Sunday, April 11, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

မသေခင် လည်ပတ်သွားသင့်သော ကမ္ဘာ့အလှဆုံးနေရာ ၁၀၀ – အပိုင်း ၁

by Thutamm
November 15, 2019
Reading Time: 3min read
0
မသေခင် လည်ပတ်သွားသင့်သော ကမ္ဘာ့အလှဆုံးနေရာ ၁၀၀ – အပိုင်း ၁
Share on FacebookShare on Twitter

100 Most Beautiful Places To Visit Before You Die

ဒီစာရင်းကိုတော့ The Mysterious World ဝဘ်ဆိုဒ်မှာ ဖော်ပြထားတာဖြစ်ပါတယ်။ သူဖော်ပြထားတဲ့ အလည်အပတ် အသွားသင့်ဆုံးနေရာ ၁၀၀ နေရာက ဘယ်နေရာတွေလဲ ဘယ်မှာရှိတာလဲ သိချင်ရင် တစ်ပုံချင်းစီကြည့်သွားကြပါလို့…

၁ရက်ကို ၁၀နေရာစီ နေရာ ၁၀၀ ပြည့်တဲ့အထိ ပိုစ့်တွေတင်သွားမှာဖြစ်ပါတယ်။

100. Meteora Monasteries, Thessaly, Greece

ဂရိနိုင်ငံအလယ်ပိုင်းက Kalabaka မြို့အနီး ထာဝရဘုရားရဲ့တောင်အဖြစ် လူသိများတဲ့ Mount Athos ပေါ်မှာတော့ Meteora အမည်ရတဲ့ အရှေ့ပိုင်းခရစ်ယာန် ဘုရားကျောင်းတွေ တည်ရှိပါတယ်။ ရပ်သပ်ရှုမောစရာကောင်းတဲ့ ရှေးဗိသုကာလက်ရာတွေ ကြောင့်နာမည် ကျော်ကြားတဲ့ အဲဒီဘုရားကျောင်းတွေ တည်ဆောက်ခဲ့တဲ့ ခုနှစ်ကိုတော့တိတိကျကျ သိရှိခြင်းမရှိခဲ့ပေမဲ့ သမိုင်းပညာရှင်တွေကတော့ (၁၄) ရာစုလောက်ကတည်ဆောက်ခဲ့ တာ ဖြစ်နိုင်တယ်လို့ ဆိုကြပါတယ်။ ဘုရားကျောင်းတွေဟာ ပင်လယ်ရေမျက်နှာပြင်အထက် မီတာ(၄၀၀) နေရာမှာ တည်ရှိနေတာဖြစ်ပြီးမူလကတော့ ဘုရားကျောင်းအရေအတွက် (၂၄)လောက်ရှိခဲ့ပေမဲ့ ယနေ့အချိန်မှာတော့ (၆)ခုသာ ကျန်ရှိပါတော့တယ်။

99. Lake District, England, United Kingdom

Lake District ဆိုတဲ့နေရာကတော့ အင်္ဂလန်နိုင်ငံ အနောက်မြောက်ပိုင်းမှာ တည်ရှိပါတယ်။ စတုရန်းမိုင် ၈၀၀ကျော် ကျယ်ဝန်းတဲ့ ဒီဒေသကို နှစ်စဉ် ကမ္ဘာလှည့်ခရီးသွား ၁၅ သန်းထက်မနည်းလာရောက်နေကြပါတယ်။ ဒီနေရာမှာတော့ တောင်ကုန်းတွေနဲ့ ရောယှက်နေတဲ့ အလွန်လှပတဲ့ရေကန်တွေ ၊ တောအုပ်တွေကို မြင်ရမှာဖြစ်ပါတယ်။

98. Batu Caves, Selangor, Malaysia

ဘာတုလိုဏ်ဂူ(Batu Caves) ဟာ မလေးရှားနိုင်ငံမြို့တော်ကွာလမ်လမ်ပူမြို့နဲ့ ၇မိုင်ခန့် ကွာဝေးပြီး ဆာလန်ဂေါပြည်နယ် Gombak ထုံးကျောက်တောင်မှာတည်ရှိတဲ့ လိုဏ်ဂူအစု ဖြစ်ပါတယ်။ အလွန်လှပတဲ့ သဘာဝဂူတွေနဲ့အတူ ဂူတွေသွားရာ အဝင်ဝမှာတော့ဟိန္ဒူ စစ်နတ်ဘုရားတစ်ပါးဖြစ်တဲ့ Lord Murugan ရုပ်တုကြီးကို တည်ဆောက်ထားပါတယ်။ ရုပ်တုကြီးရဲ့ အမြင့်ပေကတော့ ၁၄၀ပေရှိပြီး မလေးရှားနိုင်ငံက ဟိန္ဒူနတ်ရုပ်တုတွေထဲမှာ အမြင့်ဆုံးနဲ့ ကမ္ဘာပေါ်က ဟိန္ဒူနတ်ရုပ်တုတွေထဲမှာတော့ တတိယအမြင့်ဆုံး ရုပ်တုကြီးဖြစ်ပါတယ်။ မလေးရှားနိုင်ငံက ကမ္ဘာလှည့်ခရီးသွားအလာဆုံးနေရာတစ်ခုဖြစ်ပြီး နှစ်စဉ်ခရီးသွား သန်းနဲ့ချီကာ ဘာတုလိုဏ်ဂူတွေရှိရာကို လာရောက်လည်ပတ်လျှက်ရှိနေပါတယ်။

97. Dark Hedges, Northern Ireland

Game of Thrones လို ကမ္ဘာကျော် ရုပ်ရှင်ဇာတ်လမ်းတွဲ အပြင် အခြားရုပ်ရှင်ပေါင်းများစွာမှာ ထည့်သွင်းရိုက်ကူးခံရတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ မြောက်အိုင်ယာလန် Antrim နယ်မြေရဲ့ Armoy ရွာ နဲ့ Stranocum ရွာကြားမှာ ဒီနေရာဟာ တည်ရှိနေပါတယ်။ အခုမြင်ရတဲ့သစ်ပင်တွေကိုတော့ ၁၇၇၅ ခုနှစ်မှာ James Stuart ဆိုသူက သူ့အိမ်အဝင်လမ်းအတွက် စိုက်ပျိုးခဲ့တာဖြစ်ပါတယ်။ ယခင်က အပင်ပေါင်း ၁၅၀ ကျော်ရှိခဲ့ပေမယ့် ယခုတော့ ၉၀ ဝန်းကျင်လောက်ပဲ ရှိတော့ပါတယ်။ ဒါပေမယ့် ဒီသစ်ပင်စည်းရိုးလမ်းဟာ ကမ္ဘာ့အလှဆုံးလမ်းတွေထဲမှာ ထည့်သွင်းသတ်မှတ်ခံထားရသလို နှစ်စဉ်လူပေါင်းများစွာ လာရောက်လေ့ရှိတဲ့ အထင်ကရ နေရာတစ်ခု ဖြစ်နေဆဲပါ။

