ကမ္ဘာပေါ်မှာ အခက်ခဲဆုံးသော ခြေလျင်ခရီးဧရိယာအဖြစ် သတ်မှတ်ထားတာကတော့ အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ Appalachin Trail ဖြစ်ပြီး ယင်းဧရိယာဟာ အမေရိကန်အရှေဘက်ခြမ်းမှာရှိတဲ့ ဂျော်ဂျီယာပြည်နယ်၊ Springer တောင် ကနေ Maine ပြည်နယ် Katahdin တောင် အထိ ဆက်စပ်တည်ရှိနေတဲ့ မိုင်ပေါင်း(၂၂၀၀)ခန့်ရှည်လျားတဲ့ တောင်တက်ခရီးကြမ်း ဖြစ်ပါတယ်။
ဒီခရီးလမ်းကြာင်းဟာ အလွန်ကြမ်းတမ်းတာ ကြောင့် လက်ရွေးစင်ခြေလျင်လျှောက်အဖွဲ့တွေတောင် ကာလကြာလေ့ကျင့်မှုတွေပြု လုပ်ပြီးမှသာခရီးစဉ်တွေကို စတင်အကောင်အထည်ဖော်ရလေ့ရှိတာပါ။ ဒါပေမဲ့ အမေရိကန်ပြည်ထောင်စု Ohioပြည်နယ်၊ Guyanမြို့ကအသက်(၆၇)နှစ်မအရွယ် အဘွားအို Emma Rowena Gatewood ကတော့ ဒီခရီးကြမ်းကို တစ်ကိုယ်တည်း (၃)ကြိမ်တိတိ ခြေကျင်ဖြတ်သန်းပြခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာတော့ Grandma Gatewood လို့လူသိများခဲ့တဲ့ အဲဒီအဘွားအိုဟာ ကြီးမားတဲ့ချောက်ကမ်းပါး တွေ၊ ကျောက်တုံးကျောက်ခဲတွေ၊လဲကျနေတဲ့ သစ်ပင်ကြီးတွေ ထူပြောစွာတည်ရှိနေတဲ့ Appalachin Trail ခရီးတစ်လျှောက် မြေပြင်ပေါ်မှာပဲ နားနေအိပ်စက်ပြီး လမ်းတစ်လျှောက်ကံကောင်းထောက်မစွာတွေ့ရတဲ့ ခရီးသွားတွေရဲ့ထောက်ပံံ့ကူညီမှုတွေနဲ့ ဒီခရီးစဉ်ကို (၃)ကြိမ်တိုင်အောင်မြင်ခဲ့သူဖြစ်ပါတယ်။
ဒီအဖွားအိုဟာ Appalachin Trailခရီးကြမ်းကို တစ်ဦးတည်းခြေလျင်ဖြတ် သန်းခဲ့တဲ့ ပထမဆုံးသော အမျိုးသမီးဖြစ်ပြီး ကမ္ဘာမီဒီယာတွေရဲ့ ချီးကျူးဂုဏ်ပြုခြင်းကို များစွာခံခဲ့ရပါတယ်။ သူမရဲ့ ပထမခရီးစဉ်ကတော့ (၅)လခန့်ကြာမြင့်ခဲ့ပြီး (၁၉၅၃) ခုနှစ် ကစတင်ခဲ့တာပါ။ ဒီခရီးစဉ်နဲ့ပတ်သက်ပြီးတော့ ရည်ရွယ်ချက်တစ်စုံတစ်ရာမရှိပဲ စွန့်စားဖို့သက်သက်နဲ့ပဲ ဖြတ်သန်းအောင်မြင်ခဲ့တာ ဖြစ်ပါတယ်။ ယင်းကာလက အဲဒီလမ်းဟာ ယခုလိုပြင်ဆင်ထိန်းသိမ်းခဲ့တဲ့ လမ်းကြောင်းတစ်ခုမဟုတ်ပဲ လမ်းခရီးကြားမည်သည့် အဆက်အသွယ်မှ ရှိမနေပါဘူး။
