ရေးသားပူဇော်သူ – Ko Wai Soe Thein
ကြိုရွှေ့ထားသော နီညိုရောင် နေ့စွဲ
(သည်တစ်ခါ ဖြစ်တာ ခါတိုင်းလို မဟုတ်ဘူး)
မှောင်စပျိုးချိန် မိုးအေးအေးက တဖွဲဖွဲသာ ကျလို့နေသည်။ မြေပြင်ပေါ်သို့ တိုက်ရိုက် ဝဲပျံကာ ခုန်ဆင်းသွားသည့် မိုးပေါက်များ၊ သစ်ပင်ကြီး သစ်ပင်ငယ်တို့ပေါ် တစ်ဆင့်နားပြီးမှ မြေပေါ် လိမ့်ဆင်းသော မိုးစက်များကြောင့် ဆရာတော်ကြီး၏ ကျောင်းဆောင်အမိုးမှာ တဖြောက်ဖြောက်မြည်နေသည်။
ညနေ သီလပေး တရားဟောအပြီး ပါတိမောက်ရွတ်ဆိုကာ စြင်္ကံလျှာက်စဉ်က သွေးပူသလို ရှိသည်။ အဆောင်ပြန်ပြီး အနားယူရာမှ တဖြည်းဖြည်း ချမ်းစိမ့်စိမ့် ဖြစ်လာသည်။ ထူးထူးဆန်းဆန်း ဒီနေ့ ညနေ တရားဟောရာမှာလည်း ခဏခဏ သမ်းဝေနေခဲ့သည်။ အရင်က ဒါမျိုးမဖြစ်စဖူး။ အနေရခက်နေသဖြင့် ကုလားထိုင်ပေါ်အသာ ထိုင်ချရင်း ကိုယ်အပူချိန်တိုင်းကြည့်လိုက်သည်။
တရားဟောပြီးစဉ်က ပိဋကတ်တော်စာအုပ်များ သိမ်းထားသော ဗီရိုဘက်ကို မကြည့်စဖူး နောက်ပြန်လှည့်ကြည့်ခဲ့သေးသည်။ လောကသုံးပါးတွင် အမြတ်ဆုံးဖြစ်သော မြတ်စွာဘုရား၏ သံသရာမှ လွတ်မြောက်ကြောင်း တရားတို့ကို မပျောက်ပျက်အောင် သံဃာအစဉ်အဆက် ထိန်းသိမ်းစောင့်ရှောက်ခဲ့ရသော ကျမ်းစာတော်များ။ သီဟိုဠ်တွင် စစ်ဘေး၊ အငတ်ဘေးကပ်ဆိုက်စဉ်ကပင် ရဟန်းတော်များမှာ အသက်ထက် သာသနာကွယ်မည့်အရေးကို အလေးထားကာ အာဟာရမမှီဝဲရသည့်ကြားက ဓမ္မကို ရအောင် ဆောင်ထားခဲ့ကြသည်။ သာသနာ၏ အပြင်ရန်ကို တွန်းလှန်ခဲ့ခြင်းသာ။
နောင်သဒ္ဓါတရားအားနည်းလာကြသည့်ခေတ်တွင် ပိဋကတ်တော်များကို ထိုအရှင်မြတ်တို့ကဲ့သို့ နားလည်ပြီး သေသပ်တိကျစွာ အာဂုမ်ဆောင် ကျက်မှတ်လေ့လာမည့်သူ ရှာမှရှားတော့မည်။ ထိုအခါ မြတ်စွာဘုရား၏ စင်ကြယ်သော သာသနာလည်း မဂ္ဂင်လမ်းမှန်မှ သွေဖီသော အရောအနှောဝါဒများဖြင့် စွန်းထင်ညစ်ပေသွားနိုင်ပေသည်။ ဤကား သာသနာ့အတွင်းရန် ဖြစ်ပေသည်။
ဤသာသနာ့ဘေးရန်များအတွက် အရှင်မဟာကဿပမထေရ်မှ စ၍ မဇ္ဈိမတိုင်းတွင် သုံးကြိမ်၊ သီဟိုဠ်တွင် တစ်ကြိမ်၊ မြန်မာပြည်တွင် နှစ်ကြိမ် ပိဋကတ်တော်များကို စုပေါင်းရွတ်ဆို သင်္ဂါယနာတင်ခြင်းကို ဆရာ၊ ဒကာ ညီညွတ်စွာဖြင့် ဆောင်ရွက်ခဲ့ကြသည်။ မိမိသည်ပင် ဆဋ္ဌသင်္ဂါယနာတွင် အမေးပုစ္ဆကဆရာတော် အဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ရသည် မဟုတ်ပါလား။
အဖျားတိုင်း သာမိုမီတာကို ထုတ်ပြီး အလင်းရောင်ဖျဖျအောက်တွင် အားစိုက်ဖတ်ကြည့်သည်။ ကိုယ်ပူလည်း မရှိ။ နေရတာလည်း ဟန်မကျပေ။ စားပွဲပေါ်တင်ထားသော ပြက္ခဒိန်ကို လှမ်းယူလိုက်သည်။ ယနေ့ သြဂုတ်လ (၁၃) ရက်နေ့။ ပြက္ခဒိန်ကို ခေတ္တ စိုက်ကြည့်ပြီး ခါတိုင်း မနက်ရောက်မှ ရွှေ့လေ့ရှိသော ပြက္ခဒိန်စာရွက်ကို ယခုကတည်းက သြဂုတ် (၁၄)ရက်သို့ တစ်ရက် ကြိုတင်ရွှေ့ထားလိုက်သည်။ ထို့နောက် ရိုက်လက်စဖြစ်သော ‘အဘိဓမ္မာတရားတော်ကြီး’ စာမူချောကို အသေအချာ ကြည့်နေသည်။
အခန်းဝမှ အသံပေးသံကို ကြားရသည်။ နာရီကို လှမ်းကြည့်တော့ (၇) နာရီကျော်သာ ရှိသေးသည်။
“ဘယ်သူလဲ”
“တပည့်တော် သောဘနပါဘုရား”
