မင်းကွန်းခေါင်းလောင်းကြီးမှာ ကမ္ဘာပေါ်တွင် တတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည်။ ဘိုးတော်ဘုရားသည် အယူတော်မင်္ဂလာနိမိတ်ကြောင့် မင်းကွန်းပုထိုးတော်ကြီးကို ဆက်လည်မတည်တော့သော်လည်း မင်းကွန်းခေါင်းလောင်းတော်ကြီးကိုမူ ဆက်လက်သွန်းလုပ်ခဲ့သည်။ မင်းကွန်းပုထိုးတော်ကြီး နှင့် အတူခေါင်းလောင်းကြီးတစ်လုံးကို ထားရှိမည်ဟု မူလကတည်းက အကြံရှိပြီးဖြစ်သည်။
မင်းကွန်းခေါင်းလောင်းကြီးကို ဧရာဝတီမြစ် အရှေ့ဘက်ကမ်း၊ စွန်းလွန်းရွာတွင် မြန်မာသက္ကရာဇ် ၁၁၇၀-ပြည့်နှစ်၊ ကဆုန်လဆန်း ၁၅-ရက်နေ့တွင် ပန်းတင်းဝန် မဟာနန္ဒကျော်စွာ ဦးစီးသော ကြေးသွန်းလုပ်သား ပညာရှင်များက သွန်းလောင်းခဲ့ကြသည်။ ခေါင်းလောင်းကြီးကို သွန်းလောင်းရာတွင် ကြေးစင်သက်သက် သွန်းလောင်းခြင်းမဟုတ်ပဲ ကြေးဝါ ၊ ကြေးနီ ၊ ဘော် ၊ သံကျွတ် စသောဓာတ်သတ္တုများလည်း စုပေါင်းသွန်းလောင်းထားသည်။ အလေးချိန်ကို သွန်းလောင်းစဉ်ကတည်းက အချိန်အတွယ်စာရင်း တိကျစွာ ပြုစုမှတ်သားထားရသည်။
ခေါင်းလောင်းကြီး သွန်းလုပ်ရာအရပ်မှ ပုထိုးတော်ကြီးအနီးသို့ ဖောင်ဖြင့်သယ်ဆောင်ခဲ့ရသည်။ ပထမဆုံး ခေါင်းလောင်းကြီး၏ အောက်ဘက်ကို တူးကာ ခေါင်းလောင်းကြီးအောက်ဘက်တွင် ကရဝိတ်ဖောင်တော် နှစ်စင်းကိုတည်ဆောက်စေသည်။ ဖောင်တည်ဆောက်မှုပြီးစီးပြီး ဝါခေါင်လရေပြည့်လျှံသော ကာလတွင် ခေါင်းလောင်းကြီးသည် ဖောင်ပေါ်သို့ရောက်ရှိပြီး ဧရာဝတီမြစ်မှတစ်ဆင့် ခေါင်းလောင်းထားမည့်နေရာသို့ ဖောင်အားရွှေ့စေသည်။ ဆိပ်ကမ်းသို့ခေါင်းလောင်းဖောင်မရောက်ခင်ကတည်းက ဖောင်ချောင်းဖောက်ပြီးဖြစ်သည်။ ထိုဖောင်ချောင်းမှတစ်ဆင့် ခေါင်းလောင်းဖောင်အားဝင်စေပြီး ခေါင်းလောင်းကြီးအား ဆွဲတင်ကာ လူအားဖြင့်သစ်သားယက်မပေါ်တွင် ချိတ်ဆွဲခဲ့ကြသည်။
ဘိုးတော်ဘုရားလက်ထက် ( ၁၇၈၂ – ၁၈၁၉ ) က ၁၇၉၀ ခုနှစ်တွင် သွန်းလောင်း ပူဇော်ခဲ့သော မင်းကွန်းခေါင်းလောင်း မှာ (ရုရှ မြို့တော်) ကရင်မလင် နန်းတော် ရှိ ကမ္ဘာအကြီး ဆုံးခေါင်းလောင်းထက် အနည်းငယ် သေးပါသည်။ သို့သော် ရုရှ ခေါင်းလောင်းနှင့် မတူ တမူကွဲချက်က ထိုအရာမှာ ကွဲအက်လျက် ရှိလင့်ကစား မင်းကွန်း ခေါင်းလောင်းတော်မှာမူ ယနေ့တိုင် ထိုး၍ ထူ၍ အသံလွင်လွင် မြည်ဆဲပင် ရှိပါသည်။ ကြေးချိန်အလေး က ၈၇ တန် အမြင့်က ၃.၇ မီတာ တဖြာ ၁၂ ပေ၊ အဝန်းက ၅ မီတာ သိုမဟုတ် ၁၆ ပေခွဲ၊ စဉ့်ကူးမင်း၏ မဟာဂန္ဒ ခေါင်းလောင်းထက် အတိအကျ ၃.၇၈ သိုမဟုတ် ၄ ဆနီးပါး ပိုလေးလံကာ ၁၇၉၀ ခုနှစ်တွင် သွန်းလုပ်တော်မူ ခဲ့ရာ ၁၈၄၁ ခုကျမှ သာယာဝတီမင်း လှူမဟာသစ္ဆဒ ခေါင်းလောင်း တော်ထက်တော့ ၂ ဆပို၍ လေးလံမူလေသည်။