96. Sagano Bamboo Forest, Kyoto, Japan

ကမ္ဘာ့အလှဆုံး သစ်တောစာရင်းမှာပါဝင်တဲ့ ဒီဝါးတောဟာ ဂျပန်နိုင်ငံ ကျိုတို(West to Kyoto) အနောက်ပိုင်း အရာရှိရာမ(Arashiyama) ခရိုင်မှာ တည်ရှိပါတယ်။ စတုရန်းမိုင် ၆.၁၇ ခန့်ကျယ်ဝန်းပြီး စိမ်းစိုမြင့်မားတဲ့ ဝါးပင်တွေကြားမှာ လည်ပတ်နိုင်ဖို့အတွက် လျှောက်လမ်းတွေကို ဖန်တီးပေးထားပါတယ်။ ဒီဝါးပင်တွေကြားမှာ လမ်းလျှောက်ရင်း လေတိုက်တဲ့အခါ ဝါးပင်တွေက ထွက်လာတဲ့အသံတွေဟာ ထူးခြားတဲ့သဘာဝဂီတ တစ်မျိုးလို့ ရောက်ဖူးသူတွေက ဆိုကြပါတယ်။ ဂျပန်အထင်ကရ နေရာ ၁၀၀ စာရင်းမှာ ထည့်သွင်းသတ်မှတ်ခံထားရတဲ့ နေရာလည်းဖြစ်ပါတယ်။

95. Huacachina, Ica, Peru

ဒီနေရာလေးကတော့ ပီရူးနိုင်ငံတောင်ပိုင်းမှာ ရှိတဲ့ Huacachina ဆိုတဲ့ရွာလေးဖြစ်ပါတယ်။ ထူးခြားမူကတော့ သဲကန္တာရလိုနေရာမျိုးမှာ စိမ်းစိုလန်းဆန်းနေတဲ့ နေရာ ဖြစ်တာပါပဲ။ အမြဲတမ်းနေထိုင်သူ ၁၀၀ခန့်သာ ရှိပေမယ့် ခရီးသွား ထောင်ပေါင်းများစွာကတော့ နှစ်စဉ်လာလေ့ရှိပါတယ်။ စိမ်းပြာရောင်ရေကန် ပတ်လည်မှာ အပန်းဖြေစခန်းများ ၊ စားသောက်ဆိုင်များရှိပြီး အလွန်သာယာတဲ့ ဒီနေရာကို အမေရိကရဲ့ အိုအေစစ်လို့ တင်စားခေါ်ဝေါ်ကြပါတယ်။

94. Ik Kil Cenote, Yucatan, Mexico

မက္ကဆီကိုနိုင်ငံ Yucatan ကျွန်းဆွယ်ဒေသမှာတည်ရှိတဲ့ သဘာဝရေကန်တစ်ခုဖြစ်ပါတယ်။ အလွန်လှပတဲ့ နေရာတစ်ခုဖြစ်တာကြောင့် ဒီနေရာကို ကောင်းကင်ဘုံကအလှတရားလို့တောင် တင်စားကြပါတယ်။ ဒီနေရာဟာ ကမ္ဘာ့အထင်ကရလူမျိုးတစ်မျိုးဖြစ်တဲ့ မာယာလူမျိုးတွေနဲ့ ဆက်နွယ်နေတဲ့နေရာဖြစ်ပြီး မာယာလူမျိုးတွေဟာ သူတို့ရှိစဉ်အချိန်ကတည်းက ဒီနေရာကို အပန်းဖြေရာနေရာတစ်ခု အဖြစ်အသုံးပြုခဲ့တာဖြစ်ပါတယ်။ အချင်းပေ ၂၀၀ ခန့်ကျယ်ဝန်းတဲ့ ဒီရေကန်ဟာ ရေပြင်ကနေ မြေပြင်အထိကို ၈၅ပေခန့်ရှိပြီး ရေကန်အနက်ကတော့ ၁၃၀ပေ ခန့်ရှိပါတယ်။ နွယ်ပင်တွေနဲ့အတူ အလွန်လှပတဲ့ဒီရေကန်ကို ကမ္ဘာလှည့်ခရီးသွားတွေအတွက် ရေကူး ၊ ရေငုပ်ဖို့ ဖွင့်လှစ်ပေးထားတာကြောင့် အမြဲခရီးသွားတွေနဲ့ ပြည့်နေတတ်တဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။

93. Sutherland Falls, Southwest New Zealand

ဒီရေတံခွန်ကတော့ နယူးဇီလန်နိုင်ငံရဲ့ တောင်ပိုင်းကျွန်း Milford Sound ပေါ်က Fiordland အမျိုးသားဥယျာဉ်ထဲမှာ တည်ရှိနေပါတယ်။ ၁၉၀၄ပေ မြင့်မားပြီး နယူးဇီလန်နိုင်ငံရဲ့ အမြင့်ဆုံးရေတံခွန်တစ်ခုလည်းဖြစ်ပါတယ်။ အလွန်လှပပေပေမယ့် ပတ်ဝန်းကျင်တစ်ခုလုံးမှာ နက်ရှိုင်းတဲ့နေရာတွေနဲ့ ပြည့်နှက်နေတာကြောင့် စွန့်စားလိုစိတ်ရှိတဲ့ ခရီးသွားတွေသာ လာရောက်လည်ပတ်လေ့ရှိတဲ့ နေရာလည်းဖြစ်ပါတယ်။

92. Laguna Verde, Altiplano, Bolivia

အလွန်လှပတဲ့ ရေကန်တစ်ခုဖြစ်ပြီး ဘိုလီးဗီးယားနိုင်ငံ Altiplano ဒေသရဲ့ အနောက်တောင်ပိုင်းမှာ တည်ရှိပါတယ်။ ဒီရေကန်ဟာ ပင်လယ်ရေမြက်နှာပြင်အထက် အမြင့်ပေ ၁၄၁၀၀ မှာတည်ရှိနေတာဖြစ်ပါတယ်။ သူ့ကို ဘိုလီးဗီးယားရဲ့နာမည်ကျော် Licancabur မီးတောင် နဲ့ အခြားတောင်တန်းတွေက ဝန်းရံထားပါတယ်။ တောက်တက် ခရီးကြမ်းလမ်းလျှောက်ရတာကို နှစ်သက်တဲ့သူတွေ အလွန်သဘောကျတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။ ဒီရေကန်ရဲ့ ရေတွေဟာ အမြဲစိမ်းနေပြီး ဘေးမှာ တောင်ကုန်းတွေဝန်းရံထားတာကြောင့် ထူးခြားလှပတဲ့သဘာ၀ မြင်ကွင်းတစ်ခုဖြစ်နေပါတယ်။

