Mali နိုင်ငံ အကြောင်း သိကောင်းစရာ

Posted on

မာလီနိုင်ငံဟာ အနောက်အာဖရိကမှာ ရှိတဲ့ ကုန်းတွင်းပိတ်နိုင်ငံ တနိုင်ငံ ဖြစ်ပြီး နိုင်ငံရဲ့ တရားဝင်အမည်က မာလီ သမ္မတနိုင်ငံ ဖြစ်ပါတယ်။ အရှေ့မြောက်ပိုင်းမှာ အယ်ဂျီးရီးယား ၊ အရှေ့ပိုင်းမှာ နိုင်ဂျာ ၊ တောင်ဘက်မှာ ဘူကီနာဖာဆို နဲ့ အိုင်ဗရီကိုစ့် ၊ အနောက်တောင်ဘက်မှာ ဂီနီ၊ အနောက်ဘက်မှာ ဆီနီဂေါ ၊ မော်ရီတေးနီးယား နိုင်ငံတွေ နဲ့ နယ်နိမိတ်ခြင်း ထိစပ်လျှက်ရှိပါတယ်။ တရားဝင်ဘာသာစကားကတော့ ပြင်သစ်ဘာသာစကား ဖြစ်ပါတယ်။

၂၀၂၀ ခုနှစ်စာရင်းအရ မာလီနိုင်ငံရဲ့ လူဦးရေဟာ ၂၀,၂၅၀,၈၃၃ ဦး ရှိပြီး ကမ္ဘာပေါ်မှာတော့ ၅၉ ခုမြောက် လူဦးရေ အများဆုံးနိုင်ငံလည်းဖြစ်ပါတယ်။ ဧရိယာစတုရန်းမိုင် ၄၇၈,၈၄၁ ကျယ်ဝန်းပြီး ကမ္ဘာပေါ်မှာ ၂၃ ခုမြောက်ဧရိယာအကြီးဆုံး ဖြစ်ကာ အာဖရိကမှာတော့ ၈ ခုမြောက် ဧရိယာအကျယ်ဆုံး နိုင်ငံလည်း ဖြစ်ပါတယ်။

နိုင်ငံရဲ့မြို့တော် နဲ့ အကြီးဆုံးမြို့ကတော့ ဘားမားခို Bamako ဖြစ်ပါတယ်။ ဒီမြို့ဟာ နိုင်ဂျာမြစ်ကမ်းပေါ်မှာ တည်ရှိပြီး လူဦးရေ ၂.၇သန်းကျော်နေထိုင်တဲ့ မြို့ကြီးဖြစ်ပါတယ်။ မြို့တော်ရဲ့အမည်ကိုတော့ ဘန်းဘာရာ ဘာသာစကား နဲ့ပေးထားတာဖြစ်ပြီး အဓိပ္ပါယ်ကတော့ မိကျောင်းအမြီး ဖြစ်ပါတယ်။

နိုင်ငံ့နယ်မြေစုစုပေါင်း ရဲ့ ၆၅% ခန့်ဟာ တောင်ပိုင်း ဆာဟာရသဲကန္တာရနယ်မြေထဲမှာ ရှိနေတဲ့အတွက် ကန္တာရဆန်ဆန် ပူပြင်းပြီး ဖုန်ထူထပ်တဲ့ မြေအမျိုးအစားကို ပိုင်ဆိုင်ထားပါတယ်။

မာလီနိုင်ငံ မော့တီဒေသ ဟွန်ဘိုရီမြို့အနီးမှာ ဟွန်ဘိုရီ ဆိုတဲ့တောင်တတောင် ရှိပါတယ်။ ဒီတောင်ဟာ ၃၇၈၃ပေ မြင့်မားပြီး နိုင်ငံရဲ့အမြင့်ဆုံးတောင်လည်း ဖြစ်ပါတယ်။ ဒါအပြင် လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀၀၀ ဝန်းကျင်က လူတွေအခြေချနေထိုင်တဲ့ ဂူတွေလည်း ရှိတာကြောင့် ဒီနေရာကို သုတေသနလေ့လာရေး ဆိုဒ်တခု အဖြစ်လည်း သတ်မှတ်ထားပါတယ်။

