ဘာတုလိုဏ်ဂူ ဟာ မလေးရှားနိုင်ငံမြို့တော်ကွာလမ်လမ်ပူမြို့နဲ့ ၇မိုင်ခန့် ကွာဝေးပြီး ဆာလန်ဂေါပြည်နယ် Gombak ထုံးကျောက်တောင်မှာတည်ရှိတဲ့ လိုဏ်ဂူအစု ဖြစ်ပါတယ်။ သက်တမ်းအားဖြင့် နှစ်သန်းပေါင်း ၄၀၀ သက်တမ်းရှိပြီဖြစ်ပြီး အဓိကဂူကြီး ၁ ခုနဲ့အတူ အခြားဂူငယ်အမြောက်အများကို စုပေါင်းပြီး ဘာတုလိုဏ်ဂူလို့ ခေါ်ခြင်းဖြစ်ပါတယ်။ လိုဏ်ဂူရဲ့နာမည်ကို တော့ အဲဒီဒေသမှာ ဖြတ်သန်းစီးဆင်းနေတဲ့ ဘာတုမြစ်ရဲ့နာမည်ကနေ ရယူထားတာဖြစ်ပြီး ဘာတုဆိုတာ ကတော့ မလေးလို ကျောက် လို့အဓိပ္ပါယ်ရပါတယ်။
ဒီဂူတွေကို ပထမဆုံးတွေ့ခဲ့တဲ့သူတွေကတော့ လင်းနို့ချေးရှာဖွေတဲ့ တရုတ်လယ်သမားတွေဖြစ်ပါတယ်။ ၁၈၇၈ ခုနှစ်မတိုင်မီ အထိ ဒီလိုဏ်ဂူတွေရှိတာကို ဒေသခံအနည်းငယ်ကလွဲလို့ သိရှိသူနည်းပါးပါတယ်။ အမေရိကန်လူမျိုး သဘာဝလေ့လာရေးပညာရှင် William Temple ရောက်ရှိလာပြီး ထုတ်ဖော်ရေးသားမှ သိရှိသူများလာခဲ့တာဖြစ်ပါတယ်။ အဲဒီနောက်တော့ မလေးရှားနိုင်ငံက တမီလ်ဟိန္ဒူလူမျိုးခေါင်းဆောင် K. Thamboosamy Pillay က ဒီနေရာမှာ ဘုရားကျောင်းတစ်ခုကို ၁၈၉၁ခုနှစ်က တည်ဆောက်ခဲ့ပါတယ်။
အဲဒီအချိန်ကစလို့ ဟိန္ဒူဘာသာဝင်တွေဟာ ဒီဂူတွေထဲမှာ ဘုရားကျောင်းတည်ဆောက်တာတွေ နတ်ကွန်းတွေ ရုပ်တုတွေထားရှိတာတွေ ပြုလုပ်ခဲ့ကြပါတယ်။ ၁၈၉၂ ခုနှစ်မှာ တမီလ် ဟိန္ဒူဘာသာဝင်တို့ရဲ့ ရိုးရာဖြစ်တဲ့ Thaipusam ပွဲတော်ကို ဒီနေရာမှာ စတင်ကျင်းပခဲ့ကြပါတယ်။ Thaipusam ပွဲတော်ဟာ တမီလ်လူမျိုးတွေရဲ့ ပြက္ခဒိန်ပါ Thai လရဲ့ လပြည့်နေ့ကို အစွဲပြု သတ်မှတ်ထားတာဖြစ်ပြီး တမီလ်လူမျိုးတွေနေထိုင်တဲ့ အိန္ဒိယ ၊ မလေးရှား ၊ စင်ကာပူ ၊ သီရိလင်္ကာ ၊ အင်ဒိုနီးရှား စတဲ့နိုင်ငံပေါင်းများစွာမှာ ကျင်းပလေ့ရှိကြပါတယ်။
