အထွေထွေ
နိုင်ငံရဲ့တရားဝင်နာမည်ကတော့ မော်ဒိုဗာသမ္မတနိုင်ငံဖြစ်ပြီး ဥရောပအရှေ့ဘက်ဆုံးအပိုင်းမှာ တည်ရှိနေတဲ့ကုန်းတွင်းပိတ်နိုင်ငံတစ်ခုဖြစ်ပါတယ်။ မော်ဒိုဗာရဲ့အနောက်ဘက်မှာဆိုရင် ရိုမေးနီးယားနိုင်ငံ၊ မြောက်ဘက် အရှေဘက်နဲ့တောင်ဘက်မှာဆိုရင် ယူကရိန်းနိုင်ငံတို့နဲ့ နယ်နိမိတ်ချင်းထိစပ်လျက်ရှိနေပါတယ်။
မော်ဒိုဗာဆိုတဲ့အမည်ဟာ အိမ်နီးချင်းရိုမေးနီးယားနိုင်ငံတွင်းပါဝင်နေတဲ့ မော်ဒိုဗာမြစ်ကနေ တိုက်ရိုက်ရယူခဲ့တာ ဖြစ်ပါတယ်။ မော်ဒိုဗာရဲ့တရားဝင်ရုံးသုံးဘာသာစကား ကတော့ရိုမေးနီးယားဘာသာစကားဖြစ်ပြီး (၂၀၁၉)ခုနှစ်စာရင်းတွေအရတော့မော်ဒိုဗာရဲ့စုစုပေါင်းလူဦးရေဟာ (၂ ၆၈၁ ၇၃၅)ဦးရှိတယ်လို့သိရပါတယ်။
နိုင်ငံအကျယ်အဝန်းဧရိယာစတုရန်းမိုင် (၁၃၀၆၈)မိုင်ရှိပြီးလူဦးရေသိပ်သည်းဆကတော့ (၁)စတုရန်းမိုင်မှာဆို ရင်လူဦးရေ (၂၃၄.၄) ယောက်နေထိုင်ကြပါတယ်။ ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံစာရင်းမှာတော့ အဆင့် ၁၃၉ သာ ရှိပါတယ်။
ယခင်ကာလက Kishinev လို့ိလူသိများတဲ့ Chisinau (ခီရှိနောင်း) ဟာဆိုရင်မော်ဒိုဗာနိုင်ငံရဲ့အကြီးဆုံးမြို့လည်းဖြစ်သလို မြို့တော်လည်းဖြစ်ပါတယ်။ Chisinau ဟာဆိုရင်နိုင်ငံရဲ့စက်မှုထိပ်တန်းနေရာတစ်ခုအဖြစ်သာမကစီးပွားရေးအချက်အခြာကျတဲ့နေရာမှာရပ်တည်ရှိနေပြီးတည်နေရာကတော့ မော်ဒိုဗာအလယ်ပိုင်းက Bîc မြစ်ကမ်းပေါ်မှာတည်ရှိနေပါတယ်။ အခြားထင်ရှားတဲ့မြို့တွေကတော့ Tiraspol နဲ့ Bălți မြို့တို့ဖြစ်ပါတယ်။
သမိုင်းကြောင်း
အလယ်ခေတ် အစောပိုင်းမှာ ယခုမော်ဒိုမာနိုင်ငံရှိရာနေရာမှာ Dacian လူမျိုးများ အခြေချနေထိုင်ခဲ့ကြပါတယ်။ ဒီနေရာဟာ အေဒီ ၁ ရာစု နဲ့ ၇ရာစုကြားကာလမှာ ရောမ နဲ့ ဘိုင်ဇန်တိုင်းအင်ပါယာတွေရဲ့ ပိုင်နက်ဖြစ်ခဲ့ပါတယ်။ အာရှ နဲ့ ဥရောပ ကြား အဓိကလမ်းကြောင်းပေါ်မှာ တည်ရှိနေတာကြောင့် မော်ဒိုဗာနိုင်ငံဖြစ်လာမယ့် နယ်မြေဟာ လူမျိုးပေါင်းစုံရဲ့ အကြိမ်ကြိမ်ကျူးကျော် သိမ်းပိုက်မှုကို ခံခဲ့ရပါတယ်။ ဂေါ့သ် ၊ ဟန်း ၊ ဘူဂေးရီးယန်း ၊ ဟန်ဂေရီးယန်း ၊ ပက်ဇီနက်ခ် ၊ ကူမန် ၊ မွန်ဂို နဲ့ တာတာ စတဲ့လူမျိုးပေါင်းစုံဟာ ဒီနည်မြေကို သိမ်းပိုက်ခဲ့ကြဖူးပါတယ်။