နိုင်ငံရဲ့ အကြီးမားဆုံး နဲ့ အရေးပါဆုံး အဓိက မြစ်နှစ်စင်းကတော့ နိုင်ဂျာမြစ် နဲ့ ဆီနီဂေါမြစ် တို့ ဖြစ်ပါတယ်။ နိုင်ဂျာဟာ အစားအစာ ၊ သောက်ရေ ၊ စိုက်ပျိုးရေး ၊ သယ်ယူပို့ဆောင်ရေးအတွက် အလွန်အရေးပါတာကြောင့် မာလီနိုင်ငံရဲ့ အသက်သွေးကြောအဖြစ်လည်း သတ်မှတ်ခံထားရပါတယ်။ ဒီမြစ်ဟာ အနောက်အာဖရိကမှာ မိုင်ပေါင်း ၂၆၀၀ ခန့် စီးဆင်းလျက်ရှိပါတယ်။

နိုင်ငံ့ဧရိယာရဲ့ ၈%ခန့်ကိုတော့ ဘေးမဲ့တောတွေအဖြစ် သတ်မှတ်ကာကွယ်ထားပါတယ်။ ဒီအထဲမှာ အမျိုးသားဥယျာဉ်နယ်မြေ ၄ ခုပါဝင်ပြီး ဒါတွေကတော့ ဘတ်ဖင်းဥယျာဉ်နယ်မြေ ၊ ဘာအူလီ အမျိုးသားဥယျာဉ် ၊ ကိုရူဖင်း နဲ့ ဝမ်ဂို အမျိုးသားဥယျာဉ်နယ်မြေတို့ ဖြစ်ကြပါတယ်။ ဒီအထဲမှာ စတုရန်းမိုင်ပေါင်း ၉၇၈၀ ကျယ်ဝန်းတဲ့ ဘာအူလီ အမျိုးသားဥယျာဉ်က အကြီးဆုံးဖြစ်ပါတယ်။

ဒီနေရာမှာ သားရဲတိရစ္ဆာန်တွေကျက်စားကြသလို သမိုင်းမတင်မီခေတ်က ဂူတွေနဲ့ ကျောက်ဆောင် အနုပညာတွေကြောင့် ယူနက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ် နယ်မြေအဖြစ် သတ်မှတ်ခံထားရပါတယ်။

ဘန်ဒီရာဂါရာ ကမ်းပါးစောက်ဟာ မာလီနိုင်ငံက ဒိုဂွန်နယ်မြေထဲမှာ တည်ရှိပါတယ်။ သဲကျောက်တောင် ကမ်းပါး အမျိုးအစားဖြစ်ပြီး အမြင့်ပေ ၁၆၄၀ပေ ခန့်မြင့်ကာ တောင်ဘက်ကို တဖြည်းဖြည်းနိမ့်ဆင်းသွားပါတယ်။ အလျား ၉၃ မိုင်ရှည်လားတဲ့ ဒီကမ်းပါး တလျှောက်မှာ ဒိုဂွန်လူမျိုးတွေ နေထိုင်ကြပါတယ်။

သူတို့မရောက်ခင်တုန်းကတော့ တယ်လန် နဲ့ တိုလွိုင် လူမျိုးတွေ နေထိုင်ခဲ့ကြပြီး တယ်လန်လူမျိုးတွေရဲ့ အဆောက်အအုံဟောင်းတွေ ဟာ ဒီနေရာမှာ ကျန်ရှိနေပါတယ်။ ဒီနေရာဟာ ၁၉၉၁ ခုနှစ်မှာတော့ ယူနက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ်နေရာတခု အဖြစ် သတ်မှတ်ခြင်း ခံခဲ့ရပါတယ်။

ဂျန်းမြို့မှာရှိတဲ့ ဂျန်းဗလီကြီးဟာ ရွံ့များနဲ့တည်ဆောက်ထားတဲ့ ကြီးမားတဲ့ အဆောက်အအုံကြီးဖြစ်ပါတယ်။ ဆူဒါနို-ဆဟီလီယန် ဗိသုကာစတိုင်တွေထဲမှာတော့ လက်ရာအကောင်းမွန်ဆုံး အဆောက်အအုံအဖြစ် ပညာရှင်တွေက သတ်မှတ်ထားကြပါတယ်။ ၁၉၀၇ ခုနှစ်က တည်ဆောက်ထားတဲ့ လက်ရာဖြစ်ပြီး ဂျန်းမြို့ဟောင်းနဲ့ အတူဒီအဆောက်အအုံဟာ ယူနက်စကိုစာရင်း ဝင်ထားပါတယ်။