91 . Tiger’s Nest Monastery, Paro Valley, Bhutan

ဘူတန်နိုင်ငံရဲ့ အမှတ်အသားတစ်ခုဖြစ်တဲ့ ဒီ တိဘက်ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းကတော့ ဘူတန်နိုင်ငံ ပါရိုတောင်ကြားဒေသမှာ တည်ရှိပါတယ်။ ဒီဘုန်းကြီးကျောင်းရဲ့နာမည်က တက်ဆန်ဘုန်းကြီးကျောင်း(Taktsang Monastery) ဖြစ်ပေမယ့် ဒဏ္ဍာရီအရ ကျားသိုက်လို့လည်း ခေါ်ကြပါတယ်။ အမြင့်ပေ ၃၀၀၀ ရှိတဲ့ ချောက်ကမ်းပါးအစွန်းမှာရှိတဲ့ ဒီဘုန်းကြီးကျောင်းကို ၁၉၆၂ ခုနှစ်က စတင်တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ ဒီဘုန်းကြီးကျောင်းရှိရာနေရာကို သွားမယ်ဆိုရင်တော့ တောင်ခြေကားရပ်နား စခန်းမှ နှစ်နာရီကျော်သုံးနာရီမျှ တောင်ပေါ်သို့တက်ကြရမှာ ဖြစ်ပါတယ်။

90. Verdon Gorge, Southeastern France

Verdon Gorge ကတော့ ပြင်သစ်နိုင်ငံတောင်ပိုင်း မှာရှိတဲ့တောင်ကြားဒေသဖြစ်ပြီး စိမ်းပြာရောင် Verdon မြစ်ကြီးနဲ့အတူ အလွန်ထင်ရှားတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ ဒီနေရာဟာ ဥရောပရဲ့ အလှဆုံးတောင်ကြားအဖြစ် သတ်မှတ်ခံထားရတဲ့ နေရာလည်းဖြစ်ပါတယ်။ ဒီတောင်ကြားဒေသဟာ ၂၅ကီလိုမီတာရှည်လျားပြီး ၇၀၀မီတာ နက်ပါတယ်။ အလွန်လှပတဲ့ ဒီစိမ်းပြာရောင်မြစ်ကြီးထဲမှာ ရေကူးခြင်း ၊ လှေလှော်ခြင်း ၊ ရေလွှာလျောစီးခြင်း စတာတွေကို လာရောက်လည်ပတ်သူတွေ အလွန်နှစ်သက်လေ့ရှိပါတယ်။

89. Socotra Island, Yemen

ဂြိုဟ်သားကျွန်းလို့ လူသိများတဲ့ Socotra ကျွန်းဟာ ယီမင်နိုင်ငံပိုင်ကျွန်းဖြစ်ပြီး အိန္ဒိယ သမုဒ္ဒရာထဲမှာ တည်ရှိပါတယ်။ ဂြိုဟ်သားကျွန်းလို့ ခေါ်ရခြင်းကတော့ ကမ္ဘာပေါ်က ဘယ်နေရာမှမှ မမြင်ရနိုင်တဲ့ မြင်ကွင်းတွေကို ဒီနေရာမှာ ပဲမြင်ရလို့ဖြစ်ပါတယ်။ အကျယ်အဝန်းအနေနဲ့ အလျား ၈၂မိုင် အနံ ၃၁မိုင်ရှိပါတယ်။ ဒီနေရာမှာပေါက်တဲ့ အပင်များကလည်း အလွန်ထူးဆန်းပြီး ဘယ်နေရာမှ မှမပေါက်ပါဘူး။

လွန်ခဲ့တဲ့နှစ်ပေါင်း ၆သန်း ၇သန်း ဝန်းကျင်က ဒီကျွန်းဟာ အာဖရိက ကုန်းမြေကနေ ကွဲထွက်လာတာ လို့ ဆိုကြပါတယ်။ ဒီကျွန်းမှာ အပင်ရှားပါး မျိုးစိတ်ပေါင်း ၇၀၀ကျော်ခန့် ရှိပါတယ်။ အပင်အားလုံးရဲ့ ၃ပုံ ၁ပုံ ဟာ အပူဒဏ်ကိုခံနိုင်ပြီး ရှင်သန်ဖို့အတွက် ရေစုပ်ယူမှု သိပ်မလိုတဲ့အပင်တွေဖြစ်ပါတယ်။ ထင်ရှားတဲ့အပင်တွေကတော့နဂါးသွေးပင်တွေဖြစ်ပါတယ်။

အပင်တွေတင် မကပဲ ငှက်မျိုးစိတ်များလည်း ၁၄၀ ခန့်ရှိပြီး ဒီအထဲက ၁၀မျိုးလောက်ဟာ တခြားဘယ်နေရာမှ မရှိတဲ့ငှက်အမျိုးအစားတွေဖြစ်ပါတယ်။ ဒီကျွန်းမှာနေထိုင်သူကတော့ ၄၀၀၀၀ ခန့်ရှိပြီး UNESCO က ကမ္ဘာ့အမွေအနှစ်ကျွန်းအဖြစ် သတ်မှတ်ထားခြင်းခံထားရတဲ့ ကျွန်းလည်းဖြစ်ပါတယ်။ ထူးဆန်းတဲ့မြင်ကွင်းတွေကိုစိတ်ဝင်စားတဲ့သူတွေကတော့ ဒီကျွန်းကို မရောက်ရောက်အောင် သွားလေ့ရှိကြပါတယ်။

88. Saint Lucia

စိန့်လူစီယာကတော့ ကာရစ်ဘီယံပင်လယ်ထဲမှာတည်ရှိတဲ့ ကျွန်းစုနိုင်ငံငယ်လေးဖြစ်ပါတယ်။ ဗြိတိသျှတို့ရဲ့လက်အောက်ခံဖြစ်ခဲ့တဲ့ဒီကျွန်းဟာ သူ့ရဲ့ပတ်ဝန်းကျင်သဘာဝအလှအပတွေ နဲ့ သမိုင်းမှတ်တမ်းတွေကြောင့် ထင်ရှားပါတယ်။ မီးတောင်တွေရှိခဲ့တဲ့ ဒီနေရာဟာ တောင်ကလပ်ပေါင်းများစွာကို ပိုင်ဆိုင်ထားပြီး အဓိကတောင်ကလပ်နှစ်ခုကတော့ အမြင့်ပေ ၂၆၁၉ပေရှိ Gros Piton တောင်ကလပ် နဲ့ အမြင့်ပေ ၂၄၃၈ပေရှိတဲ့ Petit Piton တောင်ကလပ်တွေဖြစ်ပါတယ်။

ဒါအပြင် အလွန်လှပတဲ့ ရေအောက်သက်ရှိတို့ရဲ့ အလှအပမြင်ကွင်းတွေဟာ ဒီကျွန်းအနီးမှာရှိနေတာကြောင့် ဒီကျွန်းမှာ တောင်တက်ခြင်း အပြင် ၊ ရေငုပ်ကာ သဘာဝအလှအပကြည့်ရှု့ခြင်း တို့ကို ပြုလုပ်နိုင်ပါတယ်။ ကြည်စိမ်းနေတဲ့ရေအပြင် လှပတဲ့ သန္တာကျောက်တန်းတွေကြောင့် ဒီကျွန်းရဲ့Marigot ပင်လယ်အော်ဟာ ကမ္ဘာ့အလှပဆုံး ပင်လယ်အော်တစ်ခုအဖြစ် သတ်မှတ်ခံထားရပါတယ်။