မော်ဒိုဗာနယ်မြေဖြစ်ပေါ်လာဖို့ စတင်ခဲ့သူကတော့ ယခု ရိုမေးနီးယားရဲ့မြောက်ဘက် ၊ ယူကရိန်းရဲ့ အနောက်ဘက် မော်ဒိုဗာမြစ်အနီးမှာ တည်ရှိတဲ့ Maramureș ဆိုတဲ့ အရပ်က စစ်ခေါင်းဆောင် Dragoș ဖြစ်ပါတယ်။ သူဟာမော်ဒိုဗာနိုင်ငံဖြစ်လာမယ့် အရပ်ကို သူ့နောက်လိုက်နောက်ပါတွေနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။
၁၃၅၀ ခုနှစ်ဝန်းကျင်မှာ မော်ဒိုဗာဟာ ဟန်ဂေရီဘုရင့်နိုင်ငံရဲ့ လက်အောက်ခံနယ်မြေဖြစ်ခဲ့ပြီး Bogdan I လက်ထက်မှာတော့ လွတ်လပ်တဲ့နယ်မြေတခုဖြစ်လာပါတယ်။ ဒါပေမယ့် ၁၅၃၈ ခုနှစ်မှာတော့ အော်တိုမန်အင်ပါယာရဲ့ လက်အောက်ခံနယ်မြေဖြစ်ခဲ့တာ ၁၉ရာစု တိုင်အောင်ပါပဲ။
၁၈၁၂ ခုနှစ်မှာဖြစ်တဲ့ ရုရှား – တူရကီစစ်ပွဲ တခုမှာ တူရကီတို့ စစ်ရှုံးသွားပြီးတဲ့နောက် မော်ဒိုဗာရဲ့ အရှေ့ပိုင်းနယ်မြေတခြမ်းဟာ ရုရှားအင်ပါယာလက်အောက်ကို ကျရောက်သွားခဲ့ရပါတယ်။ ၁၉၁၈ ခုနှစ်မှာတော့ လွတ်လပ်ရေးရခဲ့ပြီးနောက် ရိုမေးနီယားနဲ့ ပူပေါင်းခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းမှာတော့ မော်ဒိုဗာဟာ ဂျာမန်တွေလက်ကနေလွတ်မြောက်ပြီး ဆိုဗီယက်ပြည်ထောင်စုဝင် နယ်မြေတခုဖြစ်လာခဲ့ပါတယ်။ ၁၉၉၁ ခုနှစ်မှာတော့ ဆိုဗီယက်ကနေ ခွဲထွက်ပြီးတဲ့နောက် မော်ဒိုဗာသမ္မတနိုင်ငံ ဆိုပြီး ဖြစ်လာပါတယ်။ လက်ရှိအုပ်ချုပ်ရေးစနစ်ကတော့ ပါလီမန် သမ္မတစနစ်နိုင်ငံ စနစ်ဖြစ်ပါတယ်။
မော်ဒိုဗာရဲ့နယ်မြေအများစုကတော့ တောင်ကုန်း၊တောင်တန်းတွေဖြစ်ပြီးပင်လယ်ရေမျက်နှာပြင်အထက်အမြင့်ပေ (၁၄၁၁) ပေမြင့်မားတဲ့ Balanesti Hill ဟာဆိုရင် နိုင်ငံရဲ့အမြင့်ဆုံးအပိုင်းဖြစ်ပါတယ်။ ကုန်းတွင်းပိတ်နိုင်ငံတစ်ခုဆိုပေမဲ့ မော်ဒိုဗာဟာ ပင်လယ်နက်နဲ့နီးကပ်စွာတည်ရှိနေတာကိုလည်းတွေ့ရပါတယ်။ နယ်မြေရဲ့(၇၄)ရာခိုင်နှုန်းလောင်ဟာဆိုရင်စပျစ်ခြံတွေ၊ သစ်ခွခြံတွေ၊ ဂျုံခင်းတွေ၊စားကျက်မြေတွေနဲ့ဖုံးလွှမ်းလျက်ရှိပါတယ်။