ဂျင်ဂါရာဘာ ဗလီဟာ တင်ဘက်တူမြို့မှာတည်ရှိပြီး တချိန်က ကျော်ကြားတဲ့ သင်ကြားရေးစင်တာ တခုဖြစ်ခဲ့ပါတယ်။ ဒီအဆောက်အုံကိုတော့ ၁၄ ရာစု ကာလကတည်းက ဆောက်လုပ်ခဲ့တာဖြစ်ပြီး ပထမမူဆာ လို့ သိကြတဲ့ မန်ဆာမူဆာက တည်ဆောက်ခဲ့တာပါ။ သူဟာ မာလီအင်ပါယာရဲ့ဧကရာဇ်ဖြစ်ပြီး သမိုင်းတလျှောက်အချမ်းသာဆုံးသူ အဖြစ် အများစုရဲ့ သတ်မှတ်ခြင်းကို ခံထားရသူလည်းဖြစ်ပါတယ်။ ဒီဗလီကြီးဟာလည်း ယူနက်စကို စာရင်းဝင် နေရာတခု ဖြစ်ပါတယ်။

နောက်ထပ် ယူနက်စကို စာရင်းဝင်နေရာတခုကတော့ ဂါအိုမြို့မှာတည်ရှိတဲ့ အက်စ်ကီယာ ဂူဗိမာန်ပဲ ဖြစ်ပါတယ်။ စုန်ဟိုင်းအင်ပါယာ ဧကရာဇ် ပထမ မိုဟာမက် အက်စ်ကီယာ ကို မြုပ်နှံရာနေရာလို့ ယူဆကြပါတယ်။ ဒီဂူဗိမာန်အဆောက်အအုံကိုတော့ ၁၅ ရာစု နှောင်းပိုင်းကာလက တည်ဆောက်ခဲ့တာဖြစ်ပါတယ်။

မာလီဆိုတဲ့ အမည်က မာလီအင်ပါယာကနေ ယူထားတာဖြစ်ပြီး ရှင်သန်သော ဘုရင်များ နေထိုင်ရာ လို့ အဓိပ္ပါယ်ရပါတယ်။ ၃၀၀ အေဒီ ခန့်မှာ ယခုမာလီနိုင်ငံနေရာအနှံ့မှာ မြို့ရွာတွေ ပေါ်ပေါက်လာခဲ့ပါတယ်။ ၁၃ ရာစုမှာတော့ နိုင်ဂျာမြစ်အထက်ဘက်မှာ မာလီအင်ပါယာစတင်ပေါ်ပေါက်လာခဲ့ပြီး ၁၇ ရာစုတိုင်အောင် ရှိခဲ့တဲ့ အာဖရိကအင်ပါယာတခုလည်း ဖြစ်ပါတယ်။

မာလင်ကဲ ၊ စုန်ဟိုင်း စတဲ့ အင်ပါယာတွေဟာလည်း ဒီတဝိုက်မှာပဲ ပေါ်ပေါက်ခဲ့ပါတယ်။ ၁၆ ရာစုမှာတော့ မိုရိုကန်တွေဟာ စုန်ဟိုင်းအင်ပါယာကို အနိုင်ရခဲ့ပြီး တင်ဘက်တူကို သူတို့ရဲ့မြို့တော်အဖြစ် သတ်မှတ်ခဲ့ကြပါတယ်။ ၁၇၄၀ တဝိုက်မှာတော့ မိုးခေါင်မှု ကျိုင်းကောင်တွေဖျက်စီးမှုကနေ အငတ်ဘေးနဲ့ နှစ်ပေါင်း ၂၀ ခန့် ရင်ဆိုင်ခဲ့ရပြီး တင်ဘက်တူမြို့လူဦးရေရဲ့ တဝက်လောက် ဆုံးရှုံးခဲ့ရပါတယ်။

၁၉ ရာစု အလယ်ပိုင်းမှာတော့ ပြင်သစ်တို့ရဲ့ တိုက်ခိုက်ခြင်းကို ခံခဲ့ရပြီးတဲ့နောက် ပြင်သစ်အနောက်အာဖရိက အမည်နဲ့ ပြင်သစ်ပိုင်နယ်မြေတခုဖြစ်သွားပါတယ်။ ၁၉၄၆ ခုနှစ်မှာတော့ ပြင်သစ်ဆူဒန် အမည်နဲ့ ပြင်သစ်ပြည်ထောင်စုရဲ့ ပင်လယ်ရပ်ခြား ပိုင်နက်တခု ဖြစ်ခဲ့ပါတယ်။