သူမဟာ ယခင်က ဒီလိုတောင်တက်ခရီး အတွေ့အကြုံမရှိခဲ့ပါဘူး။ သာမန် လယ်သမားမိသားစုကနေ ကြီးပြင်းလာတဲ့သူမဟာ အသက်(၁၉)နှစ်အရွယ်မှာ သူမထက်အသက် (၈)နှစ်လောက်ကြီးတဲ့ P.C Gatewood နဲ့လက်ထပ်ခဲ့ပြီး ကလေး(၁၁)ယောက် ထွန်းကားခဲ့ပါတယ်။ သူမဟာလက်ထပ်ပြီး တစ်ပတ်အတွင်းမှာပဲ ယောင်္ကျားရဲ့ညှင်းပန်းနှိပ်စက်မှုတွေကိုများစွာခံခဲ့ရပြီး သွားနဲ့နံရိုးတွေ ကျိုးကြေတဲ့အဖြစ် ဖြစ်ခဲ့ရပါတယ်။ ပြင်းထန်စွာ ရိုက်နက်မှုတွေခံရတိုင်း သူမရဲ့အိမ်ခပ်လှမ်းလှမ်းမှာရှိတဲ့ တောအုပ်အတွင်းကို ထွက်ပြေးခဲ့ရရှာပါတယ်။
ယင်းတောအုပ်တွင်း ရက်အနည်းငယ် ရှောင်တိမ်းနေရာကနေ သူမဟာ တောအုပ်အတွင်း အသက်ရှင်သန်အောင် ဘယ်လို နေထိုင်ရမလဲ ဆိုတဲ့ သော့ချက်ကိုစတင်ရှာဖွေတွေ့ရှိခဲ့ပါတယ်။လယ်သမားမိသားစုကနေ ပေါက်ဖွားလာတာကြောင့် ငယ်စဉ်တည်းက အလုပ်ကြမ်းတွေနဲ့ ရင်းနှီးနေခဲ့တာပါ။ သူမရဲ့ပထမဆုံး ခရီးစဉ်အစ ကိုတော့ Maine ပြည်နယ် Katahdi တောင် ကနေစတင်ခဲ့ပေမဲ့ ချော်လဲပြီး သူမရဲ့ မျက်မှန်ကျိုးသွားတာကြောင့် ဖျက်သိမ်းခဲ့ရပါတယ်။
တောခေါင်းတစ်ဦးရဲ့ ကူညီမှုကြောင့်သာ သူမအိမ်ပြန်ရောက်လာခဲ့ရတာပဲ ဖြစ်ပါတယ်။ ဒါကြောင့်(၁၉၅၃) ကနေစတင်ခဲ့တဲ့ သူမရဲ့ Appalachin Trail ဟာ မအောင်မမြင်ဖြစ်ခဲ့ပါတယ်။ ဒါအပြင် သူမမိတ်ဆွေများစွာက ဒီခရီးစဉ်ဟာ ကိုယ့်သေတွင်းကိုယ်တူးနေသလို ဖြစ်နေလို့ သူမကိုဆက်လက် မကြိုးစားဖို့ ဟန့်တားမှုတွေရှိနေခဲ့ပါတယ်။
သူမကတော့ အလျော့မပေးပဲ နောက်ထပ်(၂)နှစ်အကြာ (၁၉၅၅)ခုနှစ်မှာတော့ Appalachin Trailကို တစ်ကိုယ်တည်း ခြေလျင်သွားမဲ့ ခရီးကိုပြန်လည် အကောင် အထည်ဖော်ခဲ့ပြန်ပါတယ်။ ဒီတစ်ကြိမ်မှာတော့ သူမဟာ ပထမခရီးစဉ်ထက် ပိုမိုပြင်ဆင် မှုတွေပြုလုပ်လာခဲ့ပြီး ဂျင်းနဲ့လုပ်ထားတဲ့ အိပ်ယာခင်းတစ်ခုအပါအဝင် သူမတစ်ကိုယ်ရေ တစ်ကာယ သုံးစွဲတဲ့ ပစ္စည်းအချို့ကိုသယ်ဆောင် လာခဲ့ပြန်ပါတယ်။
