အမေဇုန်လို့ ဆိုလိုက်တာနဲ့ တောင်အမေရိကတိုက်က ကမ္ဘာ့အကြီးဆုံး မိုးသစ်တောကြီးဖြစ်တယ်ဆိုတာ သိကြပြီးဖြစ်မှာပါ။ ဧရိယာစတုရန်းမိုင်ပေါင်း ၂.၁သန်းကျော် ကြီးမားတဲ့ ဒီမိုးသစ်တောကြီးဟာ ဘရာဇီးနိုင်ငံ(၆၀%) ၊ ပီရူး(၁၃%) ၊ ကိုလံဘီယာ(၁၀%) နဲ့ ဗင်နီဇွဲလား ၊ ဂိုင်ယာနာ ၊ အီကွေဒေါ ၊ ဘိုလီးဗီးယား ၊ ဆူရီနမ် ၊ ပြင်သစ်ဂီယာနာ နိုင်ငံတွေထဲမှာ ပါဝင်နေပါတယ်။
လက်ရှိအချိန်မှာတော့ ဘရာဇီးက ဒီမိုးသစ်တောကြီးဟာ စံချိန်တင်မီးလောင်ကျွမ်းလျှက်ရှိပြီး ယခုအချိန်အထိတောင်လောင်ကျွမ်းနေဆဲပါ။ ဒီမီးလောင်မှုအပေါ်မှာ တကမ္ဘာလုံးက သိပ္ပံပညာရှင်တွေဟာ စိုးရိမ်နေကြပါတယ်။ ဘယ်အချိန်ကတည်းက စတင်လောင်ကျွမ်းခဲ့တယ်ဆိုတာကိုတောင် မသိကြပဲ ပြီးခဲ့တဲ့ ၁ပတ်အတွင်းမှာတင် မီးလောင်မှုပေါင်း ထောင်နဲ့ချီဖြစ်ပွားနေလို့ဖြစ်ပါတယ်။
ဘရာဇီးနိုင်ငံမှာ ယခုနှစ် တစ်နှစ်အတွင်းမှာပဲ မီးလောင်မှုပေါင်း အကြိမ် ၇သောင်းကျော်ဖြစ်ပွားခဲ့ပြီး ဒီအထဲက တစ်ဝက်ကျော်ကျော်ဟာ အမေဇုန်သစ်တောထဲမှာ ဖြစ်ပွားတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်နဲ့ နှိုင်းယှဉ်ရင် မီးလောင်ကျွမ်းမှုဟာ ၈၀% လောက်ပိုမိုများပြားလာခဲ့တာဖြစ်ပါတယ်။
ဒီမီးလောင်မှုကြောင့် အမေဇုန်တောကြီးရဲ့ နေရာတော်တော်များများပျက်စီးနေသလို တိရစ္ဆာန်ကောင်ရေပေါင်းများစွာဟာလည်း မီးထဲပါပြီး သေကြေပျက်စီးနေရပါတယ်။ မီးလောင်ကျွမ်းမှု ဘယ်လောက်ကြီးမားသလဲဆိုရင် မိုင်ပေါင်း ၁၇၀၀ အကွာမှာရှိတဲ့ ဘရာဇီး ဆော်ပေါ်လိုမြို့မှာတောင် မီးခိုးငွေ့တွေ ဖုံးလွှမ်းခဲ့ပြီး နေရာင်ကိုတောင် မမြင်ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ မီးခိုးငွေ့တွေဟာ အနီးအနားမှာရှိတဲ့ နိုင်ငံတွေအထိတောင် ပြန့်နှံ့သွားခဲ့ပါတယ်။
ဘရာဇီး သိပ္ပံဝန်ကြီးဌာနရဲ့ လက်အောက်မှာရှိတဲ့ INPE( National Institute for Space Research) အဖွဲ့ဟာ အမေဇုန်ကို ၂၀၁၃ခုနှစ်ကတည်းက စောင့်ကြည့်လေ့လာခဲ့တာဖြစ်ပြီး ယခုနှစ်မီးလောင်မှုဟာ အကြီးဆုံးလောင်ကျွမ်းမှုလို့ ဆိုပါတယ်။ အမေဇုန်တောကြီးဟာ နေ့စဉ်နေ့တိုင်း ဘောလုံးကွင်း ၁ ကွင်းစာလောက် ပျက်စီးနေတယ်လို့ သိရပါတယ်။
မီးလောင်မှုတွေအတွက်တော့ ဘရာဇီးသမ္မတဘိုရိုနာဆိုကတော့ အင်န်ဂျီအိုအဖွဲ့တွေက သူ့ကိုနာမည်ဖျက်ချင်လို့ မီးရှို့တာလို့ စွပ်စွဲထားပေမယ့် သက်သေတော့ချမပြနိုင်ခဲ့ပါဘူး။ ပညာရှင်တွေရဲ့ အဆိုအရတော့ တောမီးသူ့ဘာသူလောင်ဖို့ ဆိုတာ ခက်ခဲပြီး ၊ လောင်ကျွမ်းမှုအများစုကတော့ လူသားတွေ လယ်စိုက်ဖို့ မြေနေရာတွေအတွက် တောမီးရှို့တာတွေပြုလုပ်တာကနေ ဖြစ်တယ်လို့ သိရပါတယ်။
အမေဇုန်သစ်တောကြီးမီးလောင်ကို သိပ္ပံပညာရှင်တွေ စိုးရိမ်နေကြတာကတော့ ဒီသစ်တောကြီးဟာ ကမ္ဘာကြီးရဲ့ ဂေဟစနစ်နဲ့ အထူးသက်ဆိုင်နေလို့ ဖြစ်ပါတယ်။ ဒီမိုးသစ်တောကြီးကို ကမ္ဘာကြီးရဲ့ အဆုတ်လို့ တင်စားထားကြပြီး ကမ္ဘာပေါ်က လူနဲ့ အခြားသက်ရှိတွေ အသက်ရှင်ဖို့ မရှိမဖြစ်လိုအပ်တဲ့ အောက်ဆီဂျင်စုစုပေါင်းရဲ့ ၂၀% ကို ဒီသစ်တောကြီးကနေ ထုတ်လုပ်ပေးနေပါတယ်။
ဒီသစ်တောကြီးထဲမှာ အင်းဆက်မျိုးစိတ်ပေါင်း ၂.၅သန်း ၊ ငှက်မျိုးစိတ်ပေါင်း ၁၅၀၀ ၊ ငါးမျိုးစိတ်ပေါင်း ၂၀၀၀ ကျော်အပြင် ကမ္ဘာက အခြားနေရာမှာမရှိတဲ့ အခြားတိရစ္ဆာန်မျိုးစိတ်ပေါင်းများစွာလည်း နေထိုင်ကြပါတယ်။ အပင်မျိုးစိတ်ပေါင်း ၄သောင်းရှိပြီး အပင်အရေအတွက်ကတော့ ၃၉၀ဘီလျံခန့် ရှိနေပါတယ်။ ဒါအပြင် အပြင်ကမ္ဘာနဲ့ အဆက်အသွယ်ပြတ်နေတဲ့ လူမျိုးစုပေါင်း ၅၀ ကျော်ဟာလည်း ဒီသစ်တောကြီးထဲမှာ နေထိုင်ကြပါတယ်။ အမေဇုန်သစ်တောထဲက အပင်တွေက တဆင့် တစက္ကန့်ကို ရေဂါလံ ၅၅သန်းခန့်ကို ပင်လယ်တွေထဲကို စီးဝင်ပေးနေပါတယ်။
အမေဇုန်သစ်တောပျက်စီးမှုဟာ ဟိုးယခင်ကာလတွေကတည်းက ရှိပေမယ့် ဒီဘက်နှစ်ပိုင်းမှာတော့ တနေ့တခြား ပိုမိုဆိုးရွားလာနေပါတယ်။ ဒီသစ်တောကြီးတစ်ခုလုံးသာ ပျက်စီးသွားခဲ့ပါက ကမ္ဘာရဲ့ ရာသီဥတုတွေ ပြောင်းလဲသွားနိုင်ပြီး ဂေဟစနစ်တွေလည်း ဆိုးရွားစွာပြောင်းလဲသွားနိုင်တယ် လို့ ကျွမ်းကျင်သူတွေက သတိပေးထားပါတယ်။
VIDEO