87. Keukenhof, Lisse, Netherlands

Keukenhof ကတော့ ကမ္ဘာ့အကြီးဆုံး ဥယျာဉ်တစ်ခုဖြစ်ပြီး နယ်သာလန် နိုင်ငံ၊South Holland ပြည်နယ် Lisse မြို့မှာတည်ရှိပါတယ်။ Keukenhof ဆိုတာ ကတော့ အင်္ဂလိပ်ဘာသာနဲ့ Kitchen Garden လို့အဓိပ္ပါယ်ရပြီး နှစ်စဉ်အရောင်အသွေး စုံလင်တဲ့ပန်းမျိုးပင် (၇)သန်းနီးပါး ဖူးပွင့်ကြပါတယ်။ Keukenhof ပန်းဥယျဉ်ရဲ့ အကျယ် အဝန်းကတော့ ၃၂ hectares (၇၉ ဧက)လောက်ကျယ်ဝန်းပြီး နယ်သာလန်နိုင်ငံမှာ တော့ အလှပဆုံးနဲ့အကျယ်ဆုံး ရုက္ခဗေဒပန်းဥယျာဉ်ကြီး ဖြစ်ပါတယ်။

Keukenhof ရုက္ခဗေဒ ပန်းဥယျာဉ်ဟာ ဥယျာဉ်ပတ်လမ်းနဲ့ခင်းကျင်းပြသ ထားတဲ့ပန်း မျိုးစိတ်တွေရဲ့ ဒီဇိုင်းတွေကအစ အခြားသောနာမည်ကျော်ပန်းဥယျာဉ်တွေနဲ့ ကွဲပြားမှုအတော်တော်များများရှိနေတာကိုလည်းတွေ့ရှိရပါတယ်။ ယင်းအချက်တွေအနက်မှာတော့ Keukenhof ဥယျာဉ်ရဲ့ပတ်လမ်းဟာ(၉.၃)မိုင်လောက် ရှည်လျားတယ်ဆိုတဲ့ အချက်လည်း ပါဝင်ပြီး ဥယျာဉ်အတွင်းမှာတော့ အများစီးစက်တပ်ယာဉ်ငယ်တွေ ပြေးဆွဲပေးလေ့ရှိပါတယ်။ နာမည်ကျော်သမိုင်းဝင်ဥယျာဉ်အတော်များများကအလုံပိတ်တွေဖြစ်ပြီး များစွာသော ပန်းခင်းတွေကိုတည်နေရာအလိုက်ခင်းကျင်းပြသထားလေ့ရှိပါတယ်။ နှစ်စဉ်လူသန်းနဲ့ချီကာ လာရောက်လည်ပတ်ကြတဲ့ ဥယျာဉ်ကြီးလည်း ဖြစ်ပါတယ်။

86. Faroe Islands

ဖာရိုးကျွန်းစုကတော့ မြောက်အတ္တလန္တိတ်သမုဒ္ဒရာပိုင်းမှာရှိနေပြီး ဒိန်းမတ်ရဲ့ပိုင်နက်နယ်မြေတစ်ခုလည်းဖြစ်ပါတယ်။ ကျွန်းပေါင်း ၁၈ကျွန်းနဲ့ ပါဝင်ဖွဲ့စည်းထားပြီး ဧရိယာစတုရန်းမိုင် ၅၄၀ ခန့်သာ ကျယ်ဝန်းပါတယ်။ အလွန်လှပတဲ့ Fjordတွေ ၊ တောင်ကုန်းတွေ နဲ့ စိမ်းလန်းတဲ့တောအုပ်တွေ ပေါတဲ့နေရာဖြစ်ပါတယ်။ Fjord ဆိုတာကတော့ ပင်လယ်ရေဟာ ကုန်းတွင်းပိုင်းနေရာအထဲထိ ရှည်လျားစွာ ထိုးဝင်နေတဲ့နေရာကို ဆိုလိုတာပါ။ သစ်သားအိမ်လေးတွေနဲ့ ဖွဲ့စည်းထားတဲ့ အေးချမ်းလှပသော ရွာငယ်ပေါင်းများစွာဟာ ဒီကျွန်းစုမှာ ရှိနေပြီး ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင်လျက်ရှိပါတယ်။

85. Perito Moreno Glacier, Santa Cruz Province, Argentina

အာဂျင်တီးနားနိုင်ငံ ဆန်တာခရုပြည်နယ်အနောက်တောင်ပိုင်းမှာရှိတဲ့ Perito Moreno ရေခဲမြစ်ဟာ တောင်အမေရိကရဲ့ အလှပဆုံးရေခဲမြစ်အဖြစ် ကျော်ကြားပါတယ်။ ဒီရေခဲမြစ်ဟာ အလျား ၁၉ မိုင် အနံ ၃မိုင် နဲ့ ၅၅၀ပေ အနက်ရှိပါတယ်။ ဒီရေခဲမြစ်ရှိရာကို လှေသင်္ဘောတွေနဲ့ သွားနိုင်သလို ရဟတ်ယာဉ်တွေနဲ့လည်း သွားလို့ရပါတယ်။ ဒီရေခဲမြစ်ဟာ အာဂျင်တီးနားရဲ့ ကမ္ဘာလှည့်ခရီးသွား အလာဆုံးနေရာတစ်ခုလည်းဖြစ်ပါတယ်။

84. Freudenberg, North Rhine-Westphalia, Germany

Freudenberg ကတော့ ဂျာမနီနိုင်ငံ North Rhine-Westphalia ပြည်နယ်မှာတည်ရှိတဲ့ ရွာသာသာ မြို့ငယ်လေးတစ်ခုဖြစ်ပါတယ်။ ဥရောပရဲ့ အလှဆုံးရွာတွေစာရင်းမှာ ပါဝင်တဲ့ရွာလည်းဖြစ်ပါတယ်။ သူ့ရဲ့ထင်ရှားတဲ့အချက်ကတော့ လှပတဲ့ တောင်တန်းဒေသမှာရှိနေတာအပြင် တည်ဆောက်ထားတဲ့ အိမ်တွေဟာ အရွယ်အစားတူ ၊ ပုံစံတူ ၊ အရောင်အသွေးအတူတူ ဖြစ်နေတာကြောင့်ပါ။ လာရောက်လည်ပတ်သူတွေကတော့ ဒီရွာမှာ ရေကူးခြင်း ၊ တောင်တက် ၊ ငါးဖမ်း ၊ မြင်းစီး စတာတွေကို ပြုလုပ်လေ့ရှိပါတယ်။

83. Tasiilaq, East Greenland

Tasiilaq ကတော့ ဂရင်းလန်ကျွန်းရဲ့အရှေ့ပိုင်းမှာတည်ရှိတဲ့ မြို့ငယ်လေးတစ်ခုဖြစ်ပါတယ်။ ဂရင်းလန်ရဲ့ ၇ခုမြောက် အကြီးဆုံးမြို့ဖြစ်ပေမယ့် လူဦးရေကတော့ ၂ထောင်ခန့်ပဲ နေထိုင်ပါတယ်။ ဒီမြို့လေးရဲ့ဘေးမှာတော့ အေးခဲလုမတတ်ရေတွေနဲ့ Fjord တစ်ခုရှိနေပြီး သူ့ရဲ့ဘေးမှာတော့ နှင်းဖုံးနေတဲ့ တောင်ကုန်းတွေ ရှိနေပါတယ်။ မြင်လိုက်တာနဲ့ အလွန်လှပအေးချမ်းတဲ့မြို့ငယ်တစ်ခုလို့ ခံစားရမှာဖြစ်ပြီး လှပတဲ့ သစ်သားအိမ်လေးတွေနဲ့အတူ အနီးမှာ Mittivakkat ရေခဲပြင်ရှိနေတာကလည်း ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင်လျက်ရှိနေပြန်ပါတယ်။

