ယနေ့ကမ္ဘာကြီးဟာ လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာတည်းက တည်ရှိခဲ့ပြီး သက်ရှိများစွာပေါ်ပေါက်ခဲ့ပါတယ်။ အဲဒီသက်ရှိသတ္တဝါတွေထဲမှာ ယနေ့တိုင်မြင်တွေ့နေရဆဲ တိရစ္ဆာန်တွေရှိသလို မမြင်တွေ့နိုင်တော့သော မျိုးတုံးသွားတဲ့ တိရစ္ဆာန်တွေလည်းများစွာရှိပါတယ်။
မျိုးတုံးသွားတဲ့ တိရစ္ဆာန်လို့ပြောရင် ကျွန်တော်တို့အများဆုံးသိကြတာ ဒိုင်နိုဆောတွေပါ။ အခုလည်း ဒိုင်နိုဆောတွေလိုပဲ မျိုးတုံးသွားကြတဲ့ အခြားတိရစ္ဆာန်တွေအကြောင်းကို သုတဇုန်မိတ်ဆွေများအတွက် ဗဟုသုတအနေနဲ့ ဖော်ပြလိုက်ပါတယ်။ သူတို့ရှိခဲ့တဲ့အကြောင်းကိုတော့ သူတို့ရဲ့ကြွင်းကျန်ရစ်တဲ့ ကျောက်ဖြစ်ရုပ်ကြွင်းအပိုင်းအစတွေကနေ သိပ္ပံသုတေသနပညာရှင်များက လေ့လာဖော်ထုတ်ခဲ့တာဖြစ်ပါတယ်။
Gigantopithecus
လူဝံမျိုးနွယ်ဖြစ်ပြီး လွန်ခဲ့တဲ့နှစ်ပေါင်း ၃ သိန်းခန့်က ရှိခဲ့တဲ့ သတ္တဝါတွေဖြစ်ပါတယ်။ တရုတ် ၊ အိန္ဒိယ နဲ့ ဗီယက်နမ်နိုင်ငံတွေမှာ နေထိုင်ကျက်စားပါတယ်။ ရှိခဲ့သမျှ လူဝံတွေထဲမှာ အကြီးဆုံးဖြစ်ပြီး အရပ် ၁၀ပေခန့်မြင့်ကာ အလေးချိန် ၆၀ဝ ပေါင်ခန့် ရှိပါတယ်။
Entelodon
တောဝက်ပုံစံနဲ့ အနည်းငယ်ဆင်တဲ့ အရွက်စားသတ္တဝါကြီးတွေဖြစ်ပါတယ်။ ကျောကုန်းအမြင့်မှာ လူတစ်ရပ်ခန့်ရှိပြီး အလွန်သန်မာတဲ့ မေးရိုး နဲ့ ထက်မြက်တဲ့ သွားတွေကို ပိုင်ဆိုင်ထားပါတယ်။ ဒါပေမယ့် သူတို့ဟာ အခြားသားရဲတွေကိုကြောက်ရွံ့လေ့ရှိပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၉ သန်းလောက်တည်းက မျိုးတုံးသွားခဲ့ပါပြီ။
Purussaurus
လွန်ခဲ့တဲ့ နှစ်ပေါင်း ၈ သန်းခန့်က ရှိခဲ့တဲ့ မိချောင်းမျိုးနွယ်ဝင်ပါ။ သူ့ရဲ့ဦးခေါင်းရိုးခွံ နဲ့ ခန္ဓာကိုယ်ရုပ်ကြွင်းတွေကို ဘရာဇီး ၊ ကိုလံဘီယာ နဲ့ မြောက်ဗင်နီဇွဲလားတို့မှာ တွေ့ရှိခဲ့ရပါတယ်။ ဦးခေါင်းခွံချည်းပဲ ၅ပေခန့် ရှိပါတယ်။ အရွယ်အစားကတော့ ပေ ၄၀ နီးပါးခန့်ရှိနိုင်ပါတယ်။ ကုန်းပေါ်က သားရဲတွေသာမက ရေထဲက လိပ်တွေ ၊ မိချောင်းငယ်တွေ ၊ ငါးအစရှိတဲ့ တိရစ္ဆာန်တွေကိုလည်း စားသောက်လေ့ရှိပါတယ်။
Estemmenosuchus
သူတို့ခေတ်တုန်းက အကြီးဆုံးသတ္တဝါဖြစ်ပါတယ်။ အရှည် ၁၀ ပေကျော်ရှိပြီး အစုံစား သတ္တဝါဖြစ်ပါတယ်။ ကြီးမားပြီးတော့ ခွဲဖြာနေတဲ့ ဦးချိုတွေကို ပိုင်ဆိုင်ပြီး ယနေ့ အမေရိကန်က ချိုပြားဆတ်ကြီးတွေနဲ့ ပုံစံဆင်ပါတယ်။ ဒီသတ္တဝါကြီးတွေရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းနှစ်ခုကို ရရှားမှာတွေ့ရှိခဲ့ပါတယ်။
Azhdarchid
ယနေ့ ရုပ်ရှင်ကားအချို့မှာ မြင်နေရဆဲဖြစ်တဲ့ အသားစားငှက်ကြီးတွေပါ။ သူတို့အတောင်ပံ ဖြန့်လိုက်ရင် ၁၂ မီတာလောက် အထိရှိနိုင်ပါတယ်။ ဦးခေါင်းပိုင်း နဲ့ ခြေထောက်တွေက အလွန်ရှည်လားပြီး ခန္ဓာကိုယ်ကတော့ အလွန်သေးကွေးပါတယ်။ ကောင်းမွန်စွာပျံသန်းနိုင်ခြင်းမရှိပဲ အများအားဖြင့် လမ်းလျှောက်နေလေ့ရှိတဲ့ ငှက်တစ်မျိုးပါ။ လူကဲ့သို့သော သတ္တဝါတွေကို အကောင်လိုက်မျိုနိုင်တဲ့အစွမ်းရှိပါတယ်။
Smilodon
ကျားမျိုးနွယ်ဝင်ပါ။ ပုံမှန်ကျားတွေနဲ့ မတူတာကတော့ ရှည်းလျားချွန်ထက်တဲ့ အစွယ်ကွေးပါရှိတာပဲ ဖြစ်ပါတယ်။ အရွယ်အစား ၆ပေခန့်ရှိပြီး အလွန်လျှင်မြန်ပါတယ်။ တောင် ၊ မြောက်အမေရိက နေရာတွေမှာ နေထိုင်ကျက်စားလေ့ရှိပါတယ်။ Smilodon မှာပဲ Smilodon gracilis, Smilodon populator နဲ့ Smilodon fatalis ဆိုပြီးမျိုးစိတ်သုံးခု ပြန်ကွဲပါတယ်။
Terror birds
ယနေ့တောင်အမေရိက နဲ့ မြောက်အမေရိက နေရာတွေမှာ ဟိုးအရင်ကရှိခဲ့တဲ့ ငှက်တစ်မျိုးဖြစ်ပါတယ်။ ဒီငှက်ကြီးတွေဟာ မပျံသန်းနိုင်ပါဘူး။ ဒါပေမယ့် အလွန်လျှင်မြန်စွာပြေးနိုင်ပါတယ်။ ကမ္ဘာ့အပြေးအမြန်ဆုံး ချီတာကျားသစ်လိုပဲ ပြေးနိုင်လိမ့်မယ်လို့ သိပ္ပံပညာရှင်အချို့ကဆိုပါတယ်။ အလွန်ကြီးမားပြီး အရပ်က ၃မီတာခန့်မြင့်ပါတယ်။ အလေးချိန် ၁တန်ခန့်ရှိပါတယ်။ သူတို့ရဲ့လက်နက်ကတော့ ၁မီတာခန့်ရှည်တဲ့ သူတို့ရဲ့ဦးခေါင်းပိုင်းဖြစ်ပါတယ်။ ခွေးကဲ့သို့သော တိရစ္ဆာန်လေးတွေကို တစ်ချက်တည်းနဲ့ မျိုနိုင်စွမ်းရှိပါတယ်။
Megalodon
ပုံကိုကြည့်ပြီး ငါးမန်းပါလို့ သင်ပြောမှာပါ။ ဟုတ်ပါတယ် ၊ Megalodon ဟာ ငါးမန်းမျိုးနွယ်ဝင်ဖြစ်ပါတယ်။ အလွန်ကြီးမားတဲ့ အဖြူရောင်ငါးမန်းမျိုး ဖြစ်ပါတယ်။ အလွန်ထက်မြက်တဲ့သွားတွေပါရှိပြီး အရွယ်အစားက ၄၀ပေ ကနေ ၅၅ပေ အထိ ရှည်နိုင်ပါတယ်။