ကောင်းစည်သူ (သုတအလင်းမဂ္ဂဇင်း)
အရှေ့တောင်အာရှဒေသတွင်း နိုင်ငံတစ်ခုဖြစ်သည့် မလေးရှားသည် ပြည်နယ် ၁၃ ခု နှင့် ပြည်ထောင်စုနယ်မြေ သုံးခု တို့ဖြင့် ဖွဲ့ စည်းထားသော ဖက်ဒရယ် ပြည်ထောင်စုနိုင်ငံဖြစ်ကာ တောင်တရုတ်ပင်လယ်က မလေးရှားကျွန်းဆွယ်နှင့် အရှေ့ မလေးရှား(မလေးဘော်နီရို)ကို ပိုင်းခြားထားသည်။ ကွာလာလမ်ပူသည် မလေးရှားနိုင်ငံ၏ မြို့တော် ဖြစ်သည်။
မလေးရှားကျွန်းဆွယ်သည် ထိုင်းနိုင်ငံနှင့် မြေသားချင်းဆက်နေကာ စင်္ကာပူ၊ ဗီယက်နမ်၊အင်ဒိုနီးရှားတို့နှင့် ရေပိုင်နက် ချင်း ထိစပ်နေသည်။ အရှေ့မလေးရှားသည် ဘရူနိုင်း၊ အင်ဒိုနီးရှားတို့နှင့် မြေသားချင်းဆက်၍ ဖိလစ်ပိုင်၊ ဗီယက်နမ်တို့နှင့် ရေ ပြင်နယ်နိမိတ်ထိဆက်နေသည်။
မလေးဘုရင်များ အစဉ်အဆက်အုပ်ချုပ်ခဲ့သည့် မလေးရှားနိုင်ငံသည် ၁၈ ရာစုတွင် ဗြိတိသျှ လက်အောက်ခံနိုင်ငံဖြစ် ခဲ့ကာ ၁၉၅၇ ခုနှစ် သြဂုတ်လ ၃၁ ရက်တွင်လွတ်လပ်ရေးရရှိခဲ့သည်။၁၉၆၃ ခုနှစ်တွင် မလေးရှားနိုင်ငံကို မြောက်ပိုင်းဘော်နီရို၊ ဆာရာဝပ်၊ စင်္ကာပူတို့ဖြင့် ပေါင်းစု ဖွဲ့စည်းခဲ့ပြီး စင်္ကာပူက ၁၉၆၅ ခုနှစ်တွင် မလေးရှားနိုင်ငံမှခွဲထွက်ခဲ့သည်။
မလေးရှားနိုင်ငံတွင် လူမျိုးပေါင်းစုံ၊ ယဉ်ကျေးမှုမျိုးစုံရှိသည့်အနက် နိုင်ငံလူဦးရေ၏တစ်ဝက်ကျော်သည် မလေးလူမျိုးများဖြစ်ကြ သည်။ကမ္ဘာပေါ်တွင် ပြည်ပရောက်တရုတ်လူမျိုးစုများအနက် မလေးရှားနိုင်ငံရှိ မလေးတရုတ်များသည် အများဆုံးဖြစ်သည်။ မလေးရှားနိုင်ငံအကြီးအကဲသည် ငါးနှစ်တစ်ကြိမ်ရွေးချယ်တင်မြှောက်သည့် သမ္မတဖြစ်ပြီး အစိုးရအဖွဲ့အကြီးအကဲသည် ဝန်ကြီး ချုပ်ဖြစ်သည်။
တရားဝင်ရုံးသုံးဘာသာသည် မလေးဘာသာဖြစ်သော်လည်း အင်္ဂလိပ်ဘာသာစကားကို တွင်ကျယ်စွာ အသုံးပြုလျက် ရှိရာ မလေးရှားလူမျိုးများ၏ အင်္ဂလိပ်ဘာသာစကားကျွမ်းကျင်မှုသည် အာရှတိုက်၌ တတိယနေရာတွင်ရှိသည်။ ဓနသဟာယနိုင်ငံ တစ်ခုဖြစ်သည့် မလေးရှားသည် နှစ် ၅၀ အတွင်း နှစ်စဉ် GDP ၆ ဒသမ ၅ ရာခိုင်နှုန်းတိုးတက်ခဲ့ကာ စီးပွားရေးအထူး ကောင်းမွန် ခဲ့သည်။
အစဉ်အလာအားဖြင့် မလေးရှားနိုင်ငံ၏ စီးပွားရေးတိုးတက်မှုသည် သဘာဝအရင်းအမြစ်များအပေါ်တွင်မူတည်ခဲ့သော်လည်း စီးပွားရေးအရင်းမြစ်များအဖြစ် သိပ္ပံ၊ခရီးသွား၊ကူးသန်းရောင်းဝယ်ရေး၊ဆေးကုသမှုခရီးသွားလုပ်ငန်းနယ်ပယ်များကိုတိုး ချဲ့ ခဲ့သည်။
စီးပွားရေးတိုးတက်မှုကြောင့် အာရှနိုင်ငံမှ ရွှေ့ပြောင်း လုပ်သားများစွာသည် မလေးရှားနိုင်ငံသို့ ရောက်ရှိလာခဲ့ကြရာ အများစုသည် တရားမဝင် ရောက်ရှိလာကြသူများဖြစ်ကြသဖြင့် ယင်းကိစ္စကို မလေးရှားအစိုးရက ကိုင်တွယ်ဖြေရှင်းနေရသည်။
မလေးရှားသည် အာဆီယံအဖွဲ့ကို ကနဦးတည်ထောင်ခဲ့သည့်နိုင်ငံများတွင်ပါဝင်ခဲ့ပြီး ဓနသဟာယအဖွဲ့နှင့် ဘက်မလိုက် လှုပ် ရှားမှုအဖွဲ့ဝင်နိုင်ငံလည်းဖြစ်သည်။မလေးရှားနိုင်ငံသားများသည် ၂၀၁၇ ခုနှစ်တွင် နိုင်ငံ ၁၆၄ နိုင်ငံတွင် ဗီဇာကင်းလွတ်ခွင့် သို့ မဟုတ် ဆိုက်ရောက်ဗီဇာဖြင့် ပြည်ဝင်ခွင့်ရရှိထားပေသည်။
မလေး၏ နောက်ခံသမိုင်း
အမေရိကန်မြေပုံအဖွဲ့က ၁၉၁၄ ခုနှစ်က ထုတ်ပြန်သည့်မြေပုံတွင် မလေးကျွန်းဆွယ်နေရာ၌ မလေးရှားဟူသည့် အမည်ကို ပထမဆုံးသုံးစွဲခဲ့သည်။မာလာယုသည် တမီဝေါဟာရ မှ ဆင်းသက်ခဲ့သည့် မလေး(Malai)နှင့် အာ(ur) စကားလုံးနှင့် လက်တင်ဂရိဘာသာ နောက်ဆက်စကားလုံး sia တို့ကို ပေါင်းစပ်ခေါ်ဝေါ်ထားခြင်းဖြစ်သည်။malai သည် တောင်တန်းဟု အဓိပ္ပာယ်ရှိ၍ ur သည် မြို့တော်၊ နယ်မြေဟု ဆိုလိုသည်။ထို့ကြောင့် ရှေးခေတ်အိန္ဒိယကုန်သည်များသည် မလေးကျွန်းဆွယ်ကို Malayadvipa ဟု ခေါ်ဆိုခဲ့ကြသည်။
မလေးရှားသည် ၁၉၅၇ ခုနှစ်တွင် ဗြိတိသျှတို့ထံမှ လွတ်လပ်ရေးရရှိခဲ့ပြီးနောက် နိုင်ငံအမည်ကို Federation of Malaya ဟု အမည်ပေးခဲ့ပြီး၁၉၆၃ ခုနှစ်တွင် မလေးရှား(Malaysia) ဟု ခေါ်တွင်ခဲ့သည်။ မလေးရှားနိုင်ငံတွင် လွန်ခဲ့သည့် နှစ် ၄၀၀၀၀ မှစ၍ လူများနေထိုင်ခဲ့ကြသည့် အထောက်အထားများရှိခဲ့ကာ ပထမဆုံး နေထိုင်ခဲ့သူများသည် နီဂရစ်တိုများဟု ယူဆကြသည်။အေဒီ တစ်ရာစုတွင် မလေးရှားနယ်မြေများသို့ တရုတ်နှင့်အိန္ဒိယ ကုန် သည်များစတင်ရောက်ရှိအခြေချခဲ့ကာ နှစ်ရာစုနှင့် သုံးရာစုအကြားတွင် ကုန်သွယ်စခန်းများနှင့် ကမ်းရိုးတန်းမြို့ရွာများကို တည် ထောင်ခဲ့သည်။
ထို့ကြောင့် မလေးရှားရိုးရာယဉ်ကျေးမှုအပေါ် တရုတ်နှင့် အိန္ဒိယတို့က သြဇာလွှမ်းခဲ့ကာ ဒေသနေသူများသည် ဟိန္ဒူနှင့် ဗုဒ္ဓဘာသာကို ကိုးကွယ်ခဲ့ကြသည်။ အေဒီ လေးရာစုတွင် သက္ကတဘာသာဖြင့် စာများရေးထိုးခဲ့သည်။ မလေးရှားကျွန်းဆွယ်ကို လန်ကာဆူကာ(Langkasuka) မင်းဆက်များက အေဒီ နှစ်ရာစုမှ ၁၅ ရာစုအထိ အုပ်ချုပ်ခဲ့ ကာ ၁၄ ရာစုတွင် မလေးနယ်မြေများတွင် အစ္စလာမ်ဘာသာ ပြန့်ပွားခဲ့သည်။
မလေးကျွန်းဆွယ်သို့ ၁၅၁၁ ခုနှစ်တွင် ပေါ်တူဂီများရောက်ရှိလာခဲ့ကာ ၁၆၄၁ ခုနှစ်တွင် ဒတ်ချ်တို့က ပေါ်တူဂီတို့ကို ဖယ်ရှား၍ နယ်မြေ များကိုကြီးစိုးခဲ့သည်။သို့သော် ၁၇၈၆ ခုနှစ်တွင် မလေးစူလတန် ကီဒက်က ပီနန်ကျွန်းကို အင်္ဂလိပ်တို့အား အငှားချထားရာမှ မလေးကျွန်းဆွယ်ကို အင်္ဂလိပ်တို့အုပ်ချုပ်ခဲ့ပြီး ယခု စင်္ကာပူနေရာကို ၁၈၁၉ ခုနှစ်တွင်ရရှိခဲ့သည်။ အင်္ဂလိပ် တို့သည် ၁၈၂၆ ခုနှစ်တွင် ပီနန်၊ မလက္ကာ နှင့် စင်္ကာပူတို့ကို ပီနန်ကျွန်းမှ ထိန်းချုပ်ထားခဲ့သည်။
ဒုတိယကမ္ဘာစစ် ဖြစ်ပွားလာချိန်တွင် ဂျပန်တပ်များသည် မလေး၊ အနောက်ဘော်နီရို၊တာရာဝပ်နှင့် စင်္ကာပူကို သုံးနှစ် ကြာ သိမ်းပိုက်ခဲ့သည်။ယင်းကာလအတွင်း မလေးနိုင်ငံသားများသည် အမျိုးသားရေးစိတ်ဓာတ်များတက်ကြွလာခဲ့ကြကာမလေး ယူနီယမ်ကို ၁၉၄၆ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည်။ မလေးရှား ကွန်မြူနစ်ပါတီ၏ ဦးဆောင်မှုဖြင့် ပြောက်ကျားတိုက်ပွဲများဆင်နွှဲ ခဲ့ကြ သဖြင့် ၁၉၄၈ ခုနှစ်မှ ၁၉၆၀ ပြည့်နှစ်အထိ ကာလရှည်ကြာစွာ အရေးပေါ် အခြေအနေထုတ်ပြန်ခဲ့ရသည်။ ၁၉၅၇ ခုနှစ် သြဂုတ်လ ၃၁ရက်တွင် မလေးရှားသည် ဗြိတိသျှတို့ထံမှ လွတ်လပ်ရေးရရှိကာ ဓနသဟာယ အဖွဲ့ဝင် နိုင်ငံအဖြစ် ရပ်တည်ခဲ့သည်။
မလေးရှားနိုင်ငံ အာဏာခွဲဝေမှု
မလေးရှားနိုင်ငံသည် အရှေ့တောင်အာရှတွင် ဖက်ဒရယ်ပြည်ထောင်စုစနစ်ကိုကျင့်သုံးသည့် တစ်ခုတည်းသော နိုင်ငံ ဖြစ်သည်။သက်တမ်းငါးနှစ် တာဝန်ထမ်းဆောင်ရသည့် မလေးရှားနိုင်ငံဘုရင်ကို မလေးရှားပြည်နယ်ဘုရင်များထဲမှ ငါးနှစ် လျှင် တစ်ကြိမ် ရွေးချယ်တင်မြှောက်သည်။လက်ရှိ မလေးရှားဘုရင်သည် ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၇ ရက်တွင်စတင်တာဝန် ထမ်း ဆောင်သည့် Narzin Shah ဖြစ်သည်။မလေးရှားဘုရင်သည် နိုင်ငံအကြီးအကဲဖြစ်၍ အစိုးရအဖွဲ့အကြီးအကဲသည် ဝန်ကြီး ချုပ်ဖြစ်သည်။
၁၉၉၄ ခုနှစ် မလေးရှားနိုင်ငံ ဖွဲ့စည်း အုပ်ချုပ်ပုံ ဥပဒေအရ ဘုရင်သည် ဝန်ကြီး များနှင့် အထက်လွှတ်တော် အမတ် များကို ရွေးချယ်ပေးရသည်။ ဥပဒေပြုအာဏာကို ဖက်ဒရယ်နှင့် ပြည်နယ် ဥပဒေပြုအဖွဲ့များက ကျင့်သုံးကာ ဖက်ဒရယ်အဆင့်တွင် လွှတ်တော် နှစ် ရပ်ထားရှိ၍ အောက်လွှတ် တော်ကို ကိုယ်စားလှယ် ၂၂၂ ဦး၊ အထက်လွှတ်တော်ကို ကိုယ်စားလှယ် ၇၀ ဦး ဖြင့် ဖွဲ့စည်းသည်။ အုပ်ချုပ်ရေးအာဏာကို ဝန်ကြီးချုပ်ခေါင်းဆောင်သည့် အစိုးရအဖွဲ့က ကျင့်သုံးကာ လက်ရှိ မလေးရှားနိုင်ငံဝန်ကြီးချုပ် သည် မဟာသီမိုဟာမက်ဖြစ်သည်။
မလေးရှားနိုင်ငံ၏ တရားစီရင်ရေးစနစ်သည် ဗြိတိသျှ ဖြတ်ထုံးဥပဒေ(Common Law) ကို အခြေပြုကျင့်သုံးပြီး အမြင့် ဆုံးတရားစီရင်ရေးအဖွဲ့သည် ဖက်ဒရယ်တရားလွှတ်တော်ချုပ်ဖြစ်သည်။လူသတ်မှု၊အကြမ်းဖက်မှု၊မူးယစ်ဆေးဝါးရောင်းဝယ်မှုစ သည့် ပြစ်မှုကြီးများတွင် သေဒဏ်ချမှတ်ခွင့်ရှိသည်။မလေးရှားနိုင်ငံတွင် လိင်တူဆက်ဆံမှုကို တရားမဝင်ကြောင်းပြဋ္ဌာန်းထားပေသည်။
နိုင်ငံတကာ ဆက်ဆံရေးနှင့် စစ်ရေး
အာဆီယံအဖွဲ့ကို တည်ဆောင်ခဲ့သည့် နိုင်ငံများအနက် တစ်ခုဖြစ်သည့် မလေးရှားသည် ကုလသမဂ္ဂအဖွဲ့အပါအဝင် များစွာသော နိုင်ငံတကာ အဖွဲ့အစည်းများတွင် ပါဝင်လှုပ်ရှားလျက်ရှိသည်။ မလေးရှားနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒသည် ကမ္ဘာ့နိုင်ငံအားလုံးနှင့် ငြိမ်းချမ်းစွာ အတူတကွ ယှဉ်တွဲနေထိုင်ကာ ကြားနေ စနစ်ကိုကျင့်သုံးသည့်မူဖြစ်သည်။မလေးရှားအစိုးရသည် အရှေ့တောင်အာရှဒေသ လုံခြုံတည်ငြိမ်ရေးကို ဦးစားပေးဆောင် ရွက်လျက်ရှိပြီး ဒေသတွင်းနိုင်ငံများနှင့် ပိုမိုဆက်ဆံနိုင်ရန် ကြိုးပမ်းနေသည်။
မလေးရှားအစိုးရအဆက်ဆက်သည် မလေးရှားနိုင်ငံကို တိုးတက်သော အစ္စလာမ်နိုင်ငံအဖြစ် ပုံရိပ်ပေါ်စေရန် ကြိုး စားခဲ့ကြပြီးအစ္စလာမ် နိုင်ငံများနှင့် ခိုင်မြဲစွာ ဆက်ဆံခဲ့သည်။တောင်တရုတ်ပင်လယ်ကျွန်းအတွင်းရှိ ကျွန်းအချို့ပိုင်ဆိုင်မှုနှင့် စပ်လျဉ်း၍ မလေးရှားသည် တရုတ်၊ ဖိလစ်ပိုင်၊ဗီယက်နမ်နိုင်ငံများနှှုင့် အငြင်းပွားမှုများကို ရင်ဆိုင်နေရသည်။ကမ္ဘာ့နိုင်ငံများ အားလုံးနီးပါးနှင့် ဆက်ဆံမှုရှိသော်လည်း မလေးရှားနိုင်ငံသည် အစ္စရေးနိုင်ငံကို အသိအမှတ်မပြုဘဲ သံတမန်ဆက်သွယ်မှု လည်း မထားရှိချေ။
မလေးရှားနိုင်ငံသည် ကုလသမဂ္ဂငြိမ်းချမ်းရေးတပ်ဖွဲ့များတွင် တာဝန်ထမ်းဆောင်ရန် မလေးရှားတပ်များကို စေလွှတ်ခဲ့ သည်။မလေးရှားတပ်မတော်ကို ကြည်း၊ရေ၊ လေတပ်များဖြင့် ဖွဲ့စည်းကာ စစ်မှုမထမ်းမနေရ ဥပဒေပြဋ္ဌာန်းထားခြင်းမရှိဘဲ အသက် ၁၈ နှစ်ပြည့်လျှင် တပ်မတော်သို့ ဝင်ရောက်နိုင်သည်။နိုင်ငံ၏ ကာကွယ်ရေးစရိတ်အဖြစ် GDP ၏ ၁ ဒသမ ၅ ရာခိုင် နှုန်းကို သုံးစွဲသည်။မလေးရှားနိုင်ငံ၏ စစ်သည်အင်အားသည် နိုင်ငံလူဦးရေ၏ ၁ ဒသမ ၂၃ ရာခိုင်နှုန်းဖြစ်သည်။
မလေးရှားတပ်မတော်သည် စင်္ကာပူ၊သြစတြေလျ၊ ဗြိတိန်တို့နှင့် စစ်ရေးပူးတွဲလေ့ကျင့်မှုများတွင်ပါဝင်လေ့ရှိသည်။ ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းနှင့် ထိုင်းနိုင်ငံတောင်ပိုင်းမှ အစွန်းရောက်စစ်သွေးကြွများ မလေးရှားနိုင်ငံအတွင်းသို့ မရောက်ရှိစေရန် မလေးရှားတပ်မတော်သည် နယ်စပ်လုံခြုံရေးကို တိုးမြှင့်ဆောင်ရွက်နေပေသည်။
စီးပွားရေး
မလေးရှားနိုင်ငံသည် စက်မှုလုပ်ငန်းကို အခြေခံသည့် တံခါးဖွင့်စီးပွားရေးမူဝါဒကို ကျင့်သုံးကာ ၁၉၅၇ ခုနှစ်မှ ၂၀၀၅ ခုနှစ်အထိ နှစ်စဉ် GDP တိုးတက်မှု ၆ ဒသမ ၅ ရာခိုင်နှုန်းရရှိခဲ့သည်။၂၀၁၄- ၂၀၁၅ ခုနှစ်တွင် မလေးရှားနိုင်ငံ၏ စီးပွားရေး သည် အာရှတိုက်တွင် အဆင့် ၆ ၊ ကမ္ဘာတွင် အဆင့် ၂၀ နေရာ၌ ရပ်တည်နိုင်ခဲ့သည်။
၁၉၉၁ ခုနှစ်တွင် မလေးရှားနိုင်ငံဝန်ကြီးချုပ် မဟာသီ မိုဟာမက်သည် ၂၀၂၀ ပြည့်နှစ်တွင် မိမိနိုင်ငံအတွက် လိုအပ် ချက်များ လုံလောက်မှုအပြည့်အဝရှိစေရန်မျှော်မှန်းလျက် Vision 2020 မူဝါဒကို ချမှတ်ခဲ့သည်။လျှပ်စစ်ပစ္စည်းများ၊ရေနံ၊ သဘာဝဓာတ်ငွေ့ရည်နှင့် သဘာဝဓာတ်ငွေ့ထုတ်လုပ်မှုများသည် မလေးရှားနိုင်ငံ၏ လူတစ်ဦးချင်းဝင်ငွေကို တိုးတက်စေခဲ့ သည်၁၉၇၀ ပြည့်နှစ်များတွင် သတ္ထုလုပ်ငန်းနှင့် စိုက်ပျိုးရေးလုပ်ငန်းများကို အခြေခံသည့် စီးပွားရေးစနစ်ဖြင့် ဘက်စုံစီးပွားရေး စနစ်သို့ ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်ခဲ့သည်။၁၉၈၀ ပြည့်နှစ်မှစ၍စက်မှုလုပ်ငန်းတွင်ရင်းနှှီးမြှုပ်နှံမှုများစွာပြုလုပ်ခဲ့ရာ နိုင်ငံစီးပွားရေး တိုးတက်ခဲ့သည်။
၁၉၉၇ ခုနှစ်တွင် အာရှ စီးပွားရေး အကြပ်အတည်းဖြစ်ခဲ့ရာ မလေးရှားနိုင်ငံသည် အိမ်နီးချင်းနိုင်ငံများထက်စောကာ အကြပ်အတည်းမှ ထွက်မြောက်နိုင်ခဲ့သည်။မလေးရှားနိုင်ငံသည် ရေနံနှင့် ရေနံထွက်ပစ္စည်းများကို ပြည်ပသို့ အဓိက တင်ပို့ ရောင်း ချကာ ကမ္ဘာတွင် သံဖြူ၊ ရာဘာနှင့် စားအုန်းဆီ အများဆုံးတင်ပို့ရောင်းချသောနိုင်ငံတစ်ခုလည်းဖြစ်သည်။ မလေးရှားနိုင်ငံသည် ပြည်ပပို့ကုန်အပေါ်၌ နိုင်ငံစီးပွားရေးမှီခိုနေရခြင်းကို လျှော့ချနိုင်ရန် ခရီးသွားလုပ်ငန်းကို တိုးမြှင့် ခဲ့သဖြင့် နိုင်ငံ့ပြည်ပဝင်ငွေရရှိမှုတွင် ခရီးသွားလုပ်ငန်းက တတိယ အများဆုံးဖြစ်လာခဲ့ပေသည်။
သို့သော် ၂၀၁၄ ခုနှစ်တွင် မလေးရှားလေကြောင်းလိုင်းမှ လေယာဉ်တစ်စင်းပျောက်ဆုံးခဲ့မှု၊ယူကရိန်းနိုင်ငံတွင် လေယာဉ်တစ်စင်းပစ်ချခံရကာ ခရီးသည် ၅၃၇ ဦးသေဆုံးခဲ့ရမှုများကြောင့် မလးရှားနိုင်ငံ၏ ခရီးသွားလုပ်ငန်းသည် ဖိအားများနှင့် ရင်ဆိုင်ခဲ့ရသည်။ မလေးရှားနိုင်ငံသည် ၂၀၁၃ ခုနှစ်မှစ၍ အငြိမ်းစားများအနားယူရန် အကောင်းဆုံးနိုင်ငံများအနက် တစ်နိုင်ငံဖြစ်လာခဲ့ သည်။မလေးရှားနိုင်ငံအစိုးရသည် Malaysia My Second Home အစီအစဉ်အရ ပြည်ပနိုင်ငံသားများကို မလးရှားနိုင်ငံတွင် ၁၀ နှစ်အထိနေထိုင်နိုင်သည့် နှစ်ရှည်ပြည်ဝင်ခွင့်ဗီဇာများထုတ်ပေးခဲ့သည်။
နိုင်ငံတကာငွေကြေးအဖွဲ့အစည်း၏ ၂၀၁၈ ခုနှစ်စာရင်းအရ မလေးရှားနိုင်ငံသားတစ်ဦးချင်းစီ၏ ပျမ်းမျှဝင်ငွေသည် အမေရိကန်ဒေါ်လာ ၃၀၈၆၀ ဖြစ်ပြီး ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံစာရင်းတွင် အဆင့် ၄၅ ဖြစ်သည်။ တရားဝင်ငွေကြေးစနစ်မှာ ရင်းဂစ်ဖြစ်သည်။ အမေရိကန် ၁ဒေါ်လာ သည် ၄.၀၇ ရင်းဂစ် နှင့် ညီမျှသည်။
ဖွံ့ဖြိုးတိုးတက်မှု
မလေးရှားနိုင်ငံ၏ အခြေခံအဆောက်အအုံများသည် အာရှတိုက်၏ အကောင်းဆုံးအဆင့် ရှစ် နေရာတွင် တွင်ပါဝင် ကာ ကမ္ဘာ့ အဆင့် ၂၅ ဖြစ်သည်။ လမ်းများ၊ ဆိပ်ကမ်းများ၊လေကြောင်းအဆောက်အအုံများသည် ကမ္ဘာ့အဆင့် ၁၉၊ လျှပ်စစ် ဖြန့်ဝေမှုတွင် အဆင့် ၃၉ ဖြစ်သည်။ အရှေ့တောင်အာရှတွင် မလေးရှားနိုင်ငံ၏ ဆက်သွယ်ရေး ကွန်ရက်သည် စင်္ကာပူပြီးလျှင် အကောင်းဆုံးဖြစ်ကာ ကြိုးဖုန်းသုံးစွဲသူ ၄ ဒသမ ၇ သန်းနှင့် ကြိုးမဲ့ဖုန်းသုံးစွဲသူ သန်း ၃၀ ရှိသည်။
မလေးရှားနိုင်ငံ၏ လမ်းကွန်ရက် ၈၉၇၂၈ မိုင်အနက် အဝေးပြေးလမ်းမိုင် အရှည်သည် ၁၁၁၇ မိုင်ဖြစ်သည်။ မီးရ ထားလမ်းမိုင် ၁၁၃၉ မိုင် ရှည်လျားကာ နိုင်ငံမြောက်ပိုင်းတွင် ထိုင်းနိုင်ငံ မီးရထားလမ်းနှင့် ဆက်သွယ်ထားသည်။ လေယာဉ် ကွင်း ၁၁၈ ကွင်းရှိသည့် အနက် ကွာလာလမ်ပူ လေယာဉ်ကွင်းသည် ကမ္ဘာပေါ်တွင် အဆင့် ၁၃ အလုပ်အများ ဆုံးလေယာဉ် ကွင်းဖြစ်ကာ ၂၀၁၄ ခုနှစ်တွင် ခရီးသည် အဝင်အထွက် ၄၈ ဒသမ ၉ သန်းရှိခဲ့သည်။
၂၀၁၇ ခုနှစ် ခန့်မှန်းချက်အရ မလေးရှားနိုင်ငံလူဦးရေသည် ၃၂၀၄၉၇၀၀ ဖြစ်ကာ နှစ်စဉ် လူဦးရေ တိုးတက်မှုနှုန်း ၁ ဒသမ ၅၄ ရာခိုင်နှုန်းရှိသည်။လူဦးရေ ၆၁ ဒသမ ၃ ရာခိုင်နှုန်းသည် အစ္စလာမ်ဘာသာကိုကိုးကွယ်၍ ၁၉ ဒသမ ၈ ရာခိုင်နှုန်း သည် ဗုဒ္ဓဘာသာကိုကိုးကွယ်ကြသည်။ ခရစ်ယာန်ဘာသာနှင့် ဟိန္ဒူဘာသာ ကိုးကွယ်သူများလည်းရှိသည်။
မလေးရှားနိုင်ငံတွင် ကမ္ဘာ့အမွေအနှစ်နေရာ ၄ ခုရှိသည်။ ယဉ်ကျေးမှုနယ်မြေ ၂ ခု နှင့် သဘာဝနယ်မြေ ၂ ခုတို့ဖြစ်သည်။ ၎င်းတို့မှာ Lenggong တောင်ကြား သုတေသနနယ်မြေ ၊ မလက္ကာသမိုင်းဝင်မြို့များ ၊ Gunung Mulu အမျိုးသားဥယျာဉ် နယ်မြေ နှင့် Kinabalu ဥယျာဉ်နယ်မြေတို့ဖြစ်ကြသည်။ ထင်ရှားပြီး ကမ္ဘာလှည့်ခရီးသွား အများဆုံးလာရောက်လေ့ရှိသည့်နေရာများမှာ ကွာလမ်လမ်ပူ ၊ လန်ကာဝီ ၊ Gunung Mulu ဥယျာဉ်နယ်မြေ ၊ Taman Negara အမျိုးသားဥယျာဉ် ၊ ပီနန် ၊ Kuching ၊ ကင်မရွန်းကုန်းမြင့် ၊ ဘာတုလိုဏ်ဂူများ ၊ မလက္ကာနှင့် Perhentian ကျွန်းများတို့ဖြစ်ကြသည်။
လူမျိုးစုပေါင်းစုံ၊ ယဉ်ကျေးမှုပေါင်းစုံနှင့် ဘာသာစကားပေါင်းစုံရှိသည့် မလေးရှားနိုင်ငံသည် ၁၉၇၁ ခုနှစ်တွင် အမျိုးသား ယဉ်ကျေးမှု မူဝါဒကို ချမှတ်ကာ မလေးယဉ်ကျေးမှုသည် ဌာနေ တိုင်းရင်းသားများ၏ ယဉ်ကျေးမှုအပေါ် အခြေခံရမည်ဟု သတ်မှတ်ခဲ့သည်။ အရှေ့တောင်အာရှအတွင်း နေချင့်စဖွယ်အကောင်းဆုံးနိုင်ငံတစ်ခုဖြစ်သည့် မလေးရှားသည် ကောင်းမွန်သော စီးပွားရေး စနစ်ကြောင့် စဉ်ဆက်မပြတ် တိုးတက်ဖွံ့ဖြိုးခဲ့ပေသည်။
ကောင်းစည်သူ
၂၀၁၉ ခုနှစ် မတ်လထုတ် သုတအလင်း မဂ္ဂဇင်းမှ