မင်းတုန်းမင်းလက်ထက်တွင် နန်းတွင်းသမားတော် ဘေသဇ္ဇပါရဂူ ဦးတူမှာ အလွန်ကျော်ကြားလှသည်။ တစ်ခါသော် မင်းတုန်းမင်း၏ မိဖုရားငယ် တစ်ပါးမှာ ၃ လ ကျော်မျှအိပ်ယာထဲတွင် လဲကာ ချည့်နဲ့နေခဲ့သည်။ မိဖုရားငယ်မှာ လမ်းလျှောက်၍ မရ ၊ ထထိုင်၍ မရ ဖြစ်နေ၍ ထိုဝေဒနာကို အခြားသမားတော်ကြီးများက နည်းလမ်းအမျိုးမျိုးနှင့် ကုသသော်လည်း ပျောက်ကင်းခြင်းမရှိ။ သို့ဖြင့် ဆရာကြီးဦးတူအလှည့် ရောက်လာသည်။
ဦးတူက “သူရအောင်ကုပါမည်။ သို့သော်သူကုသချက်များအပေါ် ဘုရင်က အပြစ်မယူပဲ အသက်ချမ်းသာပေးပါရန်” တောင်းဆိုလေသည်။ ဘုရင့်ထံမှ ခွင့်ပြုချက်ရပြီးသည်နှင့် ဝေဒနာသည် မိဖုရားငယ်အဆောင်သို့ ဝင်လိုက်ပြီး အခြား ရံရွှေတော် အခိုင်းအစေများကို အပြင်သို့ တစ်ယောက်မကျန် ထွက်ကြရန်ပြောသည်။
အားလုံးထွက်သွားကြသော် အဆောင်တွင်းတွင် ဦးတူနှင့် မိဖုရားငယ် နှစ်ယောက်သာ ကျန်ခဲ့တော့သည်။ ဤတွင် ဦးတူသည် မိဖုရားငယ်ကို ဆေးစကုတော့သည်။ ဦးတူက ဘာမပြောညာမပြောဘဲ မိဖုရားငယ်၏ ဆံပင်ကိုဆွဲပြီး-
“ဟဲ့…ကောင်မ ၊ နင်က ဘုရင့်မယားမို့ မောက်မာရသလား။ ဘာ ကူလီကူမာ လုပ်နေတာလဲ ထစမ်း…ဟဲ့..ထစမ်း” ဟု ဆိုကာရိုက်လေသည်။
မိဖုရားငယ် သည် မိမိလို ဘုရင့် မိဖုရားတပါးကို မင်းမှုထမ်းတစ်ယောက်က ဒီလိုလုပ်ရပါမလားဟု ဒေါသကြီးစွာထွက်လေသည်။ သို့ဖြင့် ဦးတုကို ထရိုက်ရာ ချော်သွားလေသည်။ ဦးတုက မိဖုရားငယ် ဒေါသထွက်အောင် နင်ပဲငဆထပ်မံ ပြောဆိုပြန်သည်။
မိဖုရားလည်း ဒေါသ ထပ်ထွက်ကာ အိပ်ယာမှ ထလိုက်လေတော့သည်။ သို့သော် ချည့်နဲ့နေသဖြင့် ကောင်းစွာမလိုက် နိုင်ပဲ တုန်တုန်ယင်ယင် နှင့် ယိုင်နဲ့နဲ့ဖြစ်နေသည်။ ဦးတုက မလှမ်းမကမ်း မြင်သာသည့်နေရာမှ မိဖုရားငယ်အား စိတ်ဆိုးဒေါသထွက်အောင် အမျိုးမျိုးလုပ်ပြ ပြန်သည်။ မိဖုရားငယ် ပိုဒေါသထွက်လာပြီး တုန်တုန်ယင်ယင် နှင့် ထလိုက်ပြန်သည်။
ဦးတူက မှန်နန်းဆောင်ကို ပတ်ပြေးသည်။ မိဖုရားငယ်ကလည်း နောက်က လိုက်သည်။ အချိန်အနည်းငယ်ကြာသော် လိုက်ရင်းလိုက်ရင်း မိဖုရားငယ်သည် ပုံမှန်လူ တစ်ယောက်နီးပါး ပြေးနိုင်လာသည်။ နန်းတွင်းသူအချို့က ရန်ဖြစ်နေသည်ဟု ထင်ကြကာ ၊ တစ်ချို့ကလည်း ဦးတူက မိဖုရားငယ်ကိုစော်ကားသည်ဟု ထင်ကာ ဘုရင့်ထံ သံတော်ဦးတင်ကြသည်။
ထိုအခါမှ ဦးတူသည် မင်းတုန်းမင်းကြီးထံသို့ အရောက်ပြေးကာ မိဖုရားငယ်အား ဆေးကုပြီးကြောင်း လျှောက်တင်လေသည်။ ထိုအခါမှ နန်းတွင်းရှိ လူအားလုံးမှာ မိဖုရားငယ်ကို ဦးတူဆေးကုပေးတာဖြစ်ကြောင်း သိသွားကြသည်။ မိဖုရားငယ်မှာ ဒေါသလည်းထွက် ၊ မောလည်းမောနေရာ နန်းတော်တိုင်ကို မှီ၍ရပ်နေလေသည်။ မင်းတုန်းမင်းကြီးထွက်လာကာ အကျိုးအကြောင်းရှင်းပြပြီး အဆောင်တော်သို့ ပြန်ပို့လိုက်ရသည်။
နောက်တစ်နေ့ရောက်လေသော် ဦးတူသည် မိဖုရားငယ်ထံသွားကာ သူရိုင်းပျစွာ ဆေးကုသမှုအတွက် ခွင့်လွှတ်ပေးပါရန် တောင်းပန်လေသည်။ မိဖုရားငယ်လည်း မင်းတုန်းမင်းကြီးရှင်းပြ၍ မိမိအားဆေးကုပေးသည်ကို သိပြီးဖြစ်သည့်အပြင် ရောဂါလည်းပျောက်ကင်းသွားပြီ ဖြစ်သဖြင့် ဦးတူအပေါ် အပြစ်မမြင်ပဲ ဆုလာဘ်အဖြစ် ငွေတစ်ထောင်ချီးမြှင့်လိုက်လေသည်။
ကိုးကား:
မြန်မာ့သမိုင်းဝင် သမိုင်းတင်ခဲ့သောဖြစ်ရပ်များ ၁၀၀ – နန္ဒာမိုးကြယ်