ပုံမှန်ဆိုလျှင် (ရွှေမင်းဝံဆရာတော်လောင်းလျာ) အရှင်သောဘနလေးသည် ည (၈) နာရီဝန်းကျင်မှသာ လာရောက် ဖူးမြော်မြဲ။ ဆရာတော်လေးသည် အခန်းထဲသို့ ဝင်လာပြီး မီးချောင်း ဖွင့်လိုက်သည်။ မီးလင်းသွားပါမှ ဆရာတော်ကြီးကို ဆပ်ကပ်ထားသော ထိုထိုဆရာတော်တို့၏ တရားစာအုပ်များကို စားပွဲပေါ်တွင် တွေ့ရသည်။ ဆရာတော်ကြီးကတော့ သူရှိရာ နေရာမှာ စာရိုက်ခြင်း၊ စာဖတ်ခြင်းမရှိဘဲ အပိုမီး ဘယ်တော့မှ မဖွင့်။ ဒါယကာများ မီတာခတက်မည်ကို ငဲ့ညှာခြင်း ဖြစ်သည်။
ဆရာတော်ကြီးသည် သင်္ကန်းကို ပြန့်အောင် အနည်းငယ် ဆွဲဆန့် ပြုပြင်လိုက်သည်။ သည်နေ့ ခါတိုင်းထက် အအေးပိုတယ်ဟု ခပ်တိုးတိုး မိန့်သည်။ အရှင်သောဘနဆရာတော်လေးက စားပွဲပေါ်မှ စာအုပ်တစ်အုပ်ကို ကောက်ယူကြည့်သည်။ မင်းကွန်းတိပိဋက ဆရာတော်၏ သုံးနှစ်တာခရီး စာအုပ်။ မျက်စိခွဲစိပ်ကုသခံရပြီးနောက် စာရေးစာဖတ်များစွာ ပြုလေ့ရှိသော ဆရာတော်ကြီး၏မျက်လုံးများ ပို၍ ဒဏ်မပိစေရန် ညပိုင်း အလင်းရောင်အားနည်းချိန်တွင် အရှင်သောဘနဆရာတော်လေးက ဖတ်ပြလေ့ရှိသည်။
“တိပိဋကဆရာတော်ရဲ့ သုံးနှစ်တာခရီး စာအုပ်ပါဘုရား။ အထဲမှာ ဆရာတော်ကြီးရဲ့ သြဝါဒလည်း ပါပါတယ်”
“အင်း…တိပိဋကဆရာတော်ကဖြင့် ပရိယတ်သာသနာတော်ကြီးကို ကျယ်ကျယ်ပြန့်ပြန့်ဖြစ်အောင် သူက ပြုနိုင်တယ်။ တော်တော်ဝမ်းသာစရာကောင်းတယ်”
ဆဋ္ဌသင်္ဂီတိဝိသဇ္ဇက ဖြစ်သော ညီတော်မင်းကွန်းဆရာတော်ကို လှိုက်လှိုက်လှဲလှဲ ချီးကျူးလိုက်သည်။ သာသနာတော်အတွက် ပရိယတ်မကင်းသော ပဋိပတ်၊ ပဋိပတ်မကင်းသော ပရိယတ်ကို အကောင်အထည်ဖော်ဆောင်ဖို့ရာ ပိဋကတ်စာပေများအတိုင်း လိုက်နာအားထုတ်ရမည်သာ။
ထိုစဉ်မှာပင် ခေါင်းထဲက ရုတ်တရက် တင်းကျပ်လာသည်။ နားထင်ကို လက်ဖြင့် အသာပွတ်မိသည်။ အရှင်သောဘနဆရာတော်လေးကတော့ သတိမထားမိဘဲ စာအုပ်ကို ဆက်ဖတ်ပြသည်။
“ရွှေစေတီဆရာတော်ကြီးရဲ့ သြဝါဒလည်း ပါပါတယ်ဘုရား”
ဆရာတော်ကြီးထံမှ တုန့်ပြန်သံမကြားရသောအခါမှ မော့ကြည့်ရာ ဆရာတော်ကြီးသည် နားထင်ကို လက်ဖြင့် အသာ ပွတ်သပ်နေသည်ကို တွေ့ရသည်။
“ဆရာတော်ကြီး ဘာဖြစ်လို့လဲ ဘုရား”
“သည်တစ်ခါ ဖြစ်တာ ခါတိုင်းလို မဟုတ်ဘူး…. … ……. …” သည်တစ်ခါ ဖြစ်တာ ခါတိုင်းလို မဟုတ်ဘူး သည်တစ်ခါဖြစ်တာ ခါတိုင်းလို မဟုတ်ဘူး
အရှင်သောဘနဆရာတော်လေး၏ ရင်ထဲ ဒိန်းကနဲ ဖြစ်သွားသည်။ ‘သည်တစ်ခါ ဖြစ်တာ ခါတိုင်းလိုမဟုတ်ဘူး’ဟူသည့်စကားက နားထဲ ပဲ့တင်ထပ်နေသည်။ ဆရာတော်ကြီးက မျက်နှာကို လက်ဖြင့် သပ်ချနေသည်။ လေများလည်း ပျို့တက်လာသဖြင့် အန်မည်ထင်ပြီး လက်ဖြင့် အသင့်ခံထားလိုက်သည်။ သို့သော် ဘာမှ ထွက်မလာ။
“ဆရာတော်ကြီး… တပည့်တော်လက်ထဲ အန်ချပါဘုရား”
ဆေးဘီရိုကို အမြန်ပြေးဖွင့်ပြီး ရှုဆေးဘူးကို ရှာသည်။ ယခင်က အစီအရီထောင်ထားသော ရှုဆေးဘူးများ တစ်ဘူးမှ ရှာမတွေ့။ ဆရာတော်ကြီးထံပြန်ပြေးလာကာ ရင်ဘတ်ကို လက်ဖြင့် ဖိပေးလိုက်၊ တယ်လီဖုန်းဆီ ပြေးခေါ်လိုက် လုပ်နေသည်။ အရေးပေါ်ခေါ်ရန် တယ်လီဖုန်းကို လှည့်သော်လည်း မရ။
အရှင်သောဘနဆရာတော်လေး အလွန်ပူပန်နေပေပြီ။ လွန်ခဲ့သော လပိုင်းက တရားဟောရင်း ဆရာတော်ကြီး တည်ငြိမ်အေးဆေးစွာ မိန့်ကြားခဲ့သော စကားများကို ပြန်ကြားယောင်လာသည်။
