ပွန်ပေဟာ ရှေးဟောင်းရောမမြို့တစ်မြို့ဖြစ်ပြီး အီတလီနိုင်ငံ နေပယ်လ်မြို့အနီးမှာ ရှိခဲ့ပါတယ်။ ဒီမြို့ကို ဘီစီ ၇ ရာစုခန့်က Oscan လူမျိုးတွေကတည်ထောင်ခဲ့တာဖြစ်ပြီး ဘီစီ ၄ ရာစု ဝန်းကျင်မှာတော့ ရောမအင်ပါယာလက်အောက်ကို ကျရောက်ခဲ့ပါတယ်။
ပွန်ပေမြို့ရဲ့အနီး ၅မိုင်အကွာမှာ လှပတဲ့ Vesuvius မီးတောင်ကြီးရှိပါတယ်။ ရောမလူချမ်းသာတွေဟာ လှပတဲ့မီးတောင်ကြီးနဲ့ နေပယ်လ်ပင်လယ်အော်ရဲ့ သဘာဝရှုခင်းတွေကိုကြည့်ဖို့ ဒီမြို့မှာ လာရောက်အပန်းဖြေလေ့ရှိပါတယ်။ လှပတဲ့နွေရာသီစံအိမ်တွေ ၊ အပန်းဖြေစခန်းတွေရှိပြီး လူကုန်ထံအချို့ဟာ ရေတံခွန်တွေကို အိမ်မှာတည်ဆောက်ထားတဲ့အထိ ချမ်းသာကြပါတယ်။
ဒါအပြင် လူ ၂၀၀၀၀အတွက် လုံလောက်ကြီးမားတဲ့ ဇာတ်ရုံကြီးတစ်ခုလည်းရှိပါတယ်။ ဒီမြို့ကလူတွေချမ်းသာရတဲ့အကြောင်းကတော့ ရှေးနှစ်ပေါင်းများစွာက မီးတောင်ပေါက်ကွဲမှု ချော်မြေတွေကြောင့် မြေသြဇာအလွန်ကောင်းတဲ့စိုက်ပျိုးမြေတွေကို ပိုင်ဆိုင်ထားကြလို့ဖြစ်ပါတယ်။
အေဒီ ၆၂ခု မှာ ကြီးမားတဲ့ငလျှင်လှုပ်ခတ်ခဲ့တာကြောင့် အဆောက်အဦးအချို့ပျက်စီးခဲ့ရပါတယ်။ ဒါပေမယ့် အချိန်ပိုင်းအတွင်းမှာ ပြန်လည်တည်ဆောက်ပြုပြင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် အေဒီ ၇၉ခု သြဂုတ်လ ၂၄ရက်နေ့မှာတော့ တစ်မြို့လုံးကိုပျောက်ကွယ်စေမယ့် ကြမ္မာဆိုးနဲ့ ကြုံတွေ့ရပါတော့တယ်။
ဒါကတော့ ပွန်ပေမြို့အနီးက အလွန်လှပပါတယ် ဆိုတဲ့ Vesuvius မီးတောင်ကြီးပေါက်ကွဲမှုပါ။ Vesuvius မီးတောင်ကြီးဟာ နှစ်ပေါင်း ၁၈၀၀အတွင်း တစ်ခါမှ မပေါက်ကွဲခဲ့ဖူးတာကြောင့် ရှေးရောမတွေဟာ ဒီတောင်ကို သာမန်တောင်တစ်ခုအဖြစ်သာ ထင်ခဲ့ကြပါတယ်။
တကယ်တော့ ကမ္ဘာ့အန္တရာယ်အရှိဆုံး မီးတောင်ရှင်တစ်ခုဖြစ်တဲ့ ဒီမီးတောင်ကြီးဟာ အကြိမ်ပေါင်း ၅၀ ပေါက်ကွဲခဲ့ဖူးပြီး အေဒီ ၇၉ မှာပေါက်ခဲ့တဲ့ ပေါက်ကွဲမှုကတော့ သမိုင်းတွင်ခဲ့တဲ့ အပြင်းထန်ဆုံး ပေါက်ကွဲမှုပါပဲ။ မီးတောင်ပေါက်ကွဲမှုကြောင့် လူပေါင်း ၂၀၀၀ ကျော်ဟာ လျှပ်တပြက်သေဆုံးခဲ့ရပြီး ပွန်ပေမြို့ဟာလည်းမီးတောင်ပြာတွေရဲ့ပေ ၂၀ခန့်မှာ နစ်မြုပ်သွားပါတော့တယ်။