(၁၃)ရာခိုင်နှုန်းကတော့ သစ်တောမြေတွေဖြစ်ပြီး (၇)ရာခိုင်နှုန်းကတော့ ကျယ်ပြန့်တဲ့ရွက်ကြွေသစ်တောနယ်မြေ ၊ (၃)ရာခိုင်နှုန်းကတော့စိမ့်မြေအဖြစ်သတ်မှတ်ထားတဲ့ ရေလွှမ်းမိုးတဲ့မြေနိမ့်ပိုင်းဒေသတွေဖြစ်တဲ့ Prut နဲ့ Dniestre မြစ်ဝှမ်းလွင်ပြင်ဒေသတွေဖြစ်ပါတယ်။ မော်ဒိုမာတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ဆိုရင်တော့ ဘေးမဲ့သစ်တောကြိုးဝိုင်းနယ်မြေ (၄.၆၅)ရာခိုင်နှုန်းအ ထိရှိနေပါတယ်။ တောရိုင်းနဲ့ဇီဝမျိုးကွဲတွေတည်ရှိရာနေရာ(၄)ခုအထိမော်ဒိုဗာမှာတည်ရှိ နေတာကိုလည်းတွေ့ရပါတယ်။
ထင်ရှားတဲ့ နေရာများ
Royal Forest လို့သိကြတဲ့ Padurea Domneasca ဟာဆိုရင်မော်ဒိုဗာရဲ့အကြီးဆုံးသဘာဝတောရိုင်းတိရိစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်ရေး နယ်မြေဖြစ်ပြီး (၁၄ ၉၀၅)ဧကကျယ်ဝန်းပါတယ်။ ယင်းသစ်တောဥယျာဉ်ကြီးကို (၁၉၉၃)ခုနှစ်ကစတင်တည်ထောင်တာဖြစ်ပြီး မော်ဒိုဗာရဲ့အကြီးဆုံးနဲ့ သက်တမ်းအရင့်ဆုံးလို့လူသိများတဲ့နှစ်ပေါင်း (၄၅၀) ကျော်သက်တမ်းရှိနေပြီဖြစ်တဲ့ ဝက်သစ်ချပင်ကြီးတည်ရှိရာနေရာအဖြစ်လည်းလူသိများပါတယ်။ ယင်းသီးသန့်နယ်မြေအတွင်းမှာဆိုရင် Bison (အမွှေးရှည်နွားရိုင်း)အုပ်အနည်းငယ်အပါအဝင်ရှားပါးတိရ စ္ဆာန်တော်တော်များများကိုတွေ့မြင်နိုင်ပါတယ်။
Emil Racovita ကတော့မော်ဒိုဗာရဲ့အကြီးဆုံး Krast ဂူကြီးဖြစ်ပြီးဥရောပမှာတော့ (၁၃) ခုမြောက်အရှည်ဆုံး( gypsum ဂူများအနက် တတိယမြောက်)နဲ့ကမ္ဘာပေါ်မှာဆိုရင် တော့ (၂၆)ခုမြောက်အရှည်ဆုံးဂူကြီးအဖြစ်လည်းမှတ်တမ်းဝင်ထားပါတယ်။ အတိုင်းအတာအားဖြင့် ပေပေါင်း (၂၉၁ ၉၉၁) ပေရှည်လျားပြီးဂူကြမ်းပြင်အတွင်းမှာလည်း မြေအောက်ကွန်ယက်များစွာပါဝင်နေတာကိုလည်းတွေ့ရပါတယ်။