‘သည်သာသနာ့ရိပ်သာကြီးအတွက် ဦးနုတို့ ဆာဦးသွင်တို့ ဘုန်းကြီးကို ပင့်လာတုန်းက ဒီ ဓမ္မစကြာတရားနဲ့ စဖွင့်ခဲ့တယ်။ ခုလည်း ဒီ ဓမ္မစကြာတရားကိုပဲ ပြန်ဟောထားပေးခဲ့မယ်’
ဘယ်လိုစကားကြီး ဆရာတော်မိန့်နေပါလိမ့်ဟု ထိုစကားကို ကြားရစဉ်ကတည်းက ရင်ထဲတွင် ဆို့နင့်သွားခဲ့ရသည်။ ပါးနပ်သော အချို့ယောဂီများမှာ ထိုစကားကို ကြားသည်နှင့် အသံတိတ် မျက်ရည်များ စီးကျနေသည်ကို ကိုယ်တိုင် မြင်ခဲ့ရသည်။ ယခု တကယ်ပင် ဆရာတော်ကြီး၏ နောက်ဆုံးအချိန် ရောက်နေပြီလား။
အရှင်သောဘနဆရာတော်လေး ကျောင်းဆောင်ပေါ်မှ နာယကဆောင်သို့ အမြန်ဆုံး ပြေးသွားသည်။ အဦးဆုံးတွေ့သော ဆရာတော်ဦးသံဝရကို မြန်မြန်လျှောက်ထားရသည်။
“အရှင်ဘုရား.. အရှင်ဘုရား..”
“ဘာဖြစ်လာလို့လဲ..ဦးသောဘနလေး”
“ဆရာတော်ကြီး ဘာဖြစ်မှန်း မသိဘူး။ အခု တစ်ပါးတည်း ကျန်ရစ်တယ်။ အမြန်သွားလိုက်ပါဦးဘုရား..။ တပည့်တော် နာယကဆရာတော်တွေ အကြောင်းကြားလိုက်ဦးမယ်..”
ဦးသံဝရလည်း စာအုပ်ကို ပစ်ချပြီး ဆရာတော်ကြီးစံကျောင်းကို အမြန်ကြွတော့သည်။
မကြာမီပင် ရွှေမင်းဝံဆရာတော်လေးနှင့်အတူ နာယကဆရာတော်ကြီးများ စုံလင်စွာ ရောက်လာကြသည်။ သာသနာ့ရိပ်သာ ဥက္ကဋ္ဌကြီးနှင့် အမှုဆောင်အချို့လည်း ရုတ်ရုတ်သဲသဲ စုရုံးလာကြသည်။ ဆရာတော်ကြီးကို တာဝန်ယူကြည့်ရှုပေးနေကျ ဆရာဝန်ကြီး ဒေါက်တာဦးရဲမြင့်ကို ဖုန်းဆက်ကာ အမြန်ပင့်သည်။ ဒေါက်တာဦးရဲမြင့်ကလည်း ရရာကားစီစဉ်၍ အမြန်ဆုံးလာခဲ့ပါမည်ဟု လျှောက်သည်။
နာယကဆရာတော်များက ဆရာတော်ကြီး သက်သာလို သက်သာငြား ရင်ဘတ်သို့ လက်ဖြင့် ဖိပေးကြသည်။ ခြေထောက်များကို ဆုပ်နယ်ပေးကြသည်။ ထိုအခါ ဆရာတော်ကြီးသည် စကားမပြန်နိုင်တော့သော်လည်း နှိပ်နယ်နေသော လက်များကို လက်ဖြင့် အသာအယာယူပြီး ဘေးကို ဖယ်ချသည်။ ခြေထောက်ကို ဆုပ်ပေးနေသော လက်များကိုလည်း အသာကိုင်ကာ ဖယ်ချပြန်သည်။
နာယကဆရာတော်များ တစ်ပါးမျက်နှာ တစ်ပါး ကြည့်မိကြသည်။ ဆရာတော်ကြီး၏ အလိုဆန္ဒကို ရိပ်မိသော ဦးပဏ္ဍိတက လက်ကာပြပြီး တားလိုက်သည်။
“အရှင်ဘုရားတို့…အခု ဆရာတော်ကြီးဟာ သတိပဋ္ဌာန်တရားနဲ့ပဲ နေလိုပြီ ဖြစ်ပါတယ်။ တပည့်တော်တို့ ဆရာတော်ကြီးကို မထိကြပါနဲ့တော့”
ဆရာတော်ကြီး၏ ဘေးတွင် ဆရာတော်များအားလုံး ညီညာစွာ ထိုင်ပြီး လက်အုပ်ချီကာ ရိုသေစွာ ရှိခိုးကြသည်။ ဦးပဏ္ဍိတက ဆရာတော်ကြီး ကြားလောက်အောင် အသံကိုမြှင့်ပြီး လျှောက်သည်။
“ဆရာတော်ကြီးဘုရား… အခုအချိန်ဟာ ဆရာတော်ဘုရားကြီးအဖို့ တရားတော်များ နှလုံးသွင်းဖို့ အချိန်ပါဘုရား”
မနက်ကပင်လျှင် ဆရာတော်ကြီး၏ ပုံတော်ကို ကြည်ညိုလို၍ အာရှဓာတ်ပုံတိုက်မှ ခွင့်တောင်း ရိုက်ကူးယူသွားသည်။ ကျန်းကျန်းမာမာဖြင့် ပကတိတည်ငြိမ်သော ဆရာတော်ကြီး၏ ရုပ်သွင်လွှာကို မြင်လျှင် ယနေ့ ဒီလို အခြေအနေမျိုး ဖြစ်ပေါ်လာလိမ့်မည်ဟု ဗြဟ္မာမင်းကြီးက ဗေဒင်ဆင်းဟောလျှင်ပင် ယုံကြည်ချင်စရာမရှိ။ သို့သော် ဆရာတော်ကြီးကိုယ်တိုင်ကမူ စားပွဲပေါ်ရှိပြက္ခဒိန်တွင် တစ်ရက်စာ ကြိုတင်ရွှေ့ထားသည်ကို အားလုံး သတိပြုမိကြသည်။ ထို့ကြောင့်ပင် ရောဂါအခြေအနေကို မသိသေးပေမယ့် အလွန်စိုးရိမ်နေကြတော့သည်။