ဒဏ္ဍာရီတွေထဲမှာတော့ ပွန်ပေမြို့စားကြီးဟာ မီးနတ်ဘုရားကိုစော်ကားခဲ့တဲ့အတွက် မြို့စားကြီးနဲ့ မြို့သူမြို့သားအားလုံးကို မီးနတ်ဘုရားတွေက ဒဏ်ခတ်လိုက်တာလို့ ဆိုပါတယ်။ တိုက်ဆိုင်စွာပဲ မီးတောင်ကြီးပေါက်ကွဲမှုဟာ ရောမတွေရဲ့မီးနတ်ဘုရားပူဇော်ပွဲပြီးတဲ့ နောက်တစ်ရက်မှာ ဖြစ်ခဲ့တာပါ။(အကျဉ်းပြောရရင် မြို့စားကြီးဟာ မီးနတ်ဘုရားပူဇော်ပွဲကို ဦးဆောင်ကျင်းပသူ ဖြစ်ပေမယ့် အစည်းအဝေးလုပ်နေရတဲ့အတွက် ပွဲမှာမပါဝင်ခဲ့နိုင်ပါဘူး။ အစည်းအဝေးကလည်း အချေအတင်တွေဖြစ်ပြီး အဆင်မပြေတာကြောင့် ပွဲတော်ပြီးခါနီးမှပဲ ပြီးဆုံးခဲ့ပါတယ်။
ဒါကြောင့်သူဟာ ပွဲတော်မှာ ပါဝင်ဆင်နွဲခွင့်မရခဲ့ပါဘူး။ သူ့ကို ဒီလိုပါဝင်ခွင့်မရအောင်လုပ်ခဲ့တဲ့အတွက် မီးနတ်ဘုရားကို ကြမ်းတမ်းတဲ့စကားတွေနဲ့ အပြစ်တင်ခဲ့ပါတယ်။ ဒီမှာတင် မီးနတ်ဘုရားက ပေါ်လာပြီး သင့်ရဲ့ရိုင်းပြတဲ့အပြုအမှု အပြောအဆိုတွေကြောင့် သင်နဲ့ သင့်မြို့သူမြို့သားတွေကို ဒါဏ်ခတ်ရမယ် ဆိုပြီးပြောဆိုပါတယ်။ အဲဒီနောက်တော့ မီးတောင်ကိုပေါက်ကွဲစေပြီး ပွန်ပေမြို့ကိုပျက်စီးစေပါတော့တယ်။ ဒါက ဒဏ္ဍာရီအရပါ)
မီးတောင်မပေါက်ကွဲခင် ရက်အနည်းငယ်အလိုတည်းက ပွန်ပေမြို့မှာ နိမိတ်ပြတဲ့အဖြစ်အပျက်တွေဖြစ်ခဲ့ပါတယ်။ ဒါတွေကတော့ ငလျှင်ငယ်များ မကြာခဏလှုပ်ခြင်း ၊ ကန်များ ၊ စမ်းချောင်းများ ခမ်းခြောက်ခြင်း ၊ ရေထဲတွင် ငါးအများအပြား ပေါလောပေါ်ကာသေဆုံးခြင်း ၊ အပင်များ အလိုလိုသေဆုံးခြင်း စသည့်အချက်များဖြစ်ပါတယ်။
ဒီအဖြစ်တွေကို စိုးထိတ်တဲ့သူတွေကတော့ ပွန်ပေကို အလျှင်အမြန်ပင် စွန့်ခွာခဲ့ပါတယ်။ ဒီအဖြစ်တွေကို မတော်တဆဖြစ်တာပါဆိုပြီး လူအချို့ကတော့ ပွန်ပေမှာပဲ အေးအေးဆေးဆေး ဆက်နေခဲ့ပါတယ်။ ဒါကြောင့်လည်း တကယ်မီးတောင်ပေါက်တဲ့အခါမှာ ရှောင်ချိန်မရတော့တာပါ။ မီးတောင်ပေါက်ကွဲမှုကို မမြင်ဖူးတာကြောင့်လည်း ဒီလောက်ဆိုးဆိုးရွားရွား မဖြစ်နိုင်ဖူးလို့ ထင်ထားကြပုံပါ။ ပေါက်ကွဲမှုကလည်း သမိုင်းတလျှောက် အဆိုးဝါးဆုံးမီးတောင်ပေါက်ကွဲမှုတွေထဲက တစ်ခုဖြစ်ခဲ့ပါတယ်။