ဒါပေမဲ့ ရွတ်ဖျင်တဲ၊ ခေါင်းအုံး၊ ကျောပိုးအိတ်၊ သံလိုက်အိမ်မြှောင်တို့ ကိုတော့ ယူဆောင်လာရမဲ့အစား Tennis ဖိနပ်တစ်စုံ၊ ခေါင်းသုတ်ရန် ခန်းစီးအစတစ်ခု၊ စောင်တစ်ထည်၊ အသုံးအဆောင်အချို့နဲ့ အစားအသောက်အဖြစ် စည်သွတ်ဘူး၊အခွံမာသီး၊ စပျစ်သီး ခြောက်၊ ဝက်အူချောင်းတို့ကိုသာ ယူဆောင်လာခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာတော့ သူမရဲ့ခရီးစဉ်ကို ဂျော်ဂျီယာမှာရှိတဲ့ Springer တောင်ကနေစတင်ခဲ့ပါတယ်။ အဖွားအို Gatewoodဟာ တစ်နေ့ကို ပျှမ်းမျှ (၁၄)မိုင်နှုန်းနဲ့ခရီးဆက်ခဲ့ပါတယ်။
သူမခရီးဆက်နေချိန်မှာလည်း သတင်းဌာန အသီးသီးက လူမှုကွန်ယက်သတင်းစာတွေထဲမှာ အစဉ်တစ်စိုက်ဖော်ပြနေတာကြောင့် Grandma Gatewood ရဲ့နာမည်ကျော်ကြားလာပါတယ်။ ဒါအပြင် သတင်းစာတွေက Appalachin Trail ရဲ့ ခက်ခဲတဲ့လမ်းကြောင်းတွေအကြောင်း ဝေဖန်မှုဆောင်းပါးတွေကိုပါ တစ်ပါတည်း ဖော်ပြနေခဲ့တာကြောင့် နောက်ပိုင်းမှာအစိုးရကပြုပြင်ထိန်းသိမ်းမှု တွေပြုလုပ်လာရပါတော့တယ်။ Appalachin Trailရဲ့အနီးဝန်းကျင်မှာနေထိုင် ကြတဲ့ အမေရိကန် ပြည်သူတွေကလည်း သူမရဲ့အသက်အရွယ်နဲ့မလိုက်တဲ့ အားထုတ်မှုကိုလေးစားသော အားဖြင့် စားစရာ၊အိပ်စရာ စတဲ့လက်ဆောင်တွေကို ပေးပို့လာကြပါတယ်။
ဒါအပြင် သူမဝတ်ဆင်ထားတဲ့ တင်းနစ်ဖိနပ်ရဲ့ အမှတ်တံဆိပ်ဖြစ် တဲ့ Keds တံဆိပ်ကလည်း ဖိနပ်အပါအဝင် အခြားသောလက်ဆောင်၊ခံစားခွင့်တွေကို သူမအတွက် ပေးအပ်ခဲ့ပါတယ်။ Grandma Gatewoodဟာ သူမခရီးစဉ်အတွင်း ဖိနပ် (၆)ရံအထိလဲလှယ် ဝတ်ဆင်ကာ ခရီးဆက်ခဲ့ပါတယ်။ ဂျော်ဂျီယာ မြောက်ပိုင်း တစ်လျှောက် ခြေကျင်ခရီးဆက်ခဲ့ပြီးMarylandပြည်နယ်ထဲက Tennessee ကိုဆက်လက် ဖြတ်သန်းခဲ့ပါတယ်။ ယင်းနောက် Pennsylvania အရှေတောင်စွန်းစွန်း ကနေ Vermont နဲ့ New Hampshire မြို့တွေကိုဖြတ်သန်းခဲ့ပြီးနောက် သူမရဲ့ နောက်ဆုံးပန်းတိုင်ဖြစ်တဲ့ Maine ကိုရောက်ရှိနိုင်ခဲ့ပါတယ်။