ဒေါက်တာဦးရဲမြင့်ရောက်လာသည်နှင့် ဆရာတော်ကြီးကို ချက်ချင်းပင် သွေးပေါင်ချိန်တိုင်းသည်။ ဆရာတော်ကြီးက ငြိမ်သက်စွာဖြင့် အသာအယာခွင့်ပြုထားသည်။
သွေးပေါင်တိုင်းနေရင်း ဆရာဝန်ကြီး၏ မျက်နှာပေါ်တွင် ချမ်းအေးသော ရာသီဥတုနှင့် မလိုက်ဖက်သော ချွေးသီးချွေးပေါက်များ ချက်ချင်းပင် သိသိသာသာ စီးကျလာတော့သည်။ ဤအဖြစ်ကို သတိထားမိသော အရှင်သောဘနဆရာတော်လေးလည်း လက်ဖျားများ အေးစက်ကာ တုန်နေတော့သည်။ ဆရာဝန်ကြီး၏ မျက်နှာကိုကြည့်ပြီး အလွန်အရေးကြီးသော အခြေအနေဖြစ်ကြောင်း ဆရာတော်များအားလုံး သဘောပေါက်သွားကြသည်။
“အရှင်ဘုရား.. မရိုမသေလေး.. ဆေးဘီရိုထဲမှာ သွေးကျဆေးရှိတယ်… တပည့်တော်ကို ယူပေးပါ.”
ဆရာတော်ဦးသူရိယလည်း ပြေးယူရန်ပြင်သည်။ သို့သော် ဒေါက်တာဦးရဲမြင့် စိတ်ပြောင်းသွားပြီး ကိုယ်တိုင် ထပြေးကာ ဆေးဘီရိုကို မွှေနှောက်ရှာသည်။ အရှင်သောဘနဆရာတော်လေးနောက်မှ လိုက်သွားသည်။ စောစောက တစ်ခုမှ မမြင်ခဲ့သော ရှုဆေးဘူးများက လှောင်ပြောင်နေသလိုလိုပင် အစီအရီ ထောင်ထားသည်ကို မြင်ရသည်။ စိုးရိမ်ပူပန်စိတ် ငယ်ထိပ်ရောက်နေခဲ့လို့သာ မမြင်ခဲ့ခြင်းသာ။
“သွေးပေါင်ချိန်က ၂၂၀/၁၃၀ ဖြစ်နေတယ်..။ လေဖြတ်သွားတာ ဖြစ်နိုင်တယ်။ ဦးနှောက်အာရုံကြောနဲ့ ဆိုင်တာမို့ ဒေါက်တာညွန့်ဝင်းနဲ့ ပြသင့်တယ်”
နောက်ဆုံးတွင် ရိပ်သာကို ရောက်ချလာကြသော ဆရာဝန်ကြီးများနှင့် သာသနာ့ရိပ်သာလူကြီးများ တိုင်ပင်ကာ ရန်ကုန်ဆေးရုံကြီးသို့ ပင့်ဆောင်ရန် အလျင်အမြန်စီစဉ်ကြတော့သည်။
ဆရာတော်ကြီးကို ချီမကာ ဆေးရုံသို့ ကားဖြင့် ပင့်ဆောင်သွားကြသည်။ အသစ် လဲပေးလိုက်သော သင်္ကန်းများကိုပင် သေသေချာချာ မရုံပေးလိုက်ရသဖြင့် အရှင်သောဘနဆရာတော်လေး စိတ်မကောင်း။
အပြင်လောကရှိ တဖွဲဖွဲရွာ ညိုပြာနေသောမိုးထက်ပင် အားလုံး၏ရင်ထဲမှာ အုံ့ဆိုင်းနေကြသည်။ ရန်ကုန်ဆေးရုံကြီး၏ အထူးကြပ်မတ်ဆောင်၏ ကုတင်တစ်လုံးပေါ်တွင် ဆရာတော်ကြီး ငြိမ်သက်စွာ လဲလျောင်းနေသည်။ ဆရာဝန်ကြီးများ၊ သူနာပြုများသာမက အခန်းတွင်းရှိ အခြားသော လူနာစောင့်များပါ ဆရာတော်ကြီး၏ ကုတင်ဘေးမှာ စုရုံးနေကြသည်။
သူနာပြုဆရာမများက ဆရာတော်ကြီး၏ ဖရိုဖရဲဖြစ်နေသော သင်္ကန်းကို ပြုပြင်ရန် ကိုင်စဉ် ဆရာတော်ကြီး၏ လက်တစ်ဘက်မှ လှုပ်ရှားလာပြီး သင်္ကန်းကို ဆွဲထားသည်။ ဤအဖြစ်ကို မြင်သော် ဆရာဝန်ကြီးက အရှင်သောဘနဆရာတော်လေးကို သွားလျှောက်တော့သည်။
“အရှင်ဘုရား ဆရာတော်ကြီး သင်္ကန်းပြင်ဝတ်ချင်တယ်နဲ့ တူတယ်ဘုရား။ ဆရာမတွေ ပြုပြင်တာကို အကိုင်မခံဘူး ဖြစ်နေတယ်”
အရှင်သောဘနဆရာတော်လေးက အနားတိုးကာ ‘တပည့်တော် ပြင်ဝတ်ပေးမယ်ဘုရား’ဟု လျှောက်မှ သင်္ကန်းကိုဆုပ်ထားသော လက်ကိုဖြည်ကာ ဘေးသို့ ပြန်ချထားသည်။ ဦးနှောက်သွေးကြော ပေါက်သော လူနာအနေဖြင့် ဤမျှ သတိကောင်းနေသေးသည်ကို လူအများ အံ့သြနေကြတော့သည်။
ဆရာဝန်ကြီးများနှင့် ဆွေးနွေးပြီး အခြေအနေအမှန်ကို သိသွားသော ဥက္ကဋ္ဌကြီး ဦးပွင့်ကောင်းက ဆရာတော်များကို ပြန်ကြွဖို့လျှောက်ထားသည်။
“အရှင်ဘုရားတို့ ပြန်ကြွကြပါတော့ဘုရား..။ ရိပ်သာမှာ စီစဉ်စရာတွေက များလှပါတယ်..။ ဒီမှာ ဆက်နေလို့လည်း အကြောင်းမထူးတော့ပါဘူး ဘုရား..”
