ဒီအကောင်တွေကို တက်စ်မေးနီးယန်းကျား Tasmanian tiger လို့ ခေါ်လေ့ရှိကြပေမယ့် တကယ့်တကယ်တော့ ကျားအစစ်တွေ မဟုတ်ကြပါဘူး။ သူတို့ဟာ ကျားမဟုတ်သလို ဝံပုလွေလည်း မဟုတ်ကြပါဘူး။ သူတို့တွေဟာ မာဆူပီယယ် marsupial အမျိုးအစားတွေထဲမှာ အကြီးဆုံး အသားစားသတ္တဝါတွေဖြစ်ပါတယ်။ marsupial ဆိုတာကတော့ သားငယ်ကို မိခင်၏ဗိုက်တွင် အိတ်ဖြင့် သယ်ဆောင်သွားတတ်သော သားပိုက်ကောင်လို သတ္တဝါမျိုးကို ခေါ်တာပါ။
သူတို့တွေကို တိုင်လာစင်း Thylacine လို့ခေါ်ကြသေးပြီး သိပ္ပံနာမည်ကတော့ Thylacinus cynocephalus ဖြစ်ပါတယ်။ Thylacine ကတော့ ဂရိဘာသာကနေ ဆင်းသက်လာတဲ့ စကားလုံးဖြစ်ပြီး ခွေးခေါင်း နဲ့ သားပိုကောင်အိတ်ရှိတဲ့သတ္တဝါလို့ အဓိပ္ပါယ်ရပါတယ်။
တက်စ်မေးနီးယန်းကျားလို့ခေါ်ကြတာကတော့ တက်စ်မေးနီယားဒေသမျိုးရင်းဖြစ်ပြီး ကျားနဲ့ဆင်တူတဲ့ အစင်းကြောင်းတွေ ပါနေလို့ဖြစ်ပါတယ်။ ဒီအကောင်တွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀၀၀၀ ခန့်ကတည်းက တက်စ်မေးနီးယားအပြင် သြစတြေးလျ နဲ့ နယူးဂီနီတွေမှာ ရှိခဲ့ဖူးပြီး ၂၀ရာစုမှာတော့ မျိုးတုံးသွားခဲ့ရတာဖြစ်ပါတယ်။
သူတို့ရဲ့အရွယ်အစားကတော့ ခေါင်းကနေ အမြီးဖျားအထိဆိုရင် ၄ပေကနေ ၆ပေဝန်းကျင်အထိရှိတတ်ပြီး အလေးချိန်အားဖြင့် ပေါင် ၄၀ ကနေ ၇၀ခန့် အထိရှိတတ်ပါတယ်။ အညိုဖျော့ရောင် အမွှေးတွေရှိတဲ့ တက်စ်မေးနီးယန်းကျားတွေရဲ့ ကျောပေါ်မှာတော့ အနက်ရောင် အစင်းကြောင်း ၁၃ခုကနေ ၂၁ခုထိ ရှိတတ်ပါတယ်။
သစ်တောတွေထဲက မြက်ခင်း နဲ့ စွတ်စိုတဲ့နေရာတွေမှာနေထိုင်ကြပြီး အများအားဖြင့်တော့ ယူကလစ်တပ်ပင်တွေရှိရာနေရာတွေဟာ သူတို့အဓိကနေထိုင်တဲ့နေရာဖြစ်ပါတယ်။ သူတို့ဟာ နေ့ဘက်မှာ ပုန်းအောင်းနေတတ်ကြပြီး ညဘက်မှာမှ ရှင်သန်ကျက်စား အစာရှာထွက်တတ်ကြပါတယ်။ သားပိုက်ကောင်၊ wallabies(သားပိုက်ကောင်ငယ်တစ်မျိုး) ၊ တိရစ္ဆာန်ငယ်လေးတွေနဲ့ ငှက်တွေဟာ သူတို့ရဲ့အစာတွေဖြစ်ပါတယ်။
သူတို့တွေဟာ ပုံမှန်အားဖြင့် ခြေထောက်လေးချောင်းလုံး နဲ့ လမ်းလျှောက်လေ့ရှိကြပေမယ့် သားပိုက်ကောင်တွေလိုမျိုးလည်း နောက်ခြေနှစ်ဖက်ကိုပဲ အသုံးပြုကာ လမ်းလျှောက်နိုင်ကြပါတယ်။ ကျားတို့ ဝံပုလွေတို့လို အရမ်းလျှင်မြန်ဖြတ်လတ်မှုမရှိပဲ နှေးနှေးကွေးကွေးသာ လှုပ်ရှားတတ်ကြပါတယ်။ ဒါကြောင့်လည်း သူတို့ရဲ့သားကောင်တွေကို ဖမ်းဆီးရာမှာ လျှင်မြန်မှုကို အသုံးပြုကာ ဖမ်းဆီးလို့ မရပါဘူး။ သူတို့ရဲ့ထက်မြက်တဲ့ အမြင် နဲ့ အကြားအားရုံကိုသာအသုံးပြုကာ ခြုံခိုပုန်းအောင်း ဖမ်းဆီးလေ့ရှိကြတာပါ။ သူတို့ရဲ့ပါးစပ်ဟာ ၁၂၀ ဒီဂရီ အကျယ်အထိ ဖွင့်ဟနိုင်ပါတယ်။