82. Neelum Valley, Pakistan

ပါကစ္စတန်နိုင်ငံ Azad Kashmir နယ်မြေမှာတည်ရှိတဲ့ တောင်ကြားတစ်ခုဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင်အထက်အမြင့်ပေ ၂၀၀၀ မှာရှိနေတဲ့ ဒီတောင်ကြားဟာ အရှည် ၁၅၀မိုင်ခန့် ရှိပါတယ်။ တောင်ကြားတလျှောက်မှာတော့ Neelum မြစ်ဟာ စီးဆင်းနေပြီး မြစ်ရဲ့ဘေးတလျှောက်မှာတော့ ရွာတွေတည်ပြီး နေထိုင်ကြပါတယ်။ ဒါအပြင် ဒီတောင်ကြားဒေသမှာ စိမ်းစိုနေတဲ့ တောအုပ်တွေ ၊ ရေတံခွန်တွေ ၊ ရေကန်တွေ နဲ့ စမ်းချောင်းတွေ ရှိနေတာကြောင့် ထူးခြားလှပတဲ့နေရာတစ်ခုအဖြစ် ခရီးသွားတွေ သွားရောက်လည်ပတ်ကြခြင်း ဖြစ်ပါတယ်။

81. Reine ,Lofoten, Norway

Reine ကတော့ နော်ဝေနိုင်ငံရဲ့ ရွာလေးတစ်ရွာဖြစ်ပြီး Lofoten ကျွန်းစု Nordland ဒေသထဲမှာ တည်ရှိပါတယ်။ ငါးဖမ်းရွာလေးတစ်ရွာဖြစ်ပြီး လူဦးရေ အားဖြင့်လည်း ၃၀၀ ခန့်သာ နေထိုင်ပါတယ်။ ဒါပေမယ့် ဒီရွာငယ်လေးကို နှစ်စဉ်ကမ္ဘာလှည့်ခရီးသွား ထောင်ပေါင်းများစွာ လာရောက်လည်ပတ်လေ့ရှိပါတယ်။ ဒီလိုလာရောက်လေ့ရှိတဲ့ အကြောင်းအရင်းကတော့ ဒီရွာငယ်လေးဟာ လှပပြီး နှင်းဖုံးနေတဲ့ ကျွန်းတောင်ကုန်းတွေ နဲ့ ရေပြင်အကြားမှာ တည်ရှိနေပြီး နော်ဝေရဲ့ အလှဆုံးကျေးရွာတစ်ခုဖြစ်နေလို့ပါ။ ဒါအပြင် သဘာဝရဲ့ ရှားရှားပါးပါး အလှတရားတစ်ခုဖြစ်တဲ့ မြောက်ဥတ္တရ ရောင်စုံအလင်းတန်းတွေကို ဒီရွာလေးကနေ မြင်နိုင်လို့ ဖြစ်ပါတယ်။

80. Matterhorn, Switzerland-Italy Border

မက်တာဟွန်းတောင်ကတော့ ဆွစ်ဇာလန် နဲ့ အီတလီနယ်စပ်မျဉ်းပေါ်မှာ တည်ရှိနေတဲ့တောင်ဖြစ်ပြီး Alps တောင်တန်းတွေထဲမှာတော့ အမြင့်ဆုံးတောင်တစ်တောင် ဖြစ်ပါတယ်။ ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၁၄၆၉၂ပေ မြင့်မားပြီး Alps တောင်တန်းတွေထဲက အမြင့်ဆုံး နဲ့ အလှပဆုံးတောင်တွေ စာရင်းမှာပါဝင်ပါတယ်။

အလွန်လှပတာကြောင့် ကမ္ဘာပေါ်မှာ ဓာတ်ပုံအရိုက်ခံရဆုံးတောင်ဖြစ်ပြီး ဒီနေရာကို ဆွစ်ဇာလန်ဘက်ကနေဆိုရင် Zermatt မြို့ကနေ လာရမှာဖြစ်ပြီး အီတလီဘက်က ဆိုရင်တော့ Cervinia Valtournenche ကနေ လာရမှာဖြစ်ပါတယ်။

မတ်စောက်လွန်းတာကြောင့် အထူးကျွမ်းကျင်တဲ့တောင်တက်သမားတွေပဲ တောင်ပေါ်ကို တက်ရောက်နိုင်ပါတယ်။ ဒါပေမယ့် အမြင့်ပေ ၁၂၅၀၀ အထိကိုတော့ သာမန်လူတွေလည်း တက်လို့ရအောင် ကေဘယ်ကားတွေ တပ်ဆင်ထားပါတယ်။ ဥရောပရဲ့အမြင့်ဆုံးကေဘယ်ကားတွေပေါ်ကနေ မက်တာဟွန်းတောင်နဲ့အတူ အလွန်လှပတဲ့ ပတ်ဝန်းကျင်မြင်ကွင်းကို ကြည့်ရှု့နိုင်မှာဖြစ်ပါတယ်။

79. Rice Terraces of Vietnam

ဗီယက်နမ်ကိုရောက်တဲ့အခါ စပါးခင်းတွေကို သွားမလည်ခဲ့ဘူးဆိုရင် မပြည့်စုံဘူးလို့ ဆိုကြပါတယ်။ ဒီလိုဆိုရအောင်လည်း လှေကားအထစ်ထစ်နဲ့ စိမ်းဝါရောင်သန်းနေတဲ့ စပါးစိုက်ခင်းတွေဟာ အလွန်ပဲ လှပပါတယ်။ ဗီယက်နမ်မှာ လှေကားထစ်စပါးခင်းများစွာ ရှိပေမယ့် ထင်ရှားတဲ့ နေရာ ၃ခုကတော့ Hoang Su Phi, Mu Cang Chai နဲ့ Sapa တို့ပဲဖြစ်ပါတယ်။ ဒီစပါးခင်းတွေဟာ ဗီယက်နမ်ကနေ ကမ္ဘာလှည့်ခရီးသွားတွေကို အထူးဆွဲဆောင်ထားတဲ့ နေရာတွေဖြစ်ပါတယ်။