ဆရာတော်များ စိတ်ထဲတွင် မျှော်လင့်ချက် ပျောက်ဆုံးပြီး မလှုပ်ရှားချင်လောက်အောင် လေးလံသွားကြသည်။ ရိပ်သာကြီး၏ အရေးက ရှိသေးသည်။ ယောဂီအချို့လည်း ဆရာတော်ကြီး၏ ဖြစ်အင်ကို သိကုန်ကြပြီ ဖြစ်သည်။ အသက်ရှုကိရိယာဖြင့် အားကူနေရသော ဆရာတော်ကြီးအား ရိုသေစွာ ဦးချရှိခိုးကာ ရိပ်သာသို့ ပြန်ကြွခဲ့ကြတော့သည်။
စည်တော်သံ အမှန်ဆိတ်ချိန်
သြဂုတ်လ၊ (၁၄) ရက်နေ့မနက်တွင် ဥက္ကဋ္ဌကြီးက ဆရာတော်ကြီးကို သာသနာ့ရိပ်သာသို့ ပြန်လည်ပင့်ဆောင်လာမည်ဟု စီစဉ်ပြီး ဖြစ်သည့်အတွက် ရိပ်သာတွင် ဆရာတော်ကြီးအတွက် နေရာထိုင်ခင်း စီစဉ်ကြသည်။ အရှင်သောဘနဆရာတော်လေး အရုဏ်ဆွမ်းမျှ မဘုဉ်းပေးနိုင်တော့ပေ။ သောကအပူမီးတွေဖြင့်သာ ရင်ပြည့်နေသည်။ ယောဂီများမှာလည်း ဆရာတော်ကြီးအတွက် ဆုတောင်း မေတ္တာပို့သခြင်းတပါး အခြားမတတ်နိုင်တော့။
နေ့လည် ၁၂ နာရီ ဝန်းကျင်တွင် ဆရာတော်ကြီးအား ရန်ကုန်ဆေးရုံကြီးမှ ဟာမစ်တစ် သာသနာ့ရိပ်သာကြီးသို့ ပြန်လည်ပင့်ဆောင်လာတော့သည်။ နာယကဆရာတော်များ၊ ဥက္ကဋ္ဌကြီးနှင့် ရိပ်သာလူကြီးများ၊ ယောဂီများ အားလုံး ဆရာတော်ကြီးကို နောက်ဆုံးပူဇော်ခြင်းဖြင့် ပူဇော်ရှိခိုးကြသည်။
ဆရာတော်ကြီးကတော့ အလွန်တည်ငြိမ်သော ဣန္ဒြေဖြင့် ရိပ်သာမှ အမှုဆောင်များ၊ ယောဂီများ အကောင်းဆုံးပြင်ဆင်ထားသော ကုတင်ပေါ်တွင် လျောင်းစက်နေသည်။ နဂိုကပင် သတိပဋ္ဌာန်တရား လက်ကိုင်ထားသဖြင့် တည်ကြည်ငြိမ်သက်မှုဂုဏ် အားကြီးလှသည့် ဆရာတော်ကြီးမှာ ယခုမူ အထူးပို၍ ငြိမ်သက်နေသည်။ ဤမျှငြိမ်သက်လွန်းသော အဖြစ်ကို မည်သူမှ လိုလိုလားလား ခံစားနိုင်စွမ်းရှိမည် မဟုတ်ပါ။
ခန္ဓာဝန်ကြီးက လေးကြောင်း မကြာမကြာထုတ်ဖော် မိန့်တတ်သော ဆရာတော်ကြီးသည် မကြာမီပင် ထိုခန္ဓာဘာရကို ချကာ သက်သာရာ ရရှာသည်။ မြန်မာ့အသံ၊ ဘီဘီစီ အင်္ဂလိပ်ပိုင်း၊ မြန်မာပိုင်း စသော အသံလွှင့်ဌာနများမှလည်း ဆရာတော်ဘုရားကြီး သြဂုတ်လ ၁၄-ရက်နေ့၊ နေ့လယ် ၁ နာရီ ၃၆ မိနစ်တွင် ပျံလွန်တော်မူကြောင်း ကြေငြာကြသည်။
သက်တော် (၇၈)နှစ်၊ မပျံလွန်မီ နာရီပိုင်းအထိ တရားဟော၊ တရားပြနေသော ဆရာတော်ကြီးသည် ကိုယ်တော်တိုင် ပြုစုထားခဲ့သော ပိရိသိပ်သည်းသည့် ကျမ်းစာတော်များ၊ ဆောင်ရွက်ထားခဲ့သော ကြီးမားသည့် သာသနာ့အရေးများကို ပြည့်စုံပြီဟု မပြောသော်လည်း ပြောဘိသကဲ့သို့ လက်လွှတ်တော်မူခဲ့သည်။ တိတ်တဆိတ် ငိုကြွေးနေကြသော တရားအသိနုသေးသည့် ယောဂီတပည့်များကို မငဲ့ညှာယောင်ပင် ဆရာတော်ကြီးမှာ ဥပေက္ခာပြုချက်သား ကောင်းလှသည်။ ထို့ပြင် တရားအရသာကို မသုံးဆောင်ရသေးသော ပြည်တွင်းပြည်ပယောဂီများ၊ အလွဲအမှားနည်းလမ်းများကို ဟောပြနေကြသော သာသနာ့အတွင်းရန်များကိုလည်း တူညီစွာ လျစ်လျူရှုခဲ့တော့သည်။