မော်ဒိုဗာနိုင်ငံတွင်းမှာပဲတည်ရှိနေတဲ့ အလယ်ခေတ်ကာလမြို့တော်ဟောင်းတစ်ခုဖြစ်ခဲ့ တဲ့ Orheiul Vechi ဟာဆိုရင်လည်း Golden Horde အုပ်စိုးခဲ့တဲ့ (၁၃၃၀)ကာလကတည်းက တည်ဆောက်ခဲ့တာဖြစ်ပြီး ယနေ့အချိန်မှာဆိုရင်လေကြောင်းပြတိုက်အဖြစ် တည်ရှိနေကာ သဘာဝနဲ့ လူတွေဖန်တီးထားတဲ့ရှုခင်းနယ်မြေများစွာပါဝင်နေတာကိုတွေ့ရပါတယ်။
Tipova Cave Monastery ဟာဆိုရင် Nistru မြစ်ကမ်းပါးကျောက်ဆောင်တစ်လျှောက် တည်ရှိနေတာဖြစ်ပြီး Orthodox ဂူဘုရားကျောင်းအမျိုးအစားဖြစ်ကာမော်ဒိုဗာမှာသာ မကအရှေဥရောပတစ်ခွင်မှာအကြီးဆုံးသောခရစ်ယာန်ဂူဘုရားကျောင်းကြီးအဖြစ်မှတ် တမ်းဝင်ထားပါတယ်။ တည်ဆောက်တဲ့ခုနှစ်ကတော့ အေဒီ(၆)ရာစုလောက်ကဖြစ်ပြီး ကာလပေါင်းများစွာထိန်းသိမ်းသူမဲ့ရှိနေရာကနေ (၁၇၅၆)ခုနှစ်ရောက်ချိန်မှပြုမြင်မွမ်းမံမှုတွေကို ပြန်လည်ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။
မော်ဒိုဗာနိုင်ငံရဲ့သက်တမ်းရင့်ဘုရားကျောင်းများစွာအနက် Capriana Monastery ဟာ ဆိုရင်လည်းတစ်ခုအပါအဝင်ဖြစ်ပြီး အေဒီ (၁၄၂၀)အစောပိုင်းကာလကတည်းက တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ တည်ဆောက်ပြီးမကြာခင်မှာပဲ စစ်ဘုရင် Aiexandru အပါအဝင်နောက်ဆက်ခံ တဲ့ Stefan del Marevနဲ့ Alexandru Lapusneanu က တော်ဝင်အဆောက်အအုံအဖြစ်သတ်မှတ်ခဲ့ကြပါတယ်။
မော်ဒိုဗာနိုင်ငံရဲ့ Orthodox ခရစ်ယာန်ဘုရားကျောင်းတွေအနက်မှာတော့ Cathedral of Christ’s Nativity ဟာဆိုရင်အလွန်ထင်ရှားတဲ့ဘုရားကျောင်းအဖြစ်ရှိနေပြီးမြို့တော် Chisinau အလည်ခေါင်မှာတည်ရှိနေပါတယ်။ ခရစ်ယာန်ဘုရားရှိခိုးကျောင်း အတွင်း ဆက်စပ်ပါဝင်နေတဲ့ Neoclassical ဒီဇိုင်းပုံ နာရီစင်ကိုတော့ Abram Melnikov ဆိုသူက ပုံဖော်တည်ဆောက်ခဲ့ပါတယ်။