၁၉၅၈ ခုနှစ်မှာတော့ ဆီနီဂေါ နဲ့ ပူးပေါင်းခဲ့ပြီး မာလီဖက်ဒရေးရှင်းကို တည်ထောင်ခဲ့ပြီး ဆီနီဂေါက ခွဲထွက်သွားတဲ့ ၁၉၆၀ ခုနှစ်မှာတော့ မာလီသမ္မတနိုင်ငံ စတင်ဖြစ်ပေါ်လာခဲ့ပါတယ်။ အဲဒီအချိန်ကတည်းက စလို့ မာလီနိုင်ငံဟာ စီးပွားရေး နဲ့ နိုင်ငံရေး မငြိမ်သက်မှုတွေကို ဆက်တိုက်ခံစားခဲ့ရပါတယ်။

၁၉၆၈ ခုနှစ် နဲ့ ၁၉၉၁ ခုနှစ်တွေမှာ စစ်တပ်ရဲ့ အာဏာသိမ်းခြင်းကို ခံခဲ့ရပြီး ၁၉၉၂ ခုနှစ်မှာမှ Alpha Konare ဟာ ပထမဆုံး ရွေးကောက်ခံသမ္မတ ဖြစ်လာခဲ့ပါတယ်။ ဒီမိုကရက်တစ်ကာလအတွင်းမှာတော့ မာလီရဲ့နိုင်ငံရေးဟာ တည်ငြိမ်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ခြစားမှုများ ၊ နိုင်ငံရေးမတည်ငြိမ်မှုများနဲ့အတူ လက်နက်ကိုင် အဖွဲ့တွေဟာလည်း ပေါ်ပေါက်လာခဲ့ပါတယ်။

၂၀၁၂ ခုနှစ် မာလီနိုင်ငံမြောက်ပိုင်းမှာ စတင်ခဲ့တဲ့ ပြည်တွင်းစစ်ဟာ ယခုအချိန်ထိ ရှိနေဆဲပါ။ ၂၀၂၀ မှာ တခါ ၊ ၂၀၂၁ ခုနှစ်မှာ တခါ ထပ်မံပြီး စစ်တပ်ရဲ့ အာဏာသိမ်းခြင်းကို ခံရတာကြောင့် ယခုအချိန်မှာလည်း စီးပွားရေးပိတ်ဆို့မှုတွေကို ခံထားရတဲ့နိုင်ငံဖြစ်ပါတယ်။

နိုင်ငံရဲ့ အဓိက စီးပွားရေးမှာ စိုက်ပျိုးမွေးမြူရေး နှင့် ငါးဖမ်းခြင်း ပေါ်မှာ အခြေခံပါတယ်။ ဝါဂွမ်းတွေကို အများဆုံးတင်ပို့တဲ့ နိုင်ငံလည်းဖြစ်ပါတယ်။ မာလီနိုင်ငံမှ ရွှေ၊ ယူရေနီယမ် နှင့် ဆား စသော သဘာဝ အရင်းအမြစ်များ ထွက်ရှိပါတယ်။ မာလီနိုင်ငံသားတွေရဲ့ နှစ်စဉ်ပျမ်းမျှဝင်ငွေဟာ အမေရိကန်ဒေါ်လာ ၈၉၁ ခန့်သာရှိပြီး အဆင်းရဲဆုံးနိုင်ငံတွေထဲမှာ ပါဝင်နေပါတယ်။

အသက် ၇နှစ်ကနေ ၁၆နှစ်ကြားထိ အခမဲ့ပညာရေးစနစ်ကို ကျင့်သုံးပေမယ့် ယူနီဖောင်း ၊ စာအုပ် နဲ့ အခြားအထွေထွေ ကုန်ကျစရိတ်တွေကို မတတ်နိုင်တဲ့အတွက် ကျောင်းတက်သူအလွန်နည်းပါတယ်။ အခြေခံကျောင်းတွေဟာ ကျောင်းတက်ရမယ့် အရွယ်ရောက်သူရဲ့ ၆၀% ခန့်သာ ကျောင်းအပ်လေ့ရှိပါတယ်။ ၂၀၁၈ ခုနှစ် စာရင်းအရ မာလီနိုင်ငံရဲ့ အရွယ်ရောက်ပြီးသူ စာတတ်မြောက်နှုန်းဟာ ၃၅% ခန့်သာ ရှိပါတယ်။ တက္ကသိုလ်အနေနဲ့ ၉ ခုသာ ရှိပြီး ဘားမားခို တက္ကသိုလ်က အကြီးဆုံးဖြစ်ပါတယ်။