တဆင့်စကားဖြင့် သတင်းကြားသော ဌာနအသီးသီးမှ ဆရာတော်ကြီးများလည်း တဖွဲဖွဲရောက်လာကြသည်။ ကုတင်ဘေးတွင် ပူဇော်ထားသော ကုမုဒြာကြာပန်းများလည်း အစွမ်းကုန်ပွင့်လန်းကာ ဦးခိုက်နေကြသည်။ ဆရာတော်ကြီး၏ ရုပ်ကလာပ်ကို ရဟန်းတော်များ၊ လူပရိသတ်များ တစ်ဖွဲ့ပြီး တစ်ဖွဲ့ ရိုသေစွာ ရှိခိုးကြသည်။
တိတ်ဆိတ်ငြိမ်သက်မှုကို လိုလားသည့် မြတ်စွာဘုရား၏ သားတော်ကောင်းတစ်ပါး ပီသသော ဆရာတော်ဘုရားကြီးအား ပူဇော်ကြရာတွင် ဖွဲ့နွဲ့ငိုကြွေးခြင်းမျိုးမပြုဘဲ တရားအမှတ်နှလုံးသွင်းကာ သံဝေဂယူကြပါရန် ရိပ်သာလူကြီးများက နှိုးဆော်သတိပေးကြသည်။
လူထုမှာ တစ်ရက်ထက် တစ်ရက် ကြိတ်ကြိတ်တိုးကာ များသထက် များပြားလာပြီး တိုးဝှေ့ထိခိုက်ဒဏ်ရာ ရသူများ၊ မူးမော်လဲကျသူများအတွက် ဆေးကုသခန်းကိုပါ ဖွင့်ထားရသည်။ ဆရာတော်ကြီးအနား တိုးမပေါက်၍ မရောက်နိုင်တော့သူများကိုလည်း လုံခြုံရေးများက စီစဉ်ကာ ရိပ်သာတွင်းရှိ အခြားအထိမ်းအမှတ်နေရာများကို ပြသပေးကြသည်။
ကမ္ဘာမြေတွင် မိုးရေနှင့် မျက်ရည်များ ရောနှောပြိုဆင်းကြသော နေ့ရက်များ ဖြစ်ပေသည်။
အံ့ဘနန်း စည်ကားသော ဈာပန
ဝါဆိုလပြည့်ကျော် (၁၄)ရက်တွင် တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက အဘိဓဇမဟာရဋ္ဌဂုရု မင်းကွန်းဆရာတော်ကြီး ကြွရောက်လာပြီး ဆရာတော်ကြီး၏ ရုပ်အလောင်းကို ရှိခိုးပူဇော်သည်။ ဆဋ္ဌသင်္ဂါယနာတင် ညီနောင်နှစ်ပါး၏ ယခုတစ်ခေါက် တွေ့ဆုံခြင်းမှာ ဆွေးမြေ့ဖွယ် ကောင်းလှသည်။ အခါတိုင်းဆိုလျှင် ဆရာတော်ကြီး၏ ခြေတော်ရင်း၌ ထိုင်ကာ ရိုသေ အကျွမ်းဝင်စွာဖြင့် သာသနာ့အရေး ဆွေးနွေးမြဲဖြစ်သည်။ သို့သော် ယခုမူ ဆရာတော်ကြီးကား အဖူးမြော်လာသော အရှင်ဝိစိတ္တ မထေရ်မြတ်ကို မမြင်နိုင်၊ မကြားနိုင်တော့ပြီ။
ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ်မှ မင်းကွန်းဆရာတော်ကြီးထံ သြဝါဒတောင်းခံကာ သိလိုသည်များကို မေးမြန်ခဲ့သည်။ ‘၇-ရက်ထား၍ ပူဇော်ခြင်း၊ အတီးအမှုတ် အကအခုန်မပါဘဲ ဓမ္မပူဇာဖြင့် ကြံတောသုဿာန်၌ သြင်္ဂိုဟ်ရန်စီစဉ်ထားခြင်း’ တို့မှာ သင့် မသင့်၊ မြတ်စွာဘုရား အလိုတော်နှင့် ညီမညီ လျှောက်ထား မေးမြန်းခဲ့ကြသည်။ မင်းကွန်းဆရာတော်ကြီးက သင့်လျော် ညီညွတ်ကြောင်း မိန့်ကြားတော်မူခဲ့ပါသည်။
သြဂုတ်လ (၂၀) ရက်နေ့တွင် ဆရာတော်ကြီး၏ ရုပ်ကလာပ်ကို မှန်အခေါင်းတွင်းပိတ်ကာ ကြံတောသုဿာန်သို့ ပင့်ဆောင် သြင်္ဂိုဟ်မည်ဖြစ်ရာ အလောင်းတော်တင်မည့်ကား ထွက်ခွာမည့်ခရီးစဉ်နှင့် သြင်္ဂိုဟ်ရန်အချိန်များကို ရက်အနည်းငယ် ကြိုတင် တွက်ချက် ထားကြသည်။