ဂူတွေရဲ့အဝမှာလည်း ဟိန္ဒူ စစ်နတ်ဘုရားတစ်ပါးဖြစ်တဲ့ Lord Murugan ရုပ်တုကြီးကို တည်ဆောက်ခဲ့ပါတယ်။ ရုပ်တုကြီးရဲ့ အမြင့်ပေကတော့ ၁၄၀ပေရှိပြီး မလေးရှားနိုင်ငံက ဟိန္ဒူနတ်ရုပ်တုတွေထဲမှာ အမြင့်ဆုံးနဲ့ ကမ္ဘာပေါ်က ဟိန္ဒူနတ်ရုပ်တုတွေထဲမှာတော့ တတိယအမြင့်ဆုံး ရုပ်တုကြီးဖြစ်ပါတယ်။ ရွှေဆေးအပြည့်သုတ်ထားတဲ့ ဒီရုပ်တုကြီးတည်ဆောက်ရာမှာ သံချောင်းတန်ချိန် ၃၅၀ ၊ ကွန်ကရစ် ၁၅၅၀ ကုဗမီတာ နဲ့ ရွှေဆေး ၃၀၀ လီတာကို အသုံးပြုခဲ့ရပါတယ်။ ဒီရုပ်တုကြီးကို အိန္ဒိယပန်းပုပညာရှင် ၁၅ ယောက်က ၃နှစ်ကြာ တည်ဆောက်ခဲ့ရပြီး ၂၀၀၆ခုနှစ်မှာ တည်ဆောက်ပြီးစီးခဲ့ပါတယ်။ ကုန်ကျစရိတ်အနေနဲ့ကတော့ ရူပီး ၂၄ သန်း ဖြစ်ပြီး အမေရိကန်ဒေါ်လာနဲ့ တွက်ရင်တော့ ဒေါ်လာ ၃၃၇၈၇၃ ခန့် ကုန်ကျခဲ့ပါတယ်။
အောက်ခြေကနေ ဂူတွေရှိရာကို ရောက်ဖို့ အနည်းငယ်မတ်စောက်တဲ့ လှေကားအထစ်ပေါင်း ၂၇၂ ထစ်ကို တက်ရမှာဖြစ်ပါတယ်။ လှေကားထစ် အဆုံးမှာ ပထမဆုံးတွေ့ရတာကတော့ အကြီးဆုံးဂူဖြစ်တဲ့ Temple လိုဏ်ဂူ ပဲဖြစ်ပါတယ်။ ကျယ်ဝန်းလှတဲ့ ဂူထဲမှာတော့ ဟိန္ဒူဘုရားကျောင်းတွေနဲ့ ဘာသာရေး ဆိုင်ရာ ရုပ်တုတွေနဲ့ ထုံးကျောက်လိုဏ်ဂူတွေမှာတွေ့ရတတ်တဲ့ ကျောက်ခက်ပန်းဆွဲ နဲ့ ကျောက်ခက်မိုးမျှော်တွေကို ရှိနေပါတယ်။ လိုဏ်ဂူအမိုးက အပွင့်ဖြစ်တဲ့အတွက် အခြားလိုဏ်ဂူတွေလို မှောင်မနေပဲ အလင်းရောင်ကို ကောင်းစွာရရှိပါတယ်။
Temple ဂူကြီးကနေ အောက်ဘက်ကိုအဆင်း အဆင်းလမ်းတဝက်လောက်မှာတော့ Dark လိုဏ်ဂူရှိနေပါတယ်။ တဂူလုံးမဲမှောင်နေလို့ Dark cave လို့ခေါ်တာဖြစ်ပြီး ဒီဂူကိုဝင်မယ်ဆိုရင်တော့ နယ်မြေခံဧည့်လမ်းညွန်ရဲ့ အကူအညီနဲ့ ဝင်ရမှာဖြစ်ပါတယ်။ လင်းနို့တွေအများဆုံးနေထိုင်တဲ့ဂူဖြစ်ပြီး အကောင်ရေအားဖြင့် ၂သောင်းခန့်ရှိနေပြီး ကမ္ဘာ့အရှားပါးဆုံးပင့်ကူတစ်မျိုးဖြစ်တဲ့ Trapdoor ပင့်ကူတွေအပြင် မြွေတွေလည်း ဒီဂူထဲမှာ ရှိနေပါတယ်။