78. Beachy Head, England, United Kingdom

Beachy Head ကတော့ အင်္ဂလန်နိုင်ငံက Sussex အရှေ့ပိုင်းနယ်မှာတည်ရှိတဲ့ ထုံးကျောက်အငူတစ်ခုဖြစ်ပါတယ်။ ဒီနေရာကို အပေါ်ဘက်က ကြည့်တဲ့အခါ အစိမ်းရောင်ဖြစ်နေပေမယ့် ပင်လယ်ဘက်ကကြည့်တဲ့အခါ ဖြူဖွေးလှပနေတဲ့ ကမ်းပါးယံကို မြင်ရမှာဖြစ်ပါတယ်။ ကမ်းပါးဟာ ၅၃၀ပေ မြင့်မားပြီး အင်္ဂလန်ရဲ့အကျော်ကြားဆုံးနေရာတွေထဲက တစ်ခုဖြစ်ပါတယ်။ ခရီးသွားတွေဟာ ဒီနေရာကိုလာပြီး ချောက်ကမ်းပါး ၊ ပင်လယ်အလှအပနဲ့အတူ နေဝင်သွားတာကို တကူးတက ကြည့်ရှု့လေ့ရှိပါတယ်။ အနီးနားမှာတော့ ၁၄၁ပေမြင့်တဲ့ အနီ နဲ့ အဖြူစင်းခြယ်ထားတဲ့ မီးပြတိုက်တစ်ခုရှိနေကာ ဒီနေရာဟာ ရုပ်သံအစီအစဉ်တွေထဲမှာ မကြာခဏဖော်ပြခြင်းလည်းခံရပါတယ်။

77. Cape Town, South Africa

ကိပ်တောင်းကတော့ တောင်အာဖရိကတိုက်ရဲ့ တောင်ဘက်အကျဆုံးမြို့တော်ဖြစ်သလို တောင်အာဖရိကနိုင်ငံရဲ့ မြို့တော်(ဥပဒေပြု) တစ်ခုလည်း ဖြစ်ပါတယ်။ အနီးမှာတော့ ကျော်ကြားတဲ့ Good Hope အငူရှိနေပြီး တောင်အာဖရိကရဲ့ အလှဆုံးမြို့တစ်မြို့အဖြစ်လည်း သတ်မှတ်ခံထားရပါတယ်။ မြို့ရဲ့ကပ်လျက်မှာ စားပွဲခုံကိုဖြန့်ခင်းထားသလို ပုံသဏ္ဍာန်ဖြစ်နေတဲ့ စားပွဲခုံတောင်ကလည်း ဒီမြို့ကို ပိုလှအောင်ဖန်တီးပေးထားသလိုပါပဲ။ အာဖရိကက ဖြစ်ပေမယ့် အလွန်ခေတ်မီတဲ့မြို့ဖြစ်သလို စိမ်းစိုလန်းဆန်းနေတဲ့ ရုက္ခဗေဒဥယျာဉ်တွေလည်း ရှိနေပြန်ပါတယ်။

76. Easter Island, Chile

အီစတာကျွန်းလို့ ဆိုလိုက်တာနဲ့ အရင်ဆုံးပြေးမြင်မိကြမှာကတော့ မွိုင် လို့ခေါ်တဲ့ ရုပ်တုကြီးတွေဖြစ်ပါတယ်။ ချီလီပိုင်ကျွန်းတစ်ခုဖြစ်ပြီး ပစိဖိတ်သမုဒ္ဓရာအတွင်းမှာရှိနေကာ အခြားမြို့တွေနဲ့ ကွာဝေးလှတာကြောင့် အလွန်အထီးကျန်တဲ့ ကျွန်းလည်းဖြစ်ပါတယ်။ ကမ္ဘာမြေရဲ့ချက်လို့ တင်စားခေါ်ဝေါ်ခံရတဲ့ ဒီကျွန်းပေါ်မှာ ၈ပေကနေ ၃၂ပေ အမြင့်ရှိတဲ့ ရုပ်တုကြီးပေါင်း ၈၈၇ ခုဟာ ဒီကျွန်းပေါ်မှာ ရှိနေပါတယ်။

ဒီရုပ်တုကြီးတွေကို အေဒီ ၁၅၀၀ ဝန်းကျင်ကတည်းက ဘယ်သူတွေက ဘယ်လိုရည်ရွယ်ချက်တွေနဲ့ မည်ကဲ့သို့ ထုလုပ်ခဲ့သလဲဆိုတာကိုတော့ အဖြေရှာလို့မရပါဘူး။ ဒီရုပ်တုကြီးတွေကြောင့်ပဲ ကမ္ဘာလှည့်ခရီးသွားတွေဟာ ဒီကျွန်းကို တကူးတကသွားရောက်ကြသလို ဒီကျွန်းပေါ်ကနေကြည့်ရင် ၃၆၀ ဒီဂရီလုံးဟာ ပစိဖိတ်သမုဒ္ဒရာဖြစ်နေမှာပါ။ ဒီကိုလာလည်တဲ့ ခရီးသွားတွေဟာ ရေလွှာလျှောစီးခြင်း ၊ ရေကူးရေငုပ်ခြင်း နဲ့ ပင်လယ်ရေအောက်က လှပတဲ့ သဘာဝရှု့ခင်းတွေကိုကြည့်ရှု့ခြင်းစတာတွေကို လုပ်ဆောင်နိုင်ပါတယ်။ ဒီကျွန်းဟာလည်း ၁၉၉၅ခုနှစ်ကတည်းက ယူနက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ်နေရာတစ်ခု အဖြစ် သတ်မှတ်ခံထားရပါတယ်။

75. Tulip Fields of Netherlands

နယ်သာလန်နိုင်ငံကနေ ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင်တဲ့နေရာမှာ ရှည်လျားကျယ်ပြန့်ပြီး ရောင်စုံလှပနေတဲ့ ဧရာမ Tulip ပန်းခင်းကြီးတွေဟာလည်း တစိတ်တပိုင်း ပါဝင်နေပါတယ်။ နယ်သာလန်မှာ ကျူးလစ်ပန်းခင်းကြီးတွေ အများဆုံးရှိတဲ့နေရာကတော့ Flevoland ပြည်နယ် Noordoostpolder ဒေသမှာ ဖြစ်ပါတယ်။

ဒါအပြင် Lisse မြို့က ဥရောပအကြီးဆုံးပန်ဥယျာဉ်ကြီးဖြစ်တဲ့ Keukenhof Garden ရဲ့ အပြင်ဘက်မှာလည်း ကျူးလစ်ပန်းခင်းကြီးတွေ ရှိနေပါတယ်။ ကျူးလစ်ပန်းတွေပွင့်တဲ့ရာသီဟာ မတ်လလယ်ကနေ မေလကုန်ခါနီးအထိဖြစ်ပါတယ်။ ကမ္ဘာလှည့်ခရီးသွားတွေကတော့ ကျူးလစ်ပန်းခင်းကြီးတွေကို ကြည့်ဖို့ ဧပြီလမှာ အများဆုံးလာရောက်လေ့ရှိကြပါတယ်။

74. Maranhenses National Park, Maranhao, Brazil

ဒီနေရာကတော့ ဘရာဇီးနိုင်ငံ အရှေ့မြောက်ပိုင်း Maranhao ပြည်နယ် မှာ ရှိတဲ့ Maranhenses အမျိုးသားဥယျာဉ်နယ်မြေဖြစ်ပါတယ်။ အတလန္တိတ်သမုဒ္ဒရာနဲ့ကပ်လျက်ရှိနေတဲ့ ဒီနေရာဟာ ဥယျာဉ်လို့ ဆိုပေမယ့် ဒီနေရာမှာ ပန်းပင်တွေ ၊ သစ်တောတွေမရှိပဲ ကန္တာရပဲ ရှိပါတယ်။ ဒါပေမယ့် ပုံမှန်ကန္တာရတွေလို ပူပြင်းကြမ်းတမ်းတဲ့ ကန္တာရမဟုတ်ပဲ ဖြူလွှလွှသဲတွေနဲ့ ဖွဲ့စည်းထားတဲ့ ကန္တာရဖြစ်ပါတယ်။