မီးတောင်ပေါက်ကွဲမှုကြောင့် မီးတောင်ကျောက်တွေဟာ မိုင်ပေါင်း ၂၇မိုင်ခန့်အမြင့်အထိ ထိုးတက်ပြီးလွင့်စင်ပါတယ်။ ပေါက်ကွဲမှုပြင်းအားကလည်း ဟီနိုရှီးမားအနုမြူဗုံးပေါက်ကွဲမှုထက် အဆတစ်သိန်းပိုပြင်းတယ်လို့ ဆိုကြပါတယ်။ အပူချိန် ၁၀၀၀ဒီဂရီခန့်ရှိတဲ့အပူလှိုင်း နဲ့ မီးတောင်ချော်ရည်များဟာ ခဏတွင်းမှာပဲ မြို့ကို ဖုံးလွှမ်းသွားပါတယ်။ အဲဒီနောက်တော့ ပွန်ပေမြို့ကြီးက လူပေါင်းအဆောက်အအုံပေါင်းများစွာဟာ ပြာမြေရဲ့အောက် ၁၃ပေကနေ ၂၀ပေ အနက်မှာ ရာစုနှစ်ပေါင်းများစွာ လဲလျှောင်းနေပါတော့တယ်။
ပျောက်ဆုံးမြို့တော်ပွန်ပေကို ၁၅၉၉ ခုနှစ်မှာ ပညာရှင်တွေက စပြီး သတိထားမိကြပါတယ်။ ဒါပေမယ့် ချက်ချင်းရှာဖွေဖော်ထုတ်လို့မရသေးပဲ နှစ်ပေါင်း ၁၅၀ခန့်အကြာ ၁၇၄၈ခုနှစ်မှာမှ စပိန်အင်ဂျင်နီယာ Rocque Joaquin de Alcubierre က ရှာဖွေဖော်ထုတ် နိုင်ခဲ့ပါတယ်။ တူးဖော်ပြီးတဲ့နောက်မှာတော့ ပွန်ပေမြို့ကြီးကို ပုံစံမပျက်ပဲ တွေ့ရပါတယ်။
တွေ့ရှိရသမျှ လူများ တိရစ္ဆာန်များမှာ အင်္ဂတေကိုင်ထားသကဲ့သို့ ဖြစ်နေပါတယ်။ တချို့ကတော့ နှစ်ဦး သုံးဦး ဖက်လျက်သား ၊ တချို့ကတော့ အရာဝထ္ထုများကို ဆုပ်ကိုင်ရင်းနဲ့ သေဆုံးနေကြတာပါ။ အဲဒီအချိန်က သူတို့ရဲ့မည်မျှကြောက်လန့်နေကြောင်းကို ဖော်ပြနေသလိုပါ။ အဲဒီခေတ်ကအသုံးအဆောင်တွေသာ မက ပေါင်မုန့် ၊ သစ်သီး စတဲ့စားစရာတွေကိုပါ တူးဖော်ရရှိခဲ့တာကြောင့် ရှေးခေတ်လူတွေရဲ့ ယဉ်ကျေးမှုတချို့ကိုနှောင်းလူတို့ လေ့လာဖို့ချန်ရစ်ခဲ့သလိုပါ။
ပွန်ပေမြို့ဟောင်းကို နှစ်ပေါင်း ၂၅၀အတွင်း ကမ္ဘာလှည့်ခရီးသွား သန်းပေါင်းများစွာ လေ့လာလည်ပတ်ခဲ့ကြပါတယ်။ ယူနက်စကိုကလည်း ၁၉၉၇ခုနှစ်မှာ ကမ္ဘာ့အမွေအနှစ်တစ်ခုအဖြစ် ထိမ်းသိမ်းထားသလို လက်ရှိမှာလည်း နှစ်စဉ် ကမ္ဘာလှည့်ခရီးသွားပေါင်း ၂.၆သန်းကျော် လာလေ့ရှိတဲ့နေရာပါ။ Vesuvius မီးတောင်ကြီးကတော့ ၁၉၄၄ခုနှစ်အထိ အကြိမ်ပေါင်းများစွာ အသေးစားပေါက်ကွဲမှုတွေဖြစ်ခဲ့ပြီး ယခုထက်တိုင်အောင်အသက်ဝင်နေတာကြောင့် ပွန်ပေမြို့ဟောင်းဟာ ခရီးသွားတွေအတွက် အန္တရာယ်ရှိတဲ့နေရာဆိုရင်လည်း မှားနိုင်မည်မဟုတ်ပါချေ။