တချို့သူတွေဟာ ထူးဆန်းပါတယ်။ လူအများစု မလုပ်ချင် မလုပ်နိုင်တဲ့ အရာတွေကို တစိုက်မတ်မတ်လုပ်နေတတ်ပြီး သူတို့ရဲ့ရူးသွပ်မှုက အံသြစရာပါ။ ဒီအထဲမှာ အမေရိကန်လော့အင်ဂျလိမှာ နေထိုင်တဲ့ လူတစ်ယောက်လည်းပါဝင်ပါတယ်။
သူ့နာမည်က Curt von Badinski ဖြစ်ပြီး စက်မှုအင်ဂျင်နီယာတစ်ယောက်ဖြစ်ပါတယ်။ ဆန်ဖရန်စစ္စကိုအခြေစိုက် နည်းပညာကုမ္ပဏီတစ်ခုရဲ့ ပူးတွဲတည်ထောင်သူ နဲ့ နည်းပညာပိုင်းဆိုင်ရာအကြီးအကဲ(CTO) တစ်ယောက်လည်းဖြစ်ပါတယ်။ သူ့ရဲ့ထူးဆန်းမှုကတော့ မိုင်ပေါင်း ၃၅၀ကျော်ဝေးတဲ့အလုပ်ကို အိမ်ကနေ နေ့စဉ်လေယာဉ်နဲ့သွားတာပါပဲ။
သူဟာ နေ့စဉ်(တနင်္လာကနေ သောကြာ) မနက် ၅နာရီမှာထပါတယ်။ ရေချိုး ၊ မနက်စာစားပြီးတာနဲ့ သူ့ကားကိုစီးကာ ၁၅မိနစ်ခန့်ဝေးတဲ့ Burbank လေဆိပ်ကိုသွားပါတယ်။ အဲဒီနောက် တစ်လုံးထိုးအင်ဂျင်လေယာဉ်နဲ့ ဆန်ဖရန်စစ္စကိုကနေ မိုင်ပေါင်း ၃၅၃မိုင်ဝေးတဲ့ အုတ်လန်လေဆိပ်ကိုရောက်ပါတယ်။ အဲဒီကနေ သူ့ရဲ့ကိုယ်ပိုင်ကားကိုစီးကာ ဆန်ဖရန်စ္စကိုက ကုမ္ပဏီရုံးချုပ်ရှိရာကို မောင်းနှင်ပါတော့တယ်။
သူဟာ အလုပ်ကို မနက် ၈နာရီခွဲမှာ ရောက်ပါတယ်။ ညနေ ၅နာရီ ရုံးဆင်းတော့လည်း ဒီအတိုင်းပဲ ကားတစ်ခါ ၊ လေယာဉ်တစ်ခါ ၊ ကားတစ်ခါ စီးပြီး အိမ်ကိုပြန်ပါတယ်။ သူ့ရဲ့အိမ်ကို ည ၉နာရီမှ ရောက်ပါတော့တယ်။ ဘာကြောင့် သူဟာ နေ့စဉ် ၆နာရီခန့်ကို ခရီးသွားတဲ့နေရာမှာပဲ ဖြုန်းပစ်နေရပါသလဲ။
“ကျွန်တော့်အကြောင်းကို ကြားရင်လူတွေက မေးတတ်ကြတယ်။ ဒါအမြဲပဲလား အမြဲပဲလား တစ်ခါတစ်လေသွားတာမဟုတ်လား အရမ်းပင်ပန်းမှာပဲ ဆိုပြီးတော့ပေါ့။ ကျွန်တေ်ာ့ရဲ့အဖြေကတော့ ဟုတ်တယ် အမြဲတမ်းပါပဲလို့ ၊ ဟုတ်တယ်လေ နေ့တိုင်းကျွန်တော်ဒီလိုသွားနေတာပဲလေ၊ ဒါပေမယ့် ကိုယ့်ရဲ့ရွေးချယ်မှုအတွက် ကျွန်တော်ပင်ပန်းတယ်လို့မခံစားရပါဘူး” လို့ Badinski က ဆိုပါတယ်။ သူ့ရဲ့နေ့စဉ် အသွားအပြန်ခရီးစုစုပေါင်းအကွာအဝေးဟာ မိုင်ပေါင်း ၈၀၀နီးပါး ရှိနေပါတယ်။
တကယ်တော့ Badinski ရဲ့ အလုပ်ဟာ အစက လော့အင်ဂျလိမှာပါ။ ဆန်ဖရန်စ္စကိုက အလုပ်အတွက်ပိုအခွင့်အလမ်းကောင်းတာကြောင့် ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ပါတယ်။ လုပ်ဖော်ကိုင်ဖက်တွေက တမိသားစုလုံး ဆန်ဖရန်စ္စကို ကိုပြောင်းရွှေ့ဖို့ပြောပေမယ့် သူက လက်မခံခဲ့ပါဘူး။ လော့အင်ဂျလိမှာနေရတာကို နှစ်သက်တဲ့အတွက် မိသားစုကိုလည်း လော့အင်ဂျလိမှာပဲ နေစေချင်လို့ပါတဲ့။
ဒါကြောင့်မိသားစုနဲ့လည်းခွဲမနေချင်တာကြောင့် ကိုယ်တိုင်ပဲအနစ်နာခံကာ ဒီလိုနေရဖို့အတွက် နေ့စဉ် ၆နာရီခန့်ကို ခရီးသွားချိန်အဖြစ် သုံးစွဲလိုက်ခြင်းဖြစ်ပါတယ်။ နေ့စဉ်သွားနေပေမယ့် တစ်လအတွက် သူ့ရဲ့လေယာဉ်စီးခဟာ ဒေါ်လာ ၂၃၀၀ပဲ ကျသင့်ပါတယ်။ သူ့လိုမျိုး အခြားလုပ်ငန်းရှင် ရှစ်ယောက်ဟာလည်း ဒီလိုပဲသွားနေကြတဲ့အတွက် ကြောင့် ပေါင်းငှားလိုက်တဲ့အတွက် လေယာဉ်ဈေးက သက်သာခြင်းဖြစ်ပါတယ်။
Ref:
BBC News