အထီးရော အမမှာပါ သားပိုက်အိတ်တွေကိုယ်စီပါကြပါတယ်။ အမတွေကတော့ ဒီသားပိုက်အိတ်ကို သားငယ်လေးတွေကို သယ်ဆောင်ရာမှာ အသုံးပြုကြပေမယ့် အထီးတွေကတော့ သူတို့ရဲ့မျိုးပွားအင်္ဂါတွေကို ချုံပုတ်တွေနဲ့ အချင်းချင်းတိုက်ခိုက်ကြချိန်မှာ အကာကွယ်အဖြစ် အသုံးပြုကြပါတယ်။ ဒီအတိုင်းဆိုရင်တော့ တိုက်ခိုက်ကြလေ့မရှိပဲ မျိုးပွားရာသီမှာမှ အထီးတွေဟာ တိုက်ခိုက်လေ့ ရှိကြတာပါ။
ဆောင်းရာသီ နဲ့ နွေဦးရာသီတွေဟာ သူတို့ရဲ့မိတ်လိုက်ချိန်တွေဖြစ်ပြီး ကိုယ်ဝန်ဆောင်ပြီးတဲ့နောက် အမတစ်ကောင်ဟာ ၂ကောင် သို့ ၃ကောင်အထိ မွေးလေ့ရှိပါတယ်။ မိခင်တွေဟာ အကောင်ပေါက်ကလေးတွေကို ၃လထိကြာအောင် စောင့်ရှောက်လေ့ရှိကြပါတယ်။
တောထဲမှာ နေထိုင်တဲ့ တက်စ်မေးနီးယန်းကျားတွေဟာ ပျမ်းမျှအားဖြင့် ၅နှစ်ကနေ ၇နှစ် အထိသာ အသက်ရှင်လေ့ရှိကြပေမယ့် စောင့်ရှောက်မွေးမြူခံရတဲ့အကောင်တွေကတော့ ၉နှစ်အထိ အသက်ရှည်ကြပါတယ်။
တက်စ်မေးနီးယန်းကျားတွေ မျိုးတုံးခဲ့ရတဲ့အကြောင်းရင်းကတော့ သဘာဝရာသီဥတုနဲ့ လူသားတွေရဲ့ အမဲလိုက်သတ်ဖြတ်မှုကြောင့် ဖြစ်ပါတယ်။ ဗြိတိသျှတွေ သြစတြေးလျကို နယ်ချဲ့ချိန်အထိ တက်စ်မေးနီးယန်းကျားတွေ ရှိနေပေမယ့် သူတို့ရဲ့လန့်စရာပုံသဏ္ဍာန်ကို ချဲ့ကားပြောဆိုရာကနေ အစိုးရက အမဲလိုက်သတ်ဖြတ်ဖို့ ခွင့်ပြုကာ လိုင်စင်တွေချပေးခဲ့ပါတယ်။ ၁၉၁၀ နဲ့ ၁၉၂၀ ကြားမှာတော့ တောတွင်းမှာရှိတဲ့ တက်စ်မေးနီးယန်းကျားတွေ အားလုံးနီးပါးသတ်ဖြတ်ခံခဲ့ရပါတယ်။
နောက်ဆုံး တက်စ်မေးနီးယန်းကျားကတော့ တက်စ်မေးနီးယားပြည်နယ် ဟိုးဘတ် တိရိစ္ဆာန်ဥယျာဉ်မှာ ရှိခဲ့တာပါ။ Benjamin လို့အမည်ရတဲ့ ဒီနောက်ဆုံး တက်စ်မေးနီးယန်းကျားကတော့ ၁၉၃၆ ခုနှစ်မှာ သေဆုံးသွားခဲ့ပါတယ်။ ၁၉၈၆ ခုနှစ်မှာတော့ တက်စ်မေးနီးယန်းကျားတွေ မျိုးတုံးပျောက်ကွယ်သွားပြီဖြစ်ကြောင်း အစိုးရက တရားဝင် ကြေငြာခဲ့ပါတယ်။
အချို့သော ဇီဝဗေဒပညာရှင်တွေကတော့ တက်စ်မေးနီယန်းကျားတွေဟာ တစ်နေရာရာမှာ ရှိနေဆဲ လို့ ယုံကြည်ကြသလို ရံဖန်ရံခါမှာလည်း တက်စ်မေးနီးယန်းကျားနဲ့ ပုံစံတူတိရစ္ဆာန်တွေကို တွေ့ရကြောင်း သတင်းတွေတက်လာတတ်ပေမယ့် ခိုင်မာတဲ့ အထောက်အထား မှတ်တမ်းနဲ့တော့ ထပ်မံတွေ့ရှိရခြင်း မရှိတော့ပါဘူး။ တက်စ်မေးနီးယားပြည်နယ်ရဲ့ အထိမ်းအမှတ်သင်္ကေတမှာတော့ တက်စ်မေးနီးယန်းကျားတွေကို ထည့်သွင်းရေးဆွဲထားပါတယ်။
၁၉၃၃ ခုနှစ်မှာ ရိုက်ကူးထားတဲ့ တက်စ်မေးနီးယန်းကျားတစ်ကောင်ရဲ့ ဗီဒီယိုကိုတော့ အောက်မှာကြည့်နိုင်ပါတယ်။
VIDEO