Grandma Gatewood ရဲ့ ပန်းဝင်တဲ့အချိန်မှာ လူရာပေါင်းများစွာကလာရောက် ကြိုဆိုခဲ့တဲ့အပြင် ပြည်တွင်းမီဒီယာတွေက ရုပ်သံကနေ တစ်နိုင်ငံလုံးကိုပြသခဲ့ပါတယ်။ အားကစား မီဒီယာတစ်ခု ဖြစ်တဲ့ Today Show က မေးမြန်းခဲ့တဲ့ ဒီညပန်းဝင်ချိန်ဟာ ခင်ဗျားဘဝကိုလောင်းကြေးထပ်ပြီး ပြုလုပ်ခဲ့တဲ့ပွဲလို ဖြစ်နေပါတယ်။ ဘာကြောင့် ဒီလို စွန့်စားဖို့ပြုလုပ်တာလဲဆိုတဲ့ မေးခွန်းကို Grandma Gatewoodက ဘာကြောင့်လဲဆိုတော့ လုပ်ချင်လို့ကိုလုပ်ခဲ့တာပါ လို့ တည်တည်ငြိမ်ငြိမ်နဲ့ ပြန်လည် ဖြေကြားခဲ့ပါတယ်။ ဒီစကားလုံးကြောင့် တက်ရောက်နားထောင်သူအားလုံး ပွဲကျ သွားခဲ့ ရပြီး ယင်းအင်တာဗျူးကို ကိုးကားပြီး Washinton Post သတင်းစာမှာထည့်သွင်းဖော် ပြရတဲ့အထိ အောင်မြင်သွားခဲ့ပါတယ်။
Grandma Gatewood ဟာ မည်သူတစ်ဦးတစ်ယောက်ရဲ့ ပရောဂမှာမပါပဲ (၁၉၅၇) ခုနှစ်နဲ့ (၁၉၆၄) ခုနှစ်တွေမှာလည်း Appalachin Trail ကို တစ်ကိုယ်တော် ဆက်လက် ခြေလျင်လျှောက်ပြခဲ့ပါတယ်။ ဒါကြောင့်သူမဟာ ကမ္ဘာပေါ်မှာ အကြမ်းတမ်းဆုံး ခြေလျင်ခရီးဧရိယာအဖြစ် သတ်မှတ်ထားတဲ့ Appalachin Trail ကို တစ်ဦးတည်း (၃) ကြိမ်တိုင် ဖြတ်သန်းအောင်မြင်ခဲ့တဲ့ ပထမဆုံးသောအမျိုးသမီး အဖြစ်မှတ်တမ်းတင်နိုင် ခဲ့ပါတယ်။
(၁၉၅၉)ခုနှစ်တုန်းကလည်း Grandma Gatewood ဟာ Missouri ကနေ Portland နယ်ထဲက Oregon မြို့အထိခြေလျင်လျှောက်ခရီးကိုဆက်လက် ဖြတ်သန်းပြခဲ့ပါသေးတယ်။ ရည်ရွယ်ချက်ကတော့ Oregonမြို့ရဲ့နှစ်(၁၀၀)ပြည့် လွတ်လပ်ရေးနေ့အခမ်းအနားကို ဂုဏ်ပြုပေးရန်အတွက် ဖြစ်ပါတယ်။ ယင်းအချိန်က သူမဖြတ်သန်းသွားရမဲ့ခရီးဟာ မီးရထားနဲ့တောင် ရက်သတ္တပတ်များစွာ ကြာညောင်းတဲ့ခရီး ဖြစ်ပါတယ်။