အဲဒီထက်ပိုထူးခြားတာကတော့ ဒီအဖြူရောင် ကန္တာရထဲမှာ ကြည်လင်တဲ့ ရေကန်ကြီးငယ်တွေ ရှိနေတာပါ။ ဒါကြောင့်လည်း ဒီနေရာဟာ ခရီးသွားတွေ နှစ်သက်တဲ့နေရာဖြစ်ပြီး အဲဒီနေရာမှာ ရေကူးခြင်း ၊ ကနူးလှေစီးခြင်း ၊ မြင်းစီးခြင်း စတာတွေကို လုပ်ဆောင်လေ့ရှိကြပါတယ်။ တစ်နှစ်ကို ခရီးသွား ၆သောင်းထက်မနည်း ဒီနေရာကို လာရောက်လည်ပတ်လေ့ ရှိကြပါတယ်။

73. Providenciales, Turks and Caicos Islands

Turks and Caicos ကျွန်းစုဟာ မြောက်အမေရိကတိုက်နဲ့ တောင်အမေရိကတိုက်ကြားက အတ္တလန္တိတ်သမုဒ္ဒရာထဲမှာရှိနေပြီး ဗြိတိသျှတို့ရဲ့ပင်လယ်ရပ်ခြားပိုင်နက် နယ်မြေဖြစ်ပါတယ်။ ဒီကျွန်းစုတွေထဲမှာ အလှဆုံးလို့ သတ်မှတ်ခံထားရတဲ့ကျွန်းကတော့ Providenciales ကျွန်းဖြစ်ပါတယ်။ စတုရန်းမိုင် ၃၈မိုင် သာကျယ်ဝန်းတဲ့ ဒီကျွန်းပေါ်မှာ နေထိုင်သူ လူဦးရေ ၂သောင်းကျော်ရှိပါတယ်။

ဒီကျွန်းကို ကမ္ဘာလှည့်ခရီးသွားတွေ လာရောက်လေ့ရှိတဲ့အကြောင်းကတော့ ရှည်လျား လှပလွန်းတဲ့ ကမ်းခြေတွေကို ပိုင်ဆိုင်ထားတဲ့အပြင် သဘာဝအတိုင်း ရှိနေဆဲ သန္တာကျောက်တန်းတွေက ဒီကျွန်းကို ဝန်းရံထားလို့ဖြစ်ပါတယ်။ ကျွန်းငယ်လေးဖြစ်ပေမယ့် လာရောက်အပန်းဖြေသူတွေအတွက် အဆင့်မြင့်ဟော်တယ်ပေါင်းများစွာ ရှိနေသလို Providenciales နိုင်ငံတကာ လေဆိပ်ကြီးကိုလည်း ဖွင့်လှစ်ထားပေးပါတယ်။

72. Mount Rushmore National Park, South Dakota, United States

ရပ်ရှ်မိုးတောင် (Mount Rushmore) ဆိုတာ အမေရိကန်က ကမ္ဘာကျော်နေရာတစ်ခုဖြစ်ပါတယ်။ နိုင်ငံတော်နဲ့ဆိုင်တဲ့ အထိမ်းအမှတ်နေရာတစ်ခုဖြစ်ပြီး တောင်ဒါကိုတာပြည်နယ် ၊ ကီးစတုန်းမြို့က Black Hills မှာ တည်ရှိပါတယ်။ နာမည်ကျော်ရခြင်းအကြောင်းကတော့ အမေရိကန်နိုင်ငံရဲ့သမိုင်းမှာ အလွန်အရေးပါတဲ့ သမ္မတကြီးလေးဦးရဲ့ မျက်နှာတွေကို ဒီကျောက်တောင်ရဲ့ နံရံမှာ ထွင်းထုထားတာကြောင့်ဖြစ်ပါတယ်။

သမ္မတကြီးလေးဦးကတော့ အမေရိကန်နိုင်ငံကို စတင်ထူထောင်ပြီးတဲ့နောက် ပထမဆုံးအုပ်ချုပ်ခဲ့တဲ့ သမ္မတ ဂျော့ဂျ်ဝါရှင်တန် ၊ သမ္မတတာဝန်ထမ်းဆောင်ရင်း ပိုင်ဆိုင်သမျှကိုရောင်းချပြီး နိုင်ငံအတွက်သုံးခဲ့တဲ့ နောက်ဆုံး အကြွေးပါတင်သွားခဲ့ရတဲ့ သမ္မတကြီး သောမတ်ဂျက်ဖာဆန် ၊ အမေရိကန်ပြည်တွင်းစစ်ကိုအဆုံးသတ်ပေးသူ ၊ ကျွန်စနစ်ကိုဖျက်သိမ်းပေးသူ ၊ ပြည်ထောင်စု နှစ်ခြမ်းကွဲမည့်အရေးကို ကယ်တင်ခဲ့သူ သမ္မတကြီး အေဗရာဟမ်လင်ကွန်း နဲ့ ယိုယွင်းနေသောနိုင်ငံတော်ကို ပြန်လည်တည့်မတ်ခဲ့သူ ၊ လူဆိုးဂိုဏ်းများကိုဖြိုခွင်းခဲ့သူ ၊ လာဘ်ပေးလာဘ်ယူ မြောက်ထိုးပင့်ကော်များကို ဖြိုခွင်းသူ ၊ အလုပ်သမားနှင့် လုပ်ငန်းရှင်များအတွက် ခိုင်မာတဲ့အဖွဲ့အစည်းကို ဖွဲ့စည်းပေးခဲ့သူ သမ္မတကြီးသီအိုဒိုရုစဗဲ့ တို့ ဖြစ်ပါတယ်။

ဒီရရှ်မိုးတောင်ဟာ Book of Secrets, Team America: World Police, Mars Attacks စတဲ့ရုပ်ရှင်တွေအပြင် အခြားရုပ်ရှင်ပေါင်းများစွာမှာ ထည့်သွင်းရိုက်ကူးခြင်းကို ခံခဲ့ရပါတယ်။ အမေရိကန်နိုင်ငံကို စွမ်းစွမ်းတမံအုပ်ချုပ်ခဲ့တဲ့ သမ္မတကြီး ၄ယောက်ကို ဂုဏ်ပြုတဲ့အနေနဲ့ ထုလုပ်ခဲ့သော ဒီ Mount Rushmore အထိမ်းအမှတ်နေရာကို နှစ်စဉ်လာရောက်လည်ပတ်သူပေါင်း ၂သန်းကျော် ရှိပါတယ်။

