင့် Cephalopterus manta လို့ခေါ်ကြတဲ့ ဘဲလိပ်တွေဟာ အမျိုးအစားအားဖြင့်တော့ ၂ မျိုးရှိပါတယ်။

ပထမ မျိုးစိတ်ဖြစ်တဲ့ M. birostris ဘဲလိပ်တွေက အရှည် ၂၃ပေလောက်အထိ ကြီးနိုင်ပြီး ၊ ဒုတိယအမျိုးအစား M. alfredi ဘဲလိပ်ကတော့ ၁၈ ပေလောက်အထိ ရှိနိုင်ပါတယ်။ ဘဲလိပ် အားလုံးနီးပါးဟာ အဖြူရောင် ၊ အနက်ရောင် ဒါမှမဟုတ် အဖြူနဲ့ အနက်နဲ့ရောနေတဲ့ အရောင်တွေသာဖြစ်ကြပါတယ်။

ပြီးခဲ့တဲ့ လအနည်းငယ်က ခရစ္စတီးယန်းလိန်း ဆိုတဲ့ ဓာတ်ပုံဆရာတယောက်ဟာ ရေငုပ်ရင်း ရေအောက် သဘာ၀ ဓာတ်ပုံတွေကို ရိုက်ကူးခဲ့ပါတယ်။ သူရေငုပ်ခဲ့တဲ့ နေရာက သြစတြေးလျ မဟာသန္တာကျောက်တန်းဒေသ ထဲမှာရှိနေတဲ့ လေဒီအဲလိယက် ကျွန်းအနီးမှာ ဖြစ်ပါတယ်။

ရေအောက်အနက် ပေ ၄၀ ခန့်မှာ Manta Ray တွေကို ဓာတ်ပုံရိုက်တဲ့အခါ ထူးထူးခြားခြား ပန်းရောင်ရှိနေတဲ့ Manta Ray တကောင်ကို တွေ့ခဲ့ရပါတယ်။ ဒီလိုအရောင်ရှိတဲ့ Manta Ray ကို သူတခါမှ မတွေ့ဖူးတဲ့အတွက် ပထမတော့ သူ့ကင်မရာ တခုခုချို့ယွင်းပြီး ခုလိုအရောင်ဖြစ်သွားတာလို့ ထင်မိခဲ့ပါတယ်။

ဒါပေမယ့် အခြားအရာတွေကို ရိုက်ကြည့်တော့လည်း ပုံမှန်အရောင်ကိုပဲ ပြသပေးတာကြောင့် သူရိုက်လာခဲ့တဲ့ ပန်းရောင် Manta Ray ရဲ့ဓာတ်ပုံတွေကို ဆိုရှယ်နက်ဝက်မှာတင်ပြီး အခြားသူတွေရဲ့ မှတ်ချက်တွေကို တောင်းခံခဲ့ပါတယ်။

မြင်ရခဲတဲ့ အရောင်ကြောင့် ဒီပိုစ့်တွေဟာ အွန်လိုင်းပေါ်မှာ ပျံ့နှံ့ခဲ့ပြီးတဲ့နောက် ကျွမ်းကျင်ပညာရှင်တွေရဲ့ မှတ်ချက်တွေကိုပါရရှိခဲ့တာကြောင့် ပန်းရောင် Manta Ray ဟာ အပြင်မှာ တကယ်ရှိကြောင်း သိရှိခဲ့ရပါတယ်။

တကယ်တော့ ဒီပန်းရောင် Manta Ray ကို အဲဒီကျွန်းအနီးမှာ စတင်တွေ့ရှိခဲ့တာ ၂၀၁၅ ခုနှစ်လောက်ကတည်းကဖြစ်ပါတယ်။ အရှည် ၁၁ပေခန့်ရှိတဲ့ ဒီပန်းရောင် Manta Ray ကို အရင်တွေ့ခဲ့ဖူးသူတွေက Inspector Clouseau လို့ အမည်ပေးထားခဲ့ကြပါတယ်။