Natural history gallery ဆိုတဲ့အတိုင်း ဒီဂူကိုတော့ သဘာဝအတိုင်းပဲ သီးသန့်ထားရှိ ထိမ်းသိမ်းထားပြီး ဝင်ရောက်တဲ့သူတွေကလည်း တိတ်တဆိတ်သာ ဝင်ရောက်ရပါတယ်။ ဝင်ရောက်လေ့လာတဲ့အခါ အဆင်ပြေစေဖို့အတွက် ကွန်ကရစ်လမ်းတော့ ရှိနေပါတယ်။ တခါတရံမှာတော့ ဒီဂူကို ဝင်ခွင့်ပိတ်ထားတတ်ပါတယ်။
လှေကားထစ်တွေရဲ့ အောက်ခြေရင်းမှာ တည်ရှိနေတဲ့ နောက်ထပ်ဂူကြီးတစ်ခုကတော့ ရာမယဏလိုဏ်ဂူ Ramayana Cave ဖြစ်ပြီး ဂူရဲ့အဝမှာတော့ ပေ ၅၀ခန့် အမြင့်ရှိတဲ့ ဟာနုမာန်မျောက်မင်းရဲ့ ရုပ်တုကို ထားရှိပါတယ်။ လိုဏ်ဂူထဲမှာတော့ ရာမယဏဇာတ်တော်ဖြစ်စဉ်တွေကို ရုပ်တုပေါင်းများစွာ ထုလုပ်ပြီး ခမ်းနားစွာ သရုပ်ဖော်ပြသထားပါတယ်။
တောင်အောက်ခြေမှာရှိတဲ့ နောက်ထပ်ထင်ရှားတဲ့ ဂူဘုရားကျောင်း ၂ ခုကတော့ အနုပညာပြခန်းလိုဏ်ဂူ(Art Gallery Cave) နဲ့ ပြတိုက်လိုဏ်ဂူ( Museum Cave ) တွေပဲ ဖြစ်ပါတယ်။ ဒီဂူတွေထဲမှာတော့ ဟိန္ဒူဘာသာရေးဆိုင်ရာရုပ်တုတွေ နဲ့ ပန်းချီပန်းပုဆေးရေးလက်ရာများကို ပြသထားပါတယ်။ ဒီဂူတွေကို ပြန်လည်ပြင်ဆင်ပြီး ၂၀၀၈ခုနှစ်မှာ Cave Villa အဖြစ် ဖွင့်လှစ်ခဲ့ပါတယ်။
ဒီနေရာတဝိုက်ဟာ အလွန်စိမ်းလန်းပြီး လူသူမရောက်ရှိတဲ့ လိုဏ်ဂူငယ်တွေလည်း များစွာရှိပါသေးတယ်။ လိပ်ပြာမျိုးစုံနဲ့ မျက်စိနောက်လောက်အောင်မြင်ရမှာတော့ macaque မျောက်တွေ ဖြစ်ပါတယ်။ ပေ ၅၀၀နီးပါးမြင့်တဲ့ Batu Caves ကျောက်တောင်ကို တောင်တက်သမားတွေတက်လေ့ရှိပြီး တက်ရောက်ရာလမ်းကြောင်းပေါင်း ၁၆၀ခန့်လည်း ရှိနေပါတယ်။
ဒီနေရာဟာ တမီလ် ဟိန္ဒူဘာသာဝင်တို့ရဲ့ ဘာသာရေးနယ်မြေဖြစ်ပေမယ့် မလေးရှားနိုင်ငံက ကမ္ဘာလှည့်ခရီးသွားအလာဆုံးနေရာတစ်ခုဖြစ်ပြီး နှစ်စဉ်ခရီးသွား သန်းနဲ့ချီကာ ဘာတုလိုဏ်ဂူတွေရှိရာကို လာရောက်လည်ပတ်လျှက်ရှိနေပါတယ်။