အမေရိကန်က စစ်တုရင်ကစားသမားတစ်ယောက်ဖြစ်တဲ့ Timur Gareyev ဟာ အီလီနွိုက်စ်ပြည်နယ် ကွတ်ခ်ကောင်တီ အကျဉ်းထောင်မှာ အကျဉ်းသားဆယ်ယောက်နဲ့ချက်စ်ပွဲ (၁၀)ပွဲကို တစ်ပြိုင်တည်း ကစားခဲ့ပါတယ်။ ဦးနှောက်ရယ်အမြင်အာရုံရယ် အဓိကကျတဲ့ဒီကစားနည်းမှာ Timur က အမြင်အာရုံကို ဖယ်ရှားပစ်ပြီး သူ့ဦးနှောက်မှတ်ဉာဏ်တစ်ခုတည်းနဲ့ဆယ်ပွဲလုံးကို အနိုင်ကစားပြသွားပါတယ်။
သူ့ဘေးနားက အကူတစ်ယောက်ကတော့ ကစားပွဲဆယ်ပွဲ လုံး ကို ကြည့်နေ ရပြီး ဘယ်ချက်စ်ခုံက ဘယ်ချက်စ်ရုပ်ကို ဘယ်အကွက်ကိုရွှေ့သွားတယ်ဆိုတာ ပြောပေးနေရတာပါ။ သူကတော့ ချက်စ်ပွဲ (၁၀)ပွဲလုံးကို သူ့ဦးနှောက်ထဲမှာပဲ ပုံစံဖော်ပြီး သူရွှေ့ချင်တဲ့အကွက်နဲ့အရုပ်ကို ပါးစပ်ကလှမ်းပြောပြီး ကစားခဲ့တာပါ။ Timur နဲ့ကစားမယ့်ဆယ်ယောက်ထဲက တစ်ယောက်ကတော့ ဒီလုပ်ရပ်ကို တော်တော်အထင်သေးနေတယ်လေ။
“ ကျွန်တော့်သူ့ကို အနိုင်ကစားနိုင်မယ်ဆိုတာ သိတယ်၊ ကျွန်တော်ကခြောက်တန်းထဲက စစ်တုရင်ထိုးလာတာဗျ၊ ဘယ်နှယ့် မျက်လုံးမှိတ်ပြီးကစားရတယ်လို့၊ကြည့်နေ ကျွန်တော်သူ့ကို အနိုင်ယူပြမယ်လို့” ထောင်မှူးကို လှမ်းပြောလိုက်ပါတယ် ။
သူ့ထင်သလိုဖြစ်မလာခဲ့ပါဘူး ၊ Timur ကလွယ်လွယ်ကူကူပဲ ဆယ်ယောက်လုံးကိုအနိုင်ယူပြသွားပါတယ်။ ဘယ်လိုကစားခဲ့တာလဲလို့ Timur ကိုမေးကြည့်တော့
“ ဒါဟာအရမ်းစိတ်လှုပ်ရှားစရာကောင်းပြီး သိမ်မွေ့နက်နဲတဲ့ကစားနည်းပါ။ ခင်ဗျားသာ အတင်းကြိုးစားပြီး ကစားပွဲတိုင်းရဲ့အကွက်တွေ၊ စစ်တုရင်အရုပ် အဆုတ်အတက်တွေကို ခင်ဗျားမှတ်ဉာဏ်ထဲ ဇွတ်လိုက်မှတ်နေမယ် ဆိုရင် တော့ လုံးဝမဖြစ်နိုင်ပါဘူး၊ ကျွန်တော်တို့ဦးနှောက်မှတ်ဉာဏ်ထဲမှာ အရမ်းလှပနက်နဲတဲ့ လှည့်ကွက်လေးတွေရှိပါတယ်။ ဒါကိုအသုံးချတတ်ရင်တော့ ထင်သလောက်မခက်ပါဘူး။ “လို့ဆိုသွားပါတယ်။
ဒီလုပ်ရပ်ဟာ စတန့်ထွင်ပြီးလုပ်တဲ့ လုပ်ရပ်မဟုတ်သလို အလကားသက်သက်အကျိုးမရှိတဲ့ လုပ်ရပ်လည်းမဟုတ်ပါဘူး။ Timur က သူဒီလို ထောင်သားတွေနဲ့စစ်တုရင်လာကစားတဲ့အဓိကရည်ရွယ်ချက်ကို အခု လိုပြော သွားပါ တယ်။
“ ဒီမှာရောက်နေတဲ့အကျဉ်းသားတော်တော်များများဟာ တစ်ခဏတာဖြစ်လာတဲ့ သူတို့ရဲ့ဒေါသ၊ စိတ်မိုက်တွေကို မထိန်းချုပ်နိုင်ခဲ့လို့ပါ ၊ စစ်တုရင်ကစားနည်းဆိုတာစဉ်းစားဆုံးဖြတ်ဉာဏ်၊ဖြတ်ထိုးဉာဏ် ၊ စိတ်ရှည်သည်းခံနိုင်မှု တို့ကို အထောက်အကူပေးပါတယ်။ ကျွန်တော် သူတို့ကို စိတ်ပိုင်းဆိုင်ရာသင်တန်းလာပို့ချရင် ဘယ်သူမှ စိတ်ဝင်စားကြမှာမဟုတ်ပါဘူး ၊ ဒါကြောင့် စစ်တုရင်ကစားပြီးပဲ သူတို့ကို သင်ပေးလိုက်တယ် “
ဒါတင်မကသေးပါဘူး။ Timur Gareyev ဟာ ၂၀၁၃၊ မေလ ကတင် စိန့်လူးဝစ်စ် မြို့မှာ မျက်လုံးကိုအဝတ်နဲ့စည်းပြီး လူ ၃၃ ယောက်ကို တစ်ပြိုင်တည်း စစ်တုရင်ကစားပြခဲ့ပါသေးတယ်။ ဒီပွဲမှာတော့ ၂၉ ယောက်ကို အနိုင်ရရှိပြီး ၄ ယောက်ကိုသရေကျသွားခဲ့ပါတယ် ။
ဒီဖြစ်ရပ်ဟာ လွန်ခဲ့တဲ့ ၅နှစ်ခန့်က ဖြစ်ရပ်ဖြစ်ပြီး အဲဒီတုန်းက Timur Gareyev ဟာ အသက် ၂၅နှစ်ပဲ ရှိပါသေးတယ်။ သူဟာ အမေရိကန်က စစ်တုရင်သမားတစ်ယောက်ဖြစ်ပြီး ၂၀၀၄ခုနှစ်မှာကတည်းက Grandmaster ဖြစ်ခဲ့သူပါ။ သူဟာ ၂၀၁၆ခုနှစ်ဒီဇင်ဘာလ ၄ရက်နေ့ လတ်စ်ဗီးဂါတ်မှာ ကျင်းပဲတဲ့ပွဲမှာတော့ မျက်လုံးပိတ်ကာ ကစားရင်းလူပေါင်း ၄၈ဦးနဲ့ တစ်ပြိုင်နက်ကစားပြီး ဂင်းနစ်စံချိန်တင်ခဲ့ပါသေးတယ်။ ဒီ ၄၈ပွဲမှာတော့ သူဟာ ၃၅ပွဲနိုင် ၇ပွဲသရေ နဲ့ ၆ပွဲရှုံးတဲ့ ရလဒ်ထွက်ခဲ့ပါတယ်။
Trend Myanmar
Wikipedia