ဒါပေမယ့်လည်း သူမဟာ ဒီခရီးကြမ်းကို အောင်မြင်စွာ ကျော်ဖြတ်ပြနိုင်ခဲ့ပါတယ်။ ယင်းအချိန်က သူမရဲ့အသက်ဟာ(၇၂)နှစ်အရွယ် ရှိနေပြီ ဖြစ်ပါတယ်။ ယင်းနှစ်ထဲမှာပဲ သူမရဲ့ မွေးရပ် မြေဖြစ်တဲ့ Ohio ပြည်နယ်အတွင်းမှာပဲ The Buckeye Trail အမည်ရတဲ့ ခြေလျင်ခရီးသွား ဧရိယာတစ်ခုကို ဖြစ်မြောက်အောင် ကူညီပေးခဲ့ပါတယ်။ ဒီခြေလျင်ခရီးစဉ်ဟာမိုင်(၂၀)အကွာအဝေးရှိပြီးOhioပြည်နယ်တောင်ဘက်စွန်းမှာတည်ရှိတဲ့ မြောက်ဘက် Hocking Hill State Park ကနေစတင်ပြီး Benton မြို့ရဲ့ Old Man’s Cave မှာအဆုံးသတ်ပါတယ်။
Grandma Gatewoodဟာ (၁၉၇၃)ခုနှစ်မှာ ကွယ်လွန်ခဲ့ပြီး သူမကွယ်လွန်ချိန်မှာတော့ အသက်(၈၅)နှစ်အရွယ် ရှိနေပြီဖြစ်ပါတယ်။ သူမဟာနှလုံးရောဂါနဲ့ကွယ်လွန်ခဲ့တာ ဖြစ်ပြီး သူမရဲ့အုတ်ဂူကိုတော့ အိုဟိုင်းယိုး ပြည်နယ်၊ Galli နယ်မြေ အတွင်းမှာတည်ရှိတဲ့ အိုဟိုင်းယိုးတောင်ကြားဥယျာဉ် အတွင်းမှာ မြုပ်နှံထားပါတယ်။
စာရေးဆရာ Ben Montgomery ရဲ့ Emmaရဲ့စွန့်စားခန်းတွေအကြောင်းရေးသားခဲ့တဲ့ Grandma Gatewood’s Walk စာအုပ်ဟာ အောင်မြင်ခဲ့တဲ့စာအုပ်တစ်အုပ် ဖြစ်ခဲ့ပြီး ယင်းစာအုပ်ကို မှီငြမ်းပြီး Ohio ပြည်နယ်က ရုပ်ရှင်ထုတ်လုပ်သူဖြစ်တဲ့ Peter Huston က Trail Magic လို့အမည်ရတဲ့ တစ်နာရီကြာ ဇာတ်လမ်းတစ်ခုကို ရိုက်ကူးခဲ့ပါတယ်။ Grandma Gatewood ဟာသေဆုံးခဲ့ပြီးဖြစ်ပေမဲ့ (၂၀၁၂)ခုနှစ်တုန်းက သက်ဆိုင်ရာ တာဝန်ရှိအဖွဲ့တွေကပေးအပ်တဲ့ Appalachian Trail Hall of Fame in 2012 ဂုဏ်ပြုဆုကို ချီးမြှင့်ခံခဲ့ရပါသေးတယ်။ အများစုအမြင်မှာ မဖြစ်နိုင်ဘူးလို့ ထင်ရတဲ့ အရာကို ဖြစ်အောင်လုပ်ပြသွားနိုင်တဲ့ အဖွားအိုရဲ့ အစွမ်းကတော့ မှတ်တမ်းတစ်ခု အဖြစ် ကျန်ရစ်ခဲ့ပါတော့တယ်။
VIDEO