သို့ရာတွင် သာသနာ့ရိပ်သာမှ စတင်ထွက်ခွာသည်နှင့် စီစဉ်ထားသည့်အတိုင်း ဖြစ်မလာတော့ချေ။ ကမ္ဘာအေးဘုရားလမ်းပေါ်၌ စောင့်ဆိုင်းနေကြသည့် တခဲနက်သော လူအုပ်ကြီးသည် ဆရာတော်ကြီး၏ ရုပ်ကလာပ်တော်ကို ပင့်ဆောင်လာသော ကားဆီသို့ ဝိုင်းအုံစုရုံးလာကြပြီး ဖြည်းညင်းစွာ တွန်းပို့နေကြသဖြင့် လူအုပ်ကို ခွင်းဖောက်ကာ ကားကို မောင်းခြင်းငှာ မစွမ်းသာတော့ချေ။
မိုးဒေဝါမှာ သာသနာ့ရိပ်သာမှ ကားစထွက်လာသည်နှင့် လူထု၏ပူဇော်မှုကို တအံ့တသြ ငေးမောရင်း ညိုမှောင်စွာ တိတ်ဆိတ်နေသည်။ သာသနာ့ရိပ်သာမှ ကမ္ဘာအေးဘုရားလမ်း၊ တက္ကသိုလ်ရိပ်သာလမ်း၊ ပြည်လမ်း၊ နာနတ်တောလမ်း စသည့် လမ်းဝဲယာတောက်လျှောက်တွင် ပြည့်သိပ်နေသော လူအုပ်ကြီးသည် ဆရာတော်ကြီး၏ အလောင်းတော်တင်ကားကို တဖြည်းဖြည်း တွန်းပို့နေကြသည့်အတွက် ရိပ်သာမှ စထွက်ကတည်းက ကြံတောသုဿာန်ရောက်သည်အထိ ကားစက်နှိုးမောင်းရန် မဖြစ်တော့ပေ။ လူထုအင်အားဖြင့် တရွေ့ရွေ့သာ သာသနာ့ရိပ်သာမှ ကြံတောသုဿာန်အထိ ရောက်ရှိလာတော့သည်။ အံ့မခန်းစည်ကားသည့် ဈာပနတစ်ခုအဖြစ် မှတ်တမ်းတင်ရပေမည်။
သုဿာန်တွင် နောက်ဆုံး ပူဇော်ပွဲ ခေတ္တလုပ်ရန် စီစဉ်ထားသော်လည်း အလောင်းတော်ကို မီးမသြင်္ဂိုဟ်ဘဲ အခေါင်းသွင်း၍ ပူဇော်လိုသော အုပ်စု၏ အင်အား တစစ များပြားလာသဖြင့် ပူဇော်ပွဲကိုဖျက်ကာ သတ်မှတ်ချိန်ထက်စော၍ မီးသြင်္ဂိုဟ်လိုက်ရတော့သည်။
မီးသြင်္ဂိုဟ်အပြီး ဆရာတော်ကြီး၏ အရိုးတော်များကို အနယ်နယ် အရပ်ရပ်မှ ရိပ်သာခွဲများက ပင့်ဆောင်သွားကြသည်။ ကျန်အရိုးတော်များကို သာသနာ့ရိပ်သာသို့ ပြန်လည် ပင့်ဆောင်လာကြသည်။
ဆဋ္ဌသင်္ဂီတိပုစ္ဆက ဖြစ်သော ကျေးဇူးရှင်မဟာစည်ဆရာတော်ဘုရားကြီးသည် ပြည်တွင်း ပြည်ပတွင် ပဋိပတ်သာသနာကို အထိရောက်ဆုံး၊ အကျယ်ပြန့်ဆုံး ဦးဆောင်ပြုနိုင်ခဲ့သော အရှင်မြတ်တစ်ပါး ဖြစ်သည်။ ဆဋ္ဌသင်္ဂါယနာ ဓမ္မသဘင်တွင် ပိဋကတ်တော်များ တည်းဖြတ်သုတ်သင်ရာ၌လည်းကောင်း၊ အဋ္ဌကထာကျမ်းများ စိစစ်ရာ၌ လည်းကောင်း၊ အမေးပုစ္ဆကဆရာတော်အဖြစ်လည်းကောင်း နှစ်ချီကာ သူမတူအောင် ဆောင်ရွက်တော်မူခဲ့သည်။ ဝိသုဒ္ဓိမဂ် မဟာဋီကာကဲ့သို့သော အခက်ခဲဆုံးကျမ်းစာများကို နိဿယပြုစုပေးတော်မူခဲ့သည့်အပြင် ခေတ်နှင့်လျော်ညီ၍ လွယ်ကူတိကျသော မဟာသတိပဋ္ဌာနသုတ်နိဿယ၊ ဝိသုဒ္ဓိမဂ်အဋ္ဌကထာ မြန်မာပြန်များမှ စ၍ နက်နဲသော သုတ္တန်ဟောစဉ်တရားစာအုပ်ပေါင်း ၈၀ ခန့်ကို မူသန့်မူချောရသည်အထိ ကိုယ်တော်တိုင် လက်နှိပ်စက်ရိုက်ကာ ပြုစုတော်မူခဲ့သည်။
ဆရာတော်၏ ဝိနည်းလေးစားရိုသေပုံကိုသာ ကြုံရသူများက ဆရာတော်၏ အစွန်းထင်းမခံသော သီလသိက္ခာကို ဦးညွှတ်ကြသည်။ ဆရာတော်၏ ပရိယတ်အရည်အသွေး အလွန်မြင့်မားပုံကို သိနိုင်စွမ်းရှိသူများက ဆရာတော်၏ နက်နဲထက်သန် ဉာဏ်ပဋိဘာန်ကို အံ့မခန်းချီးကျူးကြသည်။ ဆရာတော်၏ ပဋိပတ်ဂုဏ်ကို ခံယူရသူများက ဆရာတော်၏ သမာဓိ၊ ပညာသိက္ခာတို့ကို အထူးလေးမြတ်ပူဇော်ကြသည်။ အဘက်ဘက်မှ ကြည်ညိုစရာဖြင့် အတိပြီးသော ဗုဒ္ဓသားတော်ကောင်း တစ်ပါးဖြစ်ပေသည်။