မော်ဒိုဗာမှာဆိုရင်စိုက်ပျိုးရေးနည်းပညာခွဲပေါင်း (၃၀) လောက်ကိုအသုံးပြုစိုက်ပျိုးထား တဲ့စပျစ်ခြံဧကပေါင်း (၂၇၆ ၇၅၈)ဧကလောက်တည်ရှိနေတာကိုတွေ့ရပါတယ်။ အများအားဖြင်တော့စပျစ်ဝိုင်ထုတ်လုပ်တာဖြစ်ပြီးနာမည်ကျော်စပျစ်ဝိုင်ထုတ်လုပ်မှုနယ်မြေ (၄)ခုကတော့ မော်ဒိုဗာအနောက်တောင်အရပ်က Valu Lui Traian ၊ အရှေတောင်ဘက် ပိုင်းက Stefan Voda ၊
အလယ်ပိုင်းဒေသက Codru ၊မြောက်ဘက်ပိုင်းက Balti တို့ဖြစ် ပါတယ်။ မော်ဒိုဗာရဲ့ဝိုင်ထုတ်လုပ်မှုသမိုင်းဟာ ဘီစီ(၃၀၀၀) လောက်ကတည်းကစတင်နေခဲ့တယ်လို့သိရပြီး လေ့လာချက်တွေအရ မော်ဒိုဗာရဲ့ပထမဆုံးသော စပျစ်ပင်တွေဟာ ဘီစီ(၇၀၀၀)ကာလကတည်းက ရှိနေပြီဆိုတဲ့မှတ်တမ်းတွေတောင်ရှိနေခဲ့တာဖြစ်ပါတယ်။
မော်ဒိုဗာနိုင်ငံရဲ့မြေအောက်မြို့တော်လို့လူသိများတဲ့ Cricova ဟာဆိုရင်နိုင်ငံရဲ့ဝိုင်ထုတ်လုပ်ရာတည်နေရာပြအမှတ်အသားတစ်ခုအဖြစ်ရှိနေပြီး မြေအောက်မှာ (၇၀)ကီလိုမီ တာလောက်ရှည်လျားတဲ့ဝိုင်အရောင်းခန်းတွေတည်ရှိလို့နေတာပါ။ ယင်းလမ်းကြောင်း ပေါ်မှာပဲ သင်္ကေတအားဖြင့် Dionis ၊ Feteasca ၊ Cabernet- Sauvignon ဆိုပြီးလမ်း ကြောင်းသစ်တွေထပ်မံခွဲခြားထားတာကိုတွေ့ရမှာဖြစ်ပြီး မြို့တော် Chisinau ရဲ့ (၁၁)ကီ လိုမီတာအကွာမှာတည်ရှိနေပါတယ်။
Cricova မြေအောက်မြို့တော်ကိုတော့ မြေအောက် အနက်ပေ (၃၅)ကနေ(၈၀)မီတာလောက်မှာ ထုံး ကျောက်တွေနဲ့တည်ဆောက်ထားတာဖြစ်ပြီး စပျစ်ဝိုင် သန်း(၃၀)လီတာလောက်ပမာဏကိုအပူချိန် (၁၂)ကနေ(၁၄)ဒီဂရီဆဲစီးရတ် နဲ့ အစိုဓာက် (၉၇) ကနေ (၉၈)ရာခိုင်နှုန်းလောက်မှာပုံသေထားရှိပါတယ်။
မော်ဒိုဗာနိုင်ငံရဲ့ Milestii Mici အမည်ရဝိုင်ထုတ်လုပ်တဲ့စက်ရုံရဲ့မြေအောက်ခန်းမှာဆိုရင် စပျစ်ဝိုင်ပုလင်းပေါင်း (၁.၅)သန်းကျော်လောက်ရှိနေတာကိုတွေ့ရပါတယ်။ ယင်းပုလင်း တွေကိုတော့ထုံးတူးဖော်ရေးလုပ်ငန်းစဉ်တွေကနေကြွင်းကျန်တဲ့ (၃၄)မိုင်လောက်ရှိတဲ့ထုံးကျောက်ဂူနံရံသေတ္တာတွေထဲမှာ တားရှိပြီးမြေအောက်ဝိုင် ဖြစ် သိုလှောင်ထားခဲ့ကြပါတယ်။ ပထမဆုံးသောမြေအောက်ဝိုင်ပုလင်းကို (၁၉၆၈)ခုနှစ်က စတင်သိုလှောက်ခဲ့တာဖြစ်ပြီးနှစ်စဉ်ပုံမှန်သိုလှောင်လာခဲ့တာဟာယနေ့အချိန်ထိဖြစ်ပါ တယ်။
