မိန်းမတစ်ယောက်ရဲ့ ဖျားယောင်းမှုကို ဓားမဖြင့် မိမိကိုယ်ကိုလှီး ၊ ဓားမကို ရေကူးစေကာ ဖြေရှင်းပြခဲ့တဲ့ ဆရာတော်

Posted on

အနောက်ဘက်လွန်မင်း ပြည်မြို့ကိုသိမ်းသည့်အခါ ရှင်တစ်ဆူ နှင့် လူတစ်ယောက်သာရခဲ့တယ် ဆိုတဲ့အကြောင်းသိကြမှာပါ။ လူတစ်ယောက် ဆိုသည်မှာ သခင်အတွက်နောက်ဆုံးအချိန်အထိ သတ္တိရှိစွာကာကွယ် တိုက်ခိုက်ခဲ့သော ငထင်ငယ် ဖြစ်ပါတယ်။ ရှင်တစ်ဆူကတော့ ထိုခေတ်ထိုအခါက သီလသမာဓိဂုဏ်နှင့် ပြည့်စုံတဲ့ တောင်ဖီလာ ဆရာတော်ပဲ ဖြစ်ပါတယ်။ အခုပြောမှာတောင်ဖီလာ ဆရာတော်အကြောင်းပါ။

ပြည်ရန်နိုင်စား ၊ အနောက်ဘက်လွန်မင်း ၊ ညီတော်စလင်းစား မင်းရဲကျော်စွာ မှစ၍ သာလွန်မင်း ၊ ပင်းတလဲမင်းတို့တိုင်အောင် ကိုးကွယ်ခြင်းခံခဲ့ရသော ဆရာတော်ဖြစ်သည်။ စာပေကျမ်းဂန်မြောက်များစွာကို ပြုစုခဲ့သူလည်းဖြစ်သည်။ ဆရာတော်သည် သက္ကရာဇ် ၁၀ဝ၀ ပြည့်နှစ်တွင် မင်းအနီးမှဖယ်ခွာ၍ တောင်ဖီလာအရပ်တွင် တော်ရဆောက်တည်ခဲ့သည်။ ဘုရင်ဖြစ်သူက ပြန်လည်ကြွရန် ပင့်သော်လည်း မလိုက်တော့။ တောင်ဖီလာအရပ်တွင် တောရဆောက်တည်သဖြင့် တောင်ဖီလာ ဆရာတော်ဟု ခေါ်ကြသည်။

တစ်ခါသော် ရင်း မိုးချုပ်စအချိန်တွင် ဆံပင်ဖားလျား အဝတ်အစားစုတ်ပြတ် နှင့် မိန်းမပျိုတစ်ယောက်သည် တောင်ဖီလာ တစ်ကိုယ်တည်း သီတင်းသုံးရာကျောင်းသို့ အမောတကောပြေးလွှားလာသည်။ ရုပ်ရည်မှာ ချောမောသလောက် အဝတ်အစားနှင့် တခြားစီဖြစ်နေသည်။ “ကယ်တော်မူပါဘုရား” ဟူသော အသံဖြင့် ဝတ်ပြုနေသော ဆရာတော်ထံ ဖက်တော့မယောင် ပြေးဝင်လာသည်။

“တပည့်တော်မ လမ်းမှာဒုက္ခတွေ့လာ၍ ဆရာတော်ကျောင်းမှာ တစ်ညတည်းပါရစေ”

“ဘုန်းကြီးကျောင်းမှာ ဒကာမနေလို့ ဘယ်ဖြစ်မလဲ” ဟု ဆရာတော်က ဆိုသော်လည်း “တစ်ညတည်းပါ “ ဟုသော မိန်းမငယ်အသံကြောင့် “အင်း..ဒုက္ခပါတကား” ဟု ဆရာတော်ငြီးတွားမိသည်။ နှင်လို့လည်းမဖြစ် ၊ တည်းခိုင်းပြန်၍လည်း မဖြစ် စဉ်းစားရခက်နေပြီး နောက်ဆုံး ကျောင်းရှေ့စြင်္ကန်တွင် အိပ်ခိုင်းပြီး အတွင်း၌ မင်းတုံးချကာ ဘာဝနာပွားနေလေသည်။ ဒီတစ်ညတော့ မအိပ်တော့ဟု ဆရာတော်ဆုံးဖြတ်လိုက်သည်။