အတိုင်းအတာ
အဝအချင်း = ၁၆’ ၈ ၁/၄”
လုံးပတ် = ၅၀’ ၃/၄”
အစောက် = ၂၀’ ၃”
အလေးချိန် = ၉၀.၅၂ တန်
ပိဿာချိန် = ၅၅၅၅၅ ပိဿာ
မင်းမြူမှန်မှန်ပြော ဆိုသည်မှာ မင်းကွန်းခေါင်းလောင်းကြီး၏ အလေးချိန်ကို မှတ်သားထားခြင်း ဖြစ်သည်။ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ်၊ (အေဒီ-၁၈၃၈)တွင် မြေငလျင်လှုပ်သဖြင့် အနည်းငယ်နေရာရွေ့၍ (၅)ပိဿာခန့် ပဲ့သွားခဲ့သည်။ မြန်မာသက္ကရာဇ် ၁၂၆၆-ခုနှစ်၊ (အေဒီ-၁၉၀၄)တွင် ဧရာဝတီမီးသင်္ဘောကုမ္ပဏီမှ စကော့တလန်လူမျိုး အရာရှိတစ်ဦးက မူလသစ်သားယက်မပေါ်မှ ယခုရှိသော သံယက်မပေါ်သို့ ရွှေ့ပြောင်း တပ်ဆင်ပေးခဲ့သည်။ မင်းကွန်းခေါင်းလောင်းကြီးမှာ တိုင်(၁၆)တိုင်နှင့် ဘုံပြသာဒ်(၃)ဆင့် အမိုးတတ်ဆင်ထားသည်။
မင်းကွန်းခေါင်းလောင်းကြီးနှင့် နှိုင်းယှဉ်စရာ ထိုခေါင်းလောင်း ၂ လုံးမှာ ယနေ့ဆို ရန်ကုန်မြို့ ရွှေတိဂုံစေတီ ကုန်းတော်၌ ရှိနေကြပါသည်။ မင်းကွန်း ခေါင်းလောင်းတော်ကြီးမှာ ခေါင်းလောင်းသွင်း အပ်ပညာရပ်၌ လက်ခပ် မလွဲ တစ်ခုတည်းသော လက်ရာဖြစ်သည့် အချက်ကို ဘိုးတော်ဘုရား ကိုယ်တိုင် သိတော်မူခဲ့ဟန်ရှိ၏။ ဤအကြောင်း ကြောင့်ထင့်၊ အနုပညာ လက်ရာပညာရှင် ကိုသူ့ကြီးထက်သည့် ခေါင်းလောင်းတလုံး ထပ်၍ သွန်းပြုလုပ်မည်ကိုစိုး၍ အဆုံးစီရင်ခဲ့သည်ဆိုသတတ်။
ခေါင်းလောင်း မဟာမှာ သူရပ်တည်ရာ တပိုးလို ၁၈၃၈ ခု ငလျင်ဒဏ်ကို ကြံ့ကြံ့ခံလျက် မပျက်မစီး ယနေ့တိုင်ပင် တွဲလွဲဆွဲ၍ တန်ဆောင်းသစ်တွင် ဝန့်ဝန့်ထယ်ထယ် ကျောက်တိုင် ၂ လုံးကြား အောက်ခြေ သံမဏိ ယက်မခံ သံမဏိတန်း အပေါ်ဝယ် စ္စမ္မယ်တော် မူလျက်ပင် ရှိသေးသည်။ ချိုမြသံသာ ထွက်ရှိလာဖို့ သာသာနှက်ရန် ဖိတ်မန္ဒက ပြုခံကြ ရပါသည်။ ယင်း မင်းကွန်း ခေါင်းလောင်း တော်ကား မင်းကွန်းဘုရား အား ရည်စူး၍ သွန်းလောင်း လှူဒါန်းတော် မူခဲ့ခြင်းဖြစ်သည်။ မင်းကွန်းခေါင်းလောင်းထိုးသံအား တစ်မိုင်ခန့်အကွာမှပင်ကြားနိုင်ပြီး လေသင့်ပါက တစ်မိုင်ခွဲခန့် အကွာအဝေးကပင် ကြားနိုင်လေသည်။
ကိုးကား
မှတ်တမ်းသမိုင်း မန်းဇေယျာတိုင်း – လွင်မောင်
ဘိုးတော်ဘုရား နှင့် ကြီးလေးကြီး – သန်းထွန်း(လှည်းကူး)