ယနေ့အခါတွင် လျှပ်စစ်များအလွယ်တကူရလာပြီဖြစ်သဖြင့် အိမ်တိုင်းလိုလိုတွင် မီးများကို နေ့ရောညပါ ထွန်းနေကြပါပြီ။ အိပ်သည့်အခါတွင်လည်း မီးကို မပိတ်တော့ပဲ တစ်ညလုံးထွန်းထားတတ်ကြပါတယ်။ တချို့သူတွေဆိုရင်မီးပိတ်ပြီးတောင်မအိပ်တတ်တော့ပဲ မီးဖွင့်ပြီးအိပ်မှ အိပ်ပျော်တဲ့အကျင့်ရှိတဲ့ အထိဖြစ်ကုန်ပါပြီ။ မီးဖွင့်ပြီး အိပ်ခြင်းဟာ ကျန်းမာရေး နဲ့ ကိုယ်ခံအား စနစ်ကို ထိခိုက်စေကြောင်းဆေးတေသန တစ်ခုက စမ်းသပ်တွေ့ရှိခဲ့ပါတယ်။ မီးဆိုတဲ့နေရာမှာ ညအိပ်မီးကို ပြောခြင်းမဟုတ်ပဲ ပုံမှန်လျှပ်စစ်မီးသီး ၊ မီးချောင်း များကို ဆိုလိုခြင်းဖြစ်ပါတယ်။
နယ်သာလန်နိုင်ငံ လိုင်ဒန်ဆေးတက္ကသိုလ်မှာ စမ်းသပ်ခဲ့တာဖြစ်ပြီး ကြွက်များကို စမ်းသပ်ခဲ့ခြင်းဖြစ်ပါတယ်။ မီးအလင်းရောင်အောက်မှာ လပေါင်းများစွာ အထားခံရတဲ့ကြွက်တွေဟာ အားနည်းလာပြီး ကျန်းမာရေး ဆိုးရွားလာကြောင်း တွေ့ရှိရပါတယ်။ လျှပ်စစ်မီးတွေဟာ ကျွန်တော်တို့ ခန္ဓာကိုယ်ကို ထိခိုက်စေနိုင်ပါတယ်။
တချို့ရုံးတွေမှာအလုပ်လုပ်စဉ် လျှပ်စစ်မီးနဲ့လုပ် ၊ အိမ်ရောက်တော့လည်း လျှပ်စစ်မီးနဲ့ နေ တတ်ကြပါတယ်။ ပြင်ပအလင်းရောင်နဲ့ပုံမှန် ထိတွေ့မှုမရှိတဲ့ အဲဒီလိုလူတွေဟာ အချိန်ကြာလာတာနဲ့ အမျှ မအီမသာဖြစ်လာတတ်ပါတယ်။ မီးအလင်းရောင်အောက်မှာပဲ အမြဲနေရတဲ့အတွက် စိတ်မကြည်လင်ပဲ ထိုင်းမှိုင်းလာခြင်း ၊ ရောဂါများအလွယ်တကူဖြစ်တတ်သည် အထိ ကိုယ်ခံအား ကျဆင်းခြင်းများကို ဖြစ်လာစေပါတယ်။
“သဘာဝတရားရဲ့ အလင်းအမှောင် ပြောင်းလဲမှုနဲ့ သက်ရှိသတ္တဝါတွေရဲ့ ကျန်းမာရေးဟာ ဆက်စပ်နေပါတယ်” လို့သုတေသန ပညာရှင် ဂျိုဟန်နာ မိုင်ဂျာ က ဆိုပါတယ်။ ညအချိန် မီးဖွင့်ပြီး အိပ်တတ်သူများရဲ့ ဦးနှောက်လုပ်ငန်းစဉ်၇၀ ရာခိုင်နှုန်းခန့် ကမောက်ကမ ဖြစ်စေပြီး ၊ ကြွက်သားများ ချိနဲ့တတ်သလို ၊ အရိုးပွနိုင်ခြေ များကြောင်းလည်း တွေ့ရှိခဲ့ရပါတယ်။ မီးဖွင့် အိပ်သူများဟာ မီးပိတ်အိပ်သူများလောက် မလန်းဆန်းကြသလို ၊ နိုးလာရင်လည်း အိပ်ရေးမဝတာကို တွေ့ကြရမှာပါ။
မီးဖွင့်အိပ်တာ အကျင့်ဖြစ်နေတဲ့သူများလည်း မီးပိတ်ပြီးအိပ်တဲ့ အကျင့်ကို ပြန်ကျင့်ပေးလိုက်ပါက နေလို့ထိုင်လို့ ပိုကောင်းလာတာကို တွေ့ကြရမှာပါ။ ဒါကြောင့် ကျန်းမာရေး ကောင်းမွန်စေဖို့ သဘာဝအလင်းရောင် နဲ့ ထိတွေ့ပေးဖို့ ၊ ညအခါမီးပိတ်အိပ်ဖို့ လိုအပ်ပါတယ်။