ခဏကြာသော် အမျိုးသမီးသည် တံခါးကို တဒိုင်းဒိုင်းထုပြီး “တပည့်တော် ချမ်းလွန်းကြောက်လွန်းလို့ အတွင်းမှာဝင်အိပ်ပါရစေ” ဟု ခိုက်ခိုက်တုန်နေသော အသံဖြင့် လျှောက်သည်။ သို့ဖြင့် ကရုဏာစိတ်ကြီးမားသော ဆရာတော်သည် ခွင့်ပြုလိုက်ပြီး ကျောင်းအပြင်ထွက်ကာ တရားထိုင်နေသည်။ မကြာမီပင် အတွင်းမှအမျိုးသမီးငယ်မှာ မအိပ်ဝံဟု ဆိုသဖြင့် ဆရာတော်ကျောင်းအတွင်းသို့ ဝင်လာရပြန်သည်။ စုတ်ပြဲနေသော အင်္ကျီ ရင်ကွဲထဘီနှင့် အမျိုးသမီးမှာ ဆရာတော်အားဆွဲဆောင်ဖို့ ကြိုးစားနေသည်။

သို့ဖြင့် တဖြည်းဖြည်းမိုးလင်းခါနီး၍ ဆရာတော်အားတက်လာသည်။ ထိုစဉ်
“အမလေး ကယ်တော်မူပါ ဆရာတော်ဘုရား ၊ တပည့်တော်မ သေရပါလိမ့်မယ်”

အသံကြောင့် ဆရာတော်ကကြည့်သည့်အခါ အမျိုးသမီးမှာ တဟီးဟီးတုန်ခိုက်နေသည်ကို တွေ့ရာ “ငါ့တွင်ဘာဆေးမှ မရှိ ၊ မိုးလင်းတော့မည် ၊ သည်းခံပြီး ဘုရားအာရုံပြုပါ” ဟု မိန့်သည်။ သို့သော် မိန်းမပျိုမှာ ဆရာတော်အား ပွေ့ဖက်တော့မယောင် ကြိုးစားလာရာ ဆရာတော်သည် ရုတ်တရက်ထ၍ ကျောင်းနံရံ၌ ထိုးစိုက်ထားသော ဓားမအားယူလျှက် မိမိခြေသားလုံးအား မွှမ်းရာ သွေးစိမ်းစိမ်းကျလာလေသည်။ မိန်းမပျိုမှာ ဆရာတော်ခြေထောက်မှ သွေးတွေကိုမြင်လျှင် ကြောက်လန့်လျှက် “တပည့်တော် မှားပါပြီဘုရား ၊ တပည့်တော်မအား ခွင့်လွှတ်တော်မူပါ ဘုရား” ဟု ဆရာတော်အား ကန်တော့၍ ပြေးထွက်သွားသည်။

တကယ်တော့ ထိုအမျိုးသမီးငယ်မှာ မင်းသမီးတစ်ပါးသာဖြစ်သည်။ တောင်ဖီလာဆရာတော်၏ အကျင့်သိက္ခာကိုစမ်းသပ်ရန် သာလွန်မင်းမှ လွှတ်လိုက်ခြင်းဖြစ်သည်။ မင်းသမီးလည်းမင်းမိန့်ကို ကြောက်လန့်သဖြင့် ဆရာတော်အား ဖျက်စီးခဲ့ပါပြီဟု လိမ်ညာ၍ လျှောက်တင်လေသည်။ တမုဟုတ်ချင်းပင် ထိုသတင်းသည် ပြန့်နှံသွားတော့သည်။ ယုံသူကလည်း ယုံ ၊မယုံသူကလည်း မယုံ ။

ထိုအခါ အလှူအတန်းပြုလုပ်ရန် လာသော မင်းနှင့် ပရိသတ်တို့အား ဆရာတော်သည် ခြေထောက်မှ သင်္ကန်းစည်းထားသည့် ဒါဏ်ရာကို ပြပြီး “ငါ၏ သီလပျက်စီးပါမူ ဤဓားမောက်သည် ချသောခဏ ရေ၌ မြုပ်ပါစေသား။ စင်ကြယ်ပါမူ ရေဝယ် ကူးစေသား”ဟု တောင်ဖီလာကန်၌ပင် သစ္စာအဓိဋ္ဌာန်၍ ပြတော်မူလေသည်။

ဓားမသည် ရေတွင်မမြုပ်ပဲ ရေ၌ ကူးခတ်သွားသည်။ ဆန်းကြယ်သောဖြစ်ရပ်ကြောင့် မင်းနှင့် ပရိသတ်အပေါင်း ဆရာတော်၏ သီလသမာဓိက အံချီးမကုန်ဖြစ်သွားကြသည်။ ထိုအချိန်မှစ၍ ဓားမ ရေကူးဆရာတော်ဟူ၍ လည်း ထပ်ဆင့် ကျော်ကြားသွားခဲ့လေတော့သည်။ တောင်ဖီလာကန်သည်လည်း ဓားမကူးကန်ဖြစ်သွားတော့သည်။

ကိုးကား :
ဓမ္မာစရိယ ဦးဋ္ဌေးလှိုင် (ရဟန္တာနှင့် ပုဂ္ဂိုလ်ထူးများ)
မောင်ကြည်သန့် (မြန်မာ့သမိုင်းထဲက အထင်ကရများ)