မန်လည်ဆရာတော်ကြီး ပျံလွန်တော်မူပြီးနောက် ထူးခြားသောဖြစ်ရပ်

Posted on

မန်လည်ဆရာတော်ဟု ဆိုလျှင် ယနေ့ခေတ်တိုင် သိသူများစွာ ရှိနေကြဦးမည်။ ဆရာတော်ကြီး၏ လက်ရာမွန်များအနက် မာဃဒေဝလင်္ကာသစ်ကို ယနေ့ထိတိုင် သုံးနေကြတုန်းပင်။ ထိုကျမ်းကို ဆရာတော်ကြီးသည် ရဟန်း ၁၀ ဝါတွင် စတင်ရေးခဲ့ပြီး မအားမလပ်သော သာသနာ့တာဝန်များကြောင့် ၃၃နှစ်ကြာ ၁၂၆၆ ခုနှစ်မှ ပြီးဆုံးခဲ့ခြင်းဖြစ်သည်။

ဆရာတော်ကြီးအား သာယာဝတီမင်းလက်ထက် စစ်ကိုင်းမြို့ အင်းတော်မြို့နယ် မန်လည်မြို့တွင် မွေးဖွားခဲ့ပြီး မိဘနှစ်ပါး မှာ ဦးထင်ညို နှင့်ဒေါ်ဖြေ ဖြစ်ပြီး လူနာမည် မောင်မာ ဖြစ်သည်။ ပိဋကတ်စာပေကျမ်းဂန်များကို ငယ်စဉ်ကပင် ဆရာနည်းကျကျသင်ယူခဲ့ပြီး ဘင်္ဂလီ ၊ နာဂရီ ၊ သီဟိုဠ် ၊ သက္ကတ ၊ မာဂဓ စသည့် ဘာသာမျိုးစုံကို တတ်ကျွမ်းခဲ့သူဖြစ်သည်။ ထိုခေတ်ထိုအခါက ဆရာတော်ကြီးများ အတုယူခဲ့ရပြီး စာပေေလာကအတွက် အဖိုးမဖြတ်နိုင်သူဖြစ်သည်။

အရေး ၊ အဟော ၊ အကျင့် ဘက်စုံထူးချွန်သည့်အပြင် ဒွေးချိုး ၊ လေးချိုး ၊ တေးထပ် ၊ ရတု အစရှိသည့် ကဗျာ၊ စာ မျိုးစုံကိုလည်း ပါရဂူမြောက်ရေးဖွဲ့နိုင်သူ ဖြစ်သည်။ မာဃဒေဝလင်္ကာသစ်အပြင် အခြားကျမ်းစာပေါင်း ၃၀ခန့် ကိုပြုစုခဲ့သူလည်း ဖြစ်သည်။ တစ်သက်လုံးတွင် စာပေများလေ့လာဆည်းပူးခြင်း ၊ ကျမ်းများပြုစုခြင်း ၊ စာသင်သားများအား စာပေပို့ချခင်း အလုပ်များကို မနားမနေလုပ် ဆောင်ခဲ့သူ ဖြစ်သည်။

မန်လည်ဆရာတော် ရှင်ဇဝန အား မန်လည်မြို့ဝန် မင်းထင်မင်းလှက ဘုံခုနစ်ဆင့်ရှိသော ပြာသာဒ်ကျောင်းကြီးကို ဆောက်လုပ်လှူဒါန်းပြီးနောက် ထိုကျောင်းကိုအစွဲပြုကာ မန်လည်ဆရာတေ်ာဟု ကျော်ကြားခဲ့ခြင်းဖြစ်သည်။ လယ်တီဆရာတော်ကြီး၏ တောင်းပန်လျှောက်ထားချက်အရ ဆန်းသံခိပ် နှင့် အလင်္ကာသံခိပ်ကျမ်းများကို စီရင်ရေးသားနေဆဲကာလတွင် ပျံလွန်တော်မူခဲ့သည်။ ပျံလွန်သည့်အချိန်မှာ ၁၂၈၂ ခုနှစ် ၊ တော်သလင်း လဆန်း ၁၃ ရက် ၊ နံနက် ၁နာရီ ၃၀ မိနစ်ဖြစ်ပြီး ထိုအချိန်တွင် ဆရာတော်၏ အသက်မှာ သက်တော် ၇၉ ဝါတော် ၅၆ ဝါ ရှိပြီဖြစ်သည်။

မန်လည်ဆရာတော်ဘုရားကြီး ပျံလွန်တော်မူပြီးနောက် ထုံးစံအတိုင်း ကျောင်းတော်ကြီးနံဘေးတွင် စေတီတစ်ဆူ၌ ဂူသွင်းမြုပ်နှံ သြင်္ဂိုဟ်ခဲ့သည်။ ထိုသို့မြုပ်နှံပြီး ၃ လ ခန့်အကြာတွင် ဆရာတော်ကြီး၏ တပည့်ရင်း ကပ္ပိယ ဦးဘရင်က ဆရာတော်ကြီးအား အိပ်မက်မြင်မက်ကြောင်း ဂူတွင်းမှ ထုတ်ယူ၍ ကြည့်ရှုခွင့်ပေးပါရန် ငိုယိုပြောကြားသည်။ ဒုတိယ မန်လည်ဆရာတော်က မသင့်တော်ကြောင်း တားသော်လည်း ဒကာရင်းဖြစ်သူမှာ ရှိုက်ကြီးတငင်ငိုယိုပြောဆိုနေသည့်အတွက် နောက်ဆုံးတွင် ဂူကိုဖွင့်ကာ အလောင်းတော်အား ထုတ်ကြည့်ကြလေသည်။

ဤတွင် အံသြဖွယ်ကောင်းလောက်အောင် ဆရာတော်၏ ရုပ်အလောင်းသည် ပျက်စီးခြင်း ၊ ပုပ်သိုးနံစော်ခြင်း မရှိပဲ ပကတိကျိန်းစက်နေသည့်အလား ဖူးမျှော်လိုက်ကြရသည်။ ထိုအခါမှ လူအပေါင်းတို့ အုံးအုံးကျွတ်ကျွန်ဖြစ်လာပြီး အလောင်းတော်ကို မှန်ခေါင်းဖြင့် ပြောင်းထည့်၍ အပူဇော်ခံ ထားရှိကြပေသည်။ သစ်စေးကိုင်၍ ရွှေချထားသော ဆရာတော်ကြီး၏ ကြွင်းကျန်သောရုပ်ကလာပ်ကို ယနေ့တိုင် စံကျောင်းတော်တွင် ဖူးမျှော်နိုင်ပေသည်။ ဆရာတော်ကြီး၏ သီလ ၊သမာဓိတန်ခိုးကား အံဖွယ်သတ္တိပါတကား…

ကိုးကား
ဂန္တဝင်စာဆိုတေ်ာကြီးများ – သန်းဝင်းလှိုင်
သိသင့်သိစရာ သမိုင်းဝင်ဖြစ်ရပ်များစွာ – နန္ဒာမိုးကြယ်