ကမ္ဘာပေါ်တွင် စိတ်ပညာရှင်များ၊ စိတ်ဓာတ်လေ့ကျင့်ပြုပြင်ရေးကို လေ့လာသူများအဖို့ “မဟာစည်” ဟူသော အမည်ကို မကြားဖူးသူ ရှိမည်မဟုတ်ပါ။ ဗုဒ္ဓဘာသာကမ္မဋ္ဌာန်းကို စိတ်ဝင်စားသော ကမ္ဘာအရပ်ရပ်မှ သုတေသီတို့သည် “မဟာစည်” ဟူသော အမည်နှင့်တွဲဖက်၍ မြန်မာပြည်ကို သိကြသည်။ ကမ္ဘာတလွှားရှိ အလွန်ထင်ရှားကျော်ကြားသော ပုဂ္ဂိုလ်များ၏ အတ္ထုပ္ပတ္တိအကျဉ်းကို ပြုစုထားသည့် “WHO’S WHO IN THE WORLD” ဟူသော ကမ္ဘာသုံးညွှန်းတမ်းတွင်ပင် မဟာစည်ဆရာတော်၏ Biography အကျဉ်းကို ထည့်သွင်းဖော်ပြထားသည်။ မဟာစည် ဆရာတော်ကြီး၏ နည်းနိဿယျခံ ရိပ်သာခွဲများ ကမ္ဘာအနှံ့အပြားမှာ တည်ရှိသဖြင့် ကမ္ဘာကအသိအမှတ်ပြု ကြည်ညိုကြသော ကမ္ဘာ့သာသနာပြုဆရာတော် ဖြစ်ပေသည်။
၅၈ ဝါပတ်လုံး သာသနာ့အကျိုးကိုသာ တစိုက်မတ်မတ် ဆောင်ရွက်တော်မူခဲ့သော ကမ္ဘာ့သာသနာပြု ကျေးဇူးရှင် မဟာစည်ဆရာတော်ဘုရားကြီးသည်ပင် အသားအသွေးတို့ လွင့်ပျံ၍ အရိုးတော်မျှသာ ကျန်ရစ်သည်မှာ အထူးပင် သံဝေဂယူဖွယ်ရာ ဖြစ်သည်။ ဘုရား၊ ရဟန္တာတို့ပင် မလွန်ဆန်သာသော မရဏတရား၏ ဒဏ်ချက်ကို မျက်နှာကြီးငယ်မရွေး အချိန်အခါ နေရာမရွေး ခံစားရမည်ဖြစ်ကြောင်း မရဏဿတိကို စွဲထင်စွာ ပွားနိုင်ပါသည်။
ဆရာတော်ကြီးများ သက်သေထူပြသွားခဲ့သော မမြဲခြင်းတရားတို့ကို အဖန်ဖန် နှလုံးသွင်းလျက် မိမိကိုယ်ပိုင် ဥစ္စာဖြစ်သော ဒါန၊ သီလ၊ ဘာဝနာကုသိုလ်တရားတို့ကို အထပ်ထပ်ဆည်းပူးကာ သံသရာတွင် ထောက်တည်ရာ ရအောင် ကြိုးပမ်းသင့်လှပေသည်။ အထူးအားဖြင့် ဆရာတော်ကြီး ရေလောင်းပေါင်းသင်ခဲ့သော မြတ်ဗုဒ္ဓ၏ သတိပဋ္ဌာန် ဝိပဿနာတရားကိုလည်း စွမ်းနိုင်သမျှ ပွားများအားထုတ်သင့်ပေသည်။
ဤစာဖြင့် (၁၄)ရက်၊ သြဂုတ်လ၊ ၁၉၈၂ တွင် ပျံလွန်တော်မူခဲ့သော ကမ္ဘာသားတို့ ကျေးဇူးရှင် မဟာစည်ဆရာတော်ဘုရားကြီးအား ရှိခိုးကော်ရော် ပူဇော်ပါသည်။
• မှီငြမ်းစာရင်း
o မဟာစည်ဆရာတော်ကြီး၏ ထေရုပ္ပတ္တိအကျဉ်း ပထမပိုင်း (ဒေါက်တာ သီလာနန္ဒာဘိဝံသ၊ ပါမောက္ခချုပ်ဆရာတော်ဟောင်း)
o မဟာစည် ထေရဝုတ္တန္တဝိလာသိနီ ဒုတိယပိုင်း (ဒေါက်တာ အရှင်ကေလာသ)
o ရွှေမင်းဝံဆရာတော်ကြီးအားဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့မှ လျှောက်ထား မေးမြန်းခချက်
o မဟာစည် ရာပြည့်မော်ကွန်း
(မှတ်ချက် ~ မဟာစည်ဆရာတော်ကြီး၏ အလုပ်အကျွေး ဦးသောဘနလေးမှာ ထိုစဉ်က ရွှေမင်းဝံဆရာတော် မဖြစ်သေးသော်လည်း မဟာစည်ဆရာတော်ကြီး၏ ဘွဲ့အမည်နှင့် တူနေ၍ ရှင်းလင်းသိသာစေရန် ရွှေမင်းဝံဆရာတော်ဟုသာ နာမည်တပ်လိုက်ပါသည်။)
Wai Soe Thein