အချစ်အတွက် တောင်ကြီးတစ်တောင်လုံးကို လမ်းဖောက်ပစ်ခဲ့သူ (သို့) ဇွဲ့မလျှော့တဲ့ တောင်လူသား

Posted on

တရုတ်ဒဏ္ဍာရီပုံပြင်တချို့မှာ တောင်ကြီးနှစ်တောင်ကို ရွေ့ခဲ့တဲ့ မိသားစုအကြောင်းကို ကြားဖူးဖတ်ဖူးကြမှာပါ။ သူတို့လိုပဲ တောင်ကြီးတစ်တောင်လုံးကိုမရွေ့နိုင်ပေမယ့် တောင်ကြီးတစ်တောင်ကို ဖျက်ပြီးလမ်းဖောက်ခဲ့တဲ့ အာဂလူသားတစ်ယောက် အပြင်လောကမှာ တကယ်ရှိခဲ့ပါတယ်။

သူကတော့ အိန္ဒိယနိုင်ငံ Gehlaur ကျေးရွာ က သာမန်အလုပ်သမားတစ်ယောက်ဖြစ်တဲ့  Dashrath Manjhi ဆိုသူပါ။ ဖြစ်နိုင်ဖို့အလွန်ခက်ခဲတဲ့အရာကို ဇွဲမလျှော့တမ်းလုပ်ခဲ့တာကြောင့် တောင်လူသား ဆိုတဲ့အမည်နဲ့ ကမ္ဘာကျော်ခဲ့သူဖြစ်ပါတယ်။

Dashrath Manjhi ဟာ ငယ်စဉ်ကတည်းက ရွာကနေထွက်ပြီး  Dhanbad ကျောက်မီးသွေးတွင်းမှာ အလုပ်လုပ်ခဲ့သူပါ။ အဲဒီနောက်တော့ ရွာကိုပြန်လာပြီး Falguni Devi ဆိုသူ မိန်းမပျိုနဲ့ ချစ်ကြိုက်တွေဆုံပြီး လက်ထပ်ခဲ့ပါတယ်။ သူဟာ သူဇနီးကို အလွန်ချစ်ပြီး ရွာအနီးမှာပဲနေထိုင်လုပ်ကိုင်ခဲ့တယ်။ တစ်နေ့ သူလုပ်လုပ်တဲ့ဆီက နေ့လည်စာလာပို့တဲ့ ဇနီးဖြစ်သူဟာ တောင်ကြောပေါ်ကