ဒီဟိုတယ်ရဲ့ နာမည်က Haegumgang ဖြစ်ပြီး တချိန်က သြစတြေးလျနိုင်ငံ ကွင်းစလန်မှာ စတင်အခြေစိုက်ခဲ့တဲ့ ဒီဟိုတယ်ဟာ ကွင်းစလန် ကနေ ဗီယက်နမ် ၊ အဲဒီကနေမှ လက်ရှိအချိန်မှာတော့ မြောက်ကိုရီးယားနိုင်ငံက စိန်တောင်လို့ လူသိများတဲ့ ကမ်ဂန်းတောင် အပန်းဖြေစခန်းကို ရောက်ရှိနေခဲ့တာဖြစ်ပါတယ်။ ဒီတစ်ခါတော့ သုတဇုန် မိုင်းပေါင်း ၉ထောင်နီးပါး ခရီးနှင်ခဲ့တဲ့ ဒီရေပေါ်ဟိုတယ်ကြီးရဲ့ အကြောင်းကို ဗဟုသုတ အနေနဲ့ ဝေမျှသွားပါမယ်။
ဒီဟိုတယ်ကြီးဟာ သြစတြေးလျ လုပ်ငန်းရှင် Doug Tarca နဲ့ သားဖြစ်သူ Peter တို့ရဲ့စိတ်ကူးကနေတဆင့် ဖြစ်ပေါ်လာခဲ့တာပါ။ သူတို့ဟာ မဟာသန္တာကျောက်တန်းကြီးအနီးက အပန်းဖြေစခန်းမှာ ကမ္ဘာလှည့်ခရီးသည်တွေကို ဆွဲဆောင်နိုင်ဖို့အတွက် ဒီဟိုတယ်ကို တည်ဆောက်ခဲ့ကြခြင်းဖြစ်ပါတယ်။
ဒီဟိုတယ်ကို စင်ကာပူကုမ္ပဏီတစ်ခုကနေ တည်ဆောက်ပေးခဲ့တာဖြစ်ပြီး ၁၉၈၇ ခုနှစ်မှာ တည်ဆောက်ပြီးစီးခဲ့ပါတယ်။ တည်ဆောက်ပြီးစီးခဲ့ပေမယ့် ငွေပေးခြေမှု ကြန့်ကြာခဲ့တာကြောင့် ၁၉၈၈ ခုနှစ်မှ သြစတြေးလျကို ရောက်ရှိခဲ့ပါတယ်။ ဟိုတယ်ဆိုပေမယ့် ခရီးသွားသင်္ဘောကြီးတစ်စင်းကဲ့သို့ သွားလာခုတ်မောင်းနိုင်အောင် တည်ဆောက်ထားခြင်းဖြစ်ပြီး ကုန်ကျစရိတ်ကတော့ ဒေါ်လာ သန်း ၄၀ ဖြစ်ပါတယ်။
၁၉၈၈ ခုနှစ်မှာတော့ မဟာသန္တာကျောက်တန်းကြီးထဲအပါအဝင်ဖြစ်တဲ့ John Brewer သန္တာကျောက်တန်းမှာ ဒီဟိုတယ်ကြီးကို ဆိုက်ကပ်ဖွင့်လှစ်ခဲ့ပါတယ်။ စတင်ဖွင့်ခဲ့စဉ်က ဒီဟိုတယ်ရဲ့ အမည်က John Brewer ရေပေါ် ဟိုတယ်ဖြစ်ပါတယ်။ ဟိုတယ်ကြီးဟာ ၇ထပ် ဖြစ်ပြီး အခန်းပေါင်း ၂၀၀ကျော် ၊ နိုက်ကလပ် ၊ အရက်ဘားတွေ ၊ စားသောက်ဆိုင်တွေ ၊ ရဟတ်ယာဉ်ကွင်း ၁ကွင်း နဲ့ တင်းနစ်ကွင်းတွေ ပါဝင်ပါတယ်။
ဒီဟိုတယ်ဟာ အစပိုင်းမှာတော့ လူကြိုက်များသလို ဖြစ်ခဲ့ပေမယ့် တဖြည်းဖြည်းနဲ့ ငွေကြေးအခက်အခဲတွေကို ရင်ဆိုင်လာရပါတော့တယ်။ အကြောင်းတစ်ခုကတော့ ဒီဟိုတယ်ရှိရာနေရာကို မိုင် ၄၀ကျော် water taxi စီးပြီးမှရောက်နိုင်လို့ ဖြစ်ပါတယ်။ မျှော်မှန်းထားသလောက် ဧည့်သည်မလာတဲ့အပြင် ဟိုတယ်ကလည်း ကြယ်ငါးပွင့်အဆင့်တည်ဆောက်ထားရတာ ဖြစ်တာကြောင့် ထိန်းသိမ်း လှည်ပတ်မှု စရိတ်နဲ့ မကာမိဖြစ်လာခဲ့ပါတယ်။ ဒါကြောင့်လည်း စဖွင့်ပြီး တစ်နှစ်အကြာမှာတင် အရှုံးပေါ်ကာ ဗီယက်နမ်ကုမ္ပဏီ တစ်ခုကို ရောင်းချလိုက်ရပါတော့တယ်။
၁၉၈၉ ခုနှစ်မှာတော့ ဒီဟိုတယ်ကြီးဟာ မိုင်ပေါင်း ၃၁၀၀ ခန့် ခရီးနှင်ပြီးတဲ့နောက် ဗီယက်နမ်ကို ရောက်ရှိခဲ့ပါတယ်။ ဗီယက်နမ်မှာတော့ ဆိုင်ဂုန်ရေပေါ်ဟိုတယ်အဖြစ် ဆိုင်ဂုန်မြစ်ထဲမှာ ဖွင့်လှစ်ခဲ့ပါတယ်။ အဲဒီအချိန်က ဗီယက်နမ်နိုင်ငံဟာ ခရီးသွားလုပ်ငန်းတိုးတက်လာတဲ့ အချိန်ဖြစ်တာကြောင့် ငွေကြေးတတ်နိုင်တဲ့ ကမ္ဘာလှည့်ခရီးသွားတွေ အကြားမှာ ဒီဟိုတယ်ဟာ အတော်လေး ရေပန်းစားခဲ့ပါတယ်။ The Floater လို့ခေါ်ဆိုကြတဲ့ အပန်းဖြေစခန်းအဖြစ် လူသိများကျော်ကြားခဲ့ပါတယ်။ ဒါပေမယ့် ၁၀စုနှစ် တစ်ခုနီးပါး အကြာမှာတော့ ငွေကြေးတတ်နိုင်သူများ လာရောက်တာ တဖြည်းဖြည်းနည်းပါးသွားပြီးတဲ့နောက် စတင်အရှုံးပေါ်လာပါတော့တယ်။
အဲဒီနောက်တော့ ဒီဟိုတယ်ကို မြောက်ကိုရီးယားက ဝယ်ယူလိုက်ပြီးတဲ့နောက် တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားအကြားက Mount Kumgang အပန်းဖြေစခန်းကို ၁၉၉၈ ခုနှစ်မှာ ရောက်ရှိသွားပါတော့တယ်။ ဒီနေရာဟာ တောင်ကိုရီးယားခရီးသွားတွေ အမြဲတစေ လာရောက်လည်ပတ်လေ့ရှိတာကြောင့် ဒီတစ်ခါမှာတော့ ဒီရေပေါ်ဟိုတယ်ကြီးကို အဆင်ပြေပြေ ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ ဒီနေရာမှာတော့ ဟိုတယ်ရဲ့အမည်ကို Hotel Haegumgang လို့ပြောင်းလဲဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် ၁၀နှစ်ကြာပြီးတဲ့နောက် ၂၀၀၈ ခုနှစ်မှာတော့ တောင်ကိုရီးယားခရီးသွား အမျိုးသမီးတစ်ဦးကို မြောက်ကိုရီးယား စစ်သားတစ်ယောက်က ပစ်သတ်လိုက်ပြီးတဲ့နောက် တောင်ကိုရီးယားဘက်က ဒီအပန်းဖြေစခန်းလာရောက်မှုကို တားမြစ်ပိတ်ပင်ခဲ့ပါတော့တယ်။ အပန်းဖြေစခန်းလာရောက်မှု ပိတ်ပင်ခံရခြင်းနဲ့အတူ ရေပေါ်ဟိုတယ်ကြီးဟာလည်း လာရောက်လည်ပတ်သူ ကင်းမဲ့တဲ့နေရာတစ်ခု ဖြစ်သွားခဲ့ပါတယ်။
၂၀၁၈ ခုနှစ်မှာတော့ တောင်ကိုရီးယား နဲ့ မြောက်ကိုရီးယားအကြား နားလည်မှုရကာ ဒီအပန်းဖြေစခန်းကို ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ၂၀၁၉ ခုနှစ်မှာတော့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong-un ဟာ ဒီနေရာကို လာရောက်ခဲ့ပြီးတဲ့နောက် အပန်းဖြေစခန်းရှိ ခေတ်နောက်ကျနေပြီဖြစ်တဲ့ ဒီဇိုင်းနဲ့ အဆောက်အအုံတွေကို ဖယ်ရှား ၊ ပြန်လည်တည်ဆောက်ဖို့ အမိန့်ပေးခံခဲ့ရတဲ့အထဲမှာ ဒီရေပေါ်ဟိုတယ်ကြီးလည်း ပါဝင်လာခဲ့ပါတယ်။
ဒါကြောင့် ဒီရေပေါ်ဟိုတယ်ကြီးကို ပြန်လည်ပြုပြင်တည်ဆောက်တာဖြစ်ဖြစ် ၊ ဖျက်ဆီးဖယ်ရှား ပစ်လိုက်တာဖြစ်ဖြစ် တစ်ခုခုကိုလုပ်ရတော့မှာဖြစ်ပါတယ်။ သူရဲ့မူရင်းစတင်ခဲ့တဲ့ သြစတြေးလျ ကွင်းစလန်းကနေ မြောက်ကိုရီးယားအထိ မိုင်ပေါင်း ၉ ထောင်နီးပါး ခရီးနှင် ပြောင်းရွှေ့လာခဲ့ရတဲ့ ဒီရေပေါ် ဟိုတယ်ကြီးကို သြစတြးလျ ကွင်းစလန်ပြည်သူတွေကတော့ ယနေ့ထိ သတိရနေကြတုန်းပါပဲ….