Milestii Mici ဆိုတာကစပျစ်ဝိုင်ထုတ်လုပ်တဲ့စက်ရုံနာမည်တင်မဟုတ်ပါဘူး တည်ရှိရာနေရာရဲ့မြို့နာမည်အဖြစ်လည်းရှိနေတာဖြစ်ပြီး (၂၀၀၅)ခုနှစ်သြဂုတ်လမှာ တော့ ကမ္ဘာစပျစ်ဝိုင်စုစည်းတည်ရှိရာနေရာအဖြစ် ပုလင်းပေါင်း (၂)သန်းနီးပါးနဲ့ ကမ္ဘာ Guinness မှတ်တမ်းမှာဖော်ပြခြင်းခံခဲ့ရပါတယ်။
မော်ဒိုဗာမှာနောက်ထပ်တွေ့ရမယ့် အရာတစ်ခုကတော့ Tirnauca ကျေးရွာမှာတည်ရှိနေတဲ့ ကမ္ဘာ့အကြီးဆုံးပုလင်းသဏ္ဍန်အဆောက်အအုံကြီးဖြစ်တဲ့ (၉၂)မီတာလောက်မြင့်တဲ့ Strong Drinks ပြတိုက် ဖြစ်ပါတယ်။ ဒါအပြင်လူဦးရေ(၁၃၅၀၀) လောက်နေထိုင်တဲ့ ဥရောပရဲ့အကြီးဆုံးကျေးရွာအဖြစ်သတ်မှတ်ထားတဲ့ Congaz ကလည်းမော်ဒိုဗာနိုင်ငံထဲ မှာပဲတည်ရှိနေတာဖြစ်ပါတယ်။
မော်ဒိုဗာရဲ့ရိုးရာဟင်းလျာတွေဟာအိမ်နီးချင်းရိုမေးနီး ယားနိုင်ငံလိုပဲ ရုရှား၊တူရကီနဲ့ယူကရိန်းနိုင်ငံတွေရဲ့ရိုးရာဟင်းလျာချက်ပြုတ်၊ပြင်ဆင်မှု ပုံစံတွေအတိုင်းသာဖြစ်ပါတယ်။ အဓိကဟင်းလျာတွေမှာဆိုရင် အမဲသား၊ အာလူး၊ ဂေါ်ဖီ၊ ဝက်သားနဲ့ နှံစားပင်အမျိုးမျိုးကိုအသုံးပြုချက်ပြုထားတာကိုတွေ့ရပါတယ်။
မော်ဒိုဗာလူဦးရေရဲ့ (၇၅.၁)ရာခိုင်နှုန်းလောက်ကတော့ မော်ဒိုဗန်လူမျိုးတွေဖြစ်ပြီးရိုမေးနီးယား ၊ယူကရိန်း၊ရုရှား၊ပိုးနဲ့ ဘူဂေးရီးယားလူမျိုးတွေလည်းအခြေချနေထိုင်ကြပါတယ်။ (၂၀၁၉) ခုနှစ်အတွင်းမော်ဒိုဗာရဲ့ GDP (PPP) စာရင်းကတော့ အမေရိကန်ဒေါ်လာ (၂၇. ၂၇၁)ဘီလီလျံဖြစ်ပြီးနိုင်ငံသားတစ်ဦးချင်းစီရဲ့တစ်နှစ် ဝင်ငွေဟာအမေရိကန်ဒေါ်လာ (၇၇၀၀) အထိရှိခဲ့ပါတယ်။
မော်ဒိုဗာနိုင်ငံလူဦးရေရဲ့ (၉၈)ရာခိုင်နှုန်းလောက်ဟာ ခရစ်ယာန်ဘာသာဝင်တွေဖြစ်ပြီး နိုင်ငံရဲ့ဖွဲ့စည်းပုံအရ နိုင်ငံသားတိုင်းကို လွတ်လပ်စွာကိုးကွယ်ခွင့်ပြုထားတာကိုတွေ့ရပါတယ်။