71. Neuschwanstein Castle, Bavaria, Germany

ကမ္ဘာကျော် Walt Disney ရုပ်ရှင်ကားတွေကို ကြည့်ဖူးတဲ့သူတိုင်းဟာ စစချင်းပေါ်လာလေ့ရှိတဲ့ Walt Disney လိုဂိုမှာ နန်းတော်ကြီးတစ်ခုရဲ့ ပုံပါဝင်နေတာကို သတိထားမိကြမှာပါ။ အဲဒီနန်းတော်ကြီးကတော့ အခုဖော်ပြမယ့် Neuschwanstein နန်းတော်ကြီးဖြစ်ပါတယ်။ ဂျာမနီနိုင်ငံ Bavaria ပြည်နယ်အနောက်တောင်ပိုင်းက Hohenschwangau ကျေးရွာရဲ့အနီး တောင်ကုန်းတစ်ခုပေါ်မှာ တည်ရှိပါတယ်။

ဒီရဲတိုက်ကြီးကို တည်ဆောက်ခဲ့သူကတော့ ဘာဗေးရီးယားဘုရင် လဒ်ဝစ် ၂(Ludwig II of Bavaria) ဖြစ်ပြီး ၁၈၆၉ ခုနှစ်မှာ စတင်တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ ဒီဇိုင်းရေးဆွဲပေးသူကတော့ ဂျာမန်ဗိသုကာပညာရှင် Eduard Riedel ဖြစ်ပါတယ်။ မူလက ၃နှစ်နဲ့အပြီးတည်ဆောက်ဖို့ရည်ရွယ်ခဲ့ပေမယ့် တောင်ပေါ်မှာရှိနေတဲ့အတွက် တည်ဆောက်ဖို့ခက်ခဲတဲ့အပြင် ကီးကျယ်ခမ်းနားလွန်းတာကြောင့် ၁၇နှစ်အကြာ ၁၈၈၆ ခုနှစ်မှာမှ တည်ဆောက်ပြီးစီး ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ အဲဒီနှစ်မှာပဲ ဒီရဲတိုက်ကြီးကို သူ့ရဲ့စိတ်ကူးအတိုင်း အစအဆုံး ဦးဆောင်တည်ဆောက်ခဲ့တဲ့ ဘုရင်ကြီးဟာ သေဆုံးသွားခဲ့ပါတယ်။ ၁၇နှစ်ကြာအောင် တည်ဆောက်ခဲ့ရပေမယ့် ဒီရဲတိုက်ကြီးမှာ သူဟာ ၁၇၂ရက်ပဲ နေသွားခဲ့ရရှာပါတယ်။

ဘုရင်ကြီးသေဆုံးပြီး မကြာမီမှာပဲ ဒီရဲတိုက်ကြီးကို အများပြည်သူလာရောက်လည်ပတ်နိုင်တဲ့ နေရာအဖြစ် ဖွင့်လှစ်ပေးခဲ့ပါတယ်။ ဒီရဲတိုက်ကြီးမှာ အဓိကအခန်းကြီး ၁၄ ခန်း ရှိနေပြီး အခန်းတိုင်းလိုလိုမှာ ပြောင်မြောက်လှတဲ့ သစ်သား ဗိသုကာအနုပညာလက်ရာတွေ နံရံပန်းချီတွေရှိနေမှာဖြစ်ပါတယ်။ ရဲတိုက်တစ်ခုလုံးမှာ အများဆုံးတွေ့နိုင်တာကတော့ ငန်းရုပ်တွေဖြစ်ပါတယ်။ ဒီရဲတိုက်ကြီးကို နှစ်စဉ် ကမ္ဘာလှည့်ခရီးသွားပေါင်း ၁သန်းခွဲခန့် လာရောက်လည်ပတ်လျှက်ရှိပါတယ်။

Tags: world places

Related Posts

ကမ္ဘာပေါ်က သက်တမ်းအရှည်ဆုံး ဟိုတယ်
Places

ကမ္ဘာပေါ်က သက်တမ်းအရှည်ဆုံး ဟိုတယ်

ဟိုတယ် ဆိုတာဟာ အပန်းဖြေ နားခိုဖို့အပြင် အစားအစာနဲ့ အခြားဝန်ဆောင်မှုတွေ ရရှိနိုင်တဲ့ နေရာတခုဆိုတာ အားလုံးသိပြီးသားပါ။ ဟိုတယ်တွေဟာ အလွန်ဆုံးအနေနဲ့ ဒီဘက် ရာစုနှစ်တွေမှာမှ စတင်ပေါ်ပေါက်လာတာ လို့ ထင်စရာရှိပေမယ့် ကမ္ဘာပေါ်က အစောဆုံးဟိုတယ်အဖြစ် သတ်မှတ်ခံထားရတဲ့ ဒီဟိုတယ်ကတော့...

ကမ္ဘာတလွှား အလှပဆုံးသော ရေခဲဂူများ
Amazing

ကမ္ဘာတလွှား အလှပဆုံးသော ရေခဲဂူများ

ရေခဲပြင်လိုဏ်ဂူများ Glacier Cave များသည် ရေခဲမြစ်များအတွင်းရှိသော ဖွဲ့စည်းမှု ပုံစံတမျိုးဖြစ်ပြီး အများစုက ရေခဲဂူများဟု အလွယ်တကူပင်ခေါ်လေ့ရှိသည်။ ဂူအမျိုးအစားများစွာအနက်က တမျိုးဖြစ်ပြီး တနှစ်ပတ်လုံးရေခဲနေတတ်သော ရခဲမြစ်များအောက်ရှိ ကျောက်သားလိုဏ်ဂူများကိုလည်း ရေခဲဂူဟုပင် ခေါ်ကြလေ့ရှိသည်။ ရေခဲဂူအများစုမှာ ရေခဲမြစ်၏ အောက်ခြေတွင်...

ကမ္ဘာ့အကြီးဆုံး အားကစားကွင်းကြီးများ
Knowledge

ကမ္ဘာ့အကြီးဆုံး အားကစားကွင်းကြီးများ

အရင်တခါကတော့ ကမ္ဘာ့အကြီးဆုံး ဘောလုံးကွင်းကြီး ၁၀ ခု ရဲ့ အကြောင်းကို တင်ခဲ့ပြီးပါပြီ။ ဒီတခါတော့ ပရိသတ်ဝင်ဆံ့မှုအရ ကမ္ဘာ့အကြီးဆုံး အားကစားကွင်းကြီး ၅ ခုရဲ့ အကြောင်း ကို ထပ်ပြီးတော့ ဝေမျှလိုက်ပါတယ်။ အားကစား ဆိုတဲ့အတွက်ကြောင့်...

မြန်မာပြည်မြောက်ဖျားက ဆီနှင်းများ ဖုံးလွှမ်းနေတဲ့ ရွာကလေး
Places

မြန်မာပြည်မြောက်ဖျားက ဆီနှင်းများ ဖုံးလွှမ်းနေတဲ့ ရွာကလေး

ရေးသားသူ - Wai Lin Photo - Sar Aung Marphang မြန်မာပြည်အစွန်အဖျားမှာ ဆီနှင်းတွေ အမြဲဖုံးလွှမ်းနေတဲ့ ရွာလေးတစ်ရွာရှိပါတယ်။ သွားရေလာရေးခက်ခဲပေမယ့် ဥရောပလို လှပတဲ့ ဆီနှင်းတွေရှိတဲ့ ရွာလေးပါ။ ရွာနာမည်က ရှိန်းခေါင်ဖြစ်ပြီး လူဦးရေ ၁၅၀၀...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!