ရိုင်ယန်ဂျက်ဖရီ ဆိုသူက သူရေငုပ်လာတဲ့သက်တမ်းတလျှောက်မှာ ဒီပန်းရောင်ဘဲလိပ်ကို အဲဒီနေရာတဝိုက်မှာ ၁၀ကြိမ်ခန့် မြင်ဖူးခဲ့ပြီးပြီလို့ ဆိုပါတယ်။ ဒီလိုအရောင်နဲ့ Manta Ray ဟာ ဒီတကောင်ပဲ ရှိတယ်လို့ သူက ဆိုပါတယ်။

ဒီ Manta Ray ကို လေ့လာနေတဲ့ သြစတြေးလျသုတေသနအဖွဲ့ ပရောဂျက်မန်တာ ကလည်း သူတို့လေ့လာနေတာကြာပြီဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။ အစပထမမှာတော့ Inspector Clouseau ရဲ့ အရောင်ဟာ ပန်းရောင်ဖြစ်နေတာဟာ ကြိုးကြာနီတွေလိုပဲ သူတို့ရဲ့အစာကနေ ပြောင်းလဲပေးခဲ့တာလို့ ထင်ခဲ့ကြပါတယ်။

ကြိုးကြာနီတွေဟာ carotenoid ဆိုတဲ့ ရောင်ခြယ်ဓာတ်ကြောင့် သူတို့ရဲ့အမွှေးအတောင်ဟာ ပန်းရောင်ဖြစ်နေရတာပါ။ တကယ်လို့ အခြားအစာတွေပြောင်းကျွေးရင် အရောင်လည်း ပြောင်းသွားပါသတဲ့။

လက်တွေ့စမ်းသပ်ဖို့အတွက် ၂၀၁၆ ခုနှစ်မှာတော့ ပရောဂျက်မန်တာ အဖွဲ့ရဲ့ သုတေသနပညာရှင်တယောက်ဖြစ်သူ အမေလီအမ်းစထရောင်း က ပန်းရောင်ဘဲလိပ်ရဲ့ အရေပြားအနည်းငယ်ကို ရယူကာ စမ်းသပ်ခဲ့ပါတယ်။

စမ်းသပ်ဓာတ်ခွဲခဲ့တဲ့ အဖြေအရ အပေါ်မှာ ပြောခဲ့သလို သူ့ရဲ့အစားအစာကြောင့် အရောင်ပြောင်းတာ မဟုတ်ဘူးဆိုတာ တွေ့ရှိခဲ့ကြပြီး ကိုယ်တွင်းရောင်ခြယ်ပစ္စည်းပြောင်းလဲတာကြောင့်လို့ အဖြေထွက်ခဲ့ပါတယ်။

အရောင်ပြောင်းရခြင်းရဲ့ အဓိက အကြောင်းကို erythrism လို့ခေါ်ပြီး တိရစ္ဆာန်တွေမှာပါဝင်တဲ့ ရောင်ခြယ်ပစ္စည်းဟာ အနီရောင်ဘက်ပိုရောက်သွားပြီး တချို့တွေကတော့ ပန်းရောင်ပြောင်းသွားတာလို့ ပညာရှင်တယောက်ဖြစ်တဲ့ ဆောလမွန်ဒေးဗစ်က ရှင်းပြခဲ့ပါတယ်။

Inspector Clouseau ဟာ တကောင်လုံးတော့ ပန်းရောင်ဖြစ်နေတာမျိုးမဟုတ်ပဲ အပေါ်ဘက် အနက်ရောင်ဖြစ်ပြီး အောက်ဘက်က ပန်းရောင်ဖြစ်နေတာပါ။ မြင်ရဖို့မလွယ်ကူတဲ့ ပန်းရောင်ဘဲလိပ်ရဲ့ အကြောင်းကို သုတဇုန် မိတ်ဆွေများအတွက် ပြန်လည်ဝေမျှလိုက်ခြင်းဖြစ်ပါတယ်။