နိုင်ငံ့ဝင်ငွေရဲ့ ၂.၉% ကို သာ ကျန်းမာရေးဘတ်ဂျက်အဖြစ်သုံးထားတာကြောင့် မာလီနိုင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်မှုဟာလည်း နိမ့်ကျလျက်ရှိပါတယ်။ မြို့တော် မှာတောင် ဆေးရုံအနည်းငယ်ပဲရှိပြီး လူဦးရေ ၁.၈သန်းလောက်အတွက် ကျန်းမာရေးဝန်ထမ်းက ၄၀၀၀ ခန့်ပဲ ရှိပါတယ်။ မြို့တော်ရဲ့ အပြင်ဘက်ဒေသတွေမှာ နေထိုင်သူတွေကတော့ ကျန်းမာရေးစောင့်ရှောက်မှု မရသလောက်ဖြစ်နေပြီး အာဖရိကမှာတော့ ကျန်းမာရေးစောင့်ရှောက်မှု အဆိုးဆုံးနိုင်ငံအဖြစ် သတ်မှတ်ခံထားရပါတယ်။

မာလီဟာ စုစုပေါင်း ရထားလမ်း ၄၅၃ မိုင်ကို ပိုင်ဆိုင်ထားပြီး ဒီဇယ်ရထားတွေကို အသုံးပြုနေရပါတယ်။ အဓိက ရထားလမ်းကတော့ မြို့တော်ဘားမားခို နဲ့ ဆီနီဂေါ ဒါကာကို ဆက်သွယ်တဲ့လမ်းဖြစ်ပါတယ်။ ကုန်းတွင်းပိတ်နိုင်ငံဖြစ်တဲ့အတွက် သယ်ယူပို့ဆောင်ရေးအတွက် ဆီနီဂေါရဲ့ ဒါကာဆိပ်ကမ်းက တဆင့် အသုံးပြုရပါတယ်။ အဓိကလေဆိပ်ကတော့ မိုဒီဘို ကီတာ နိုင်ငံတကာလေဆိပ် ဖြစ်ပြီး မြို့တော်မှာပဲ တည်ရှိပါတယ်။

နေထိုင်သူစုစုပေါင်းရဲ့ တဝက်လောက်က မန်ဒဲလူမျိုးတွေဖြစ်ပြီး ၊ ၁၆%က ဖူလာ ၊ ၁၃% က ဗော်တဲရက်လူမျိုးတွေဖြစ်ကာ တာရက် ၊ စုန်ဟိုင်း နဲ့ အာရပ်လူမျိုးတွေလည်း နေထိုင်ကြပါတယ်။ အစ္စလာမ်ဘာသာဟာ ၁၁ရာစုခန့်က အနောက်အာဖရိက ကို စတင်ရောက်ရှိခဲ့ပြီး ယခုအချိန်မှာတော့ မာလီနိုင်ငံသားစုစုပေါင်းရဲ့ ၉၀% ခန့်က အစ္စလာမ်ဘာသာဝင်တွေဖြစ်ကာ ၊ ခရစ်ယာန် ၅% နဲ့ ရိုးရာကိုးကွယ်သူ ၅% တို့ နေထိုင်ကြပါတယ်။

မာလီနိုင်ငံရဲ့အလံကတော့ အစိမ်းရောင် ၊ ရွှေရောင် နဲ့ အနီရောင် အစင်းကြောင်း ၃ ခုကို ဒေါင်လိုက်ပေါင်းစပ်ထားပါတယ်။ အစိမ်းရောင်က နိုင်ငံရဲ့မြေသြဇာကောင်းမွန်ခြင်း ၊ ရွှေရောင်က တွင်းထွက်ပစ္စည်းပေါကြွယ်ဝခြင်း နဲ့ အနီရောင်က ပြင်သစ်တို့လက်အောက်မှ လွတ်လပ်ခြင်းကို ကိုယ်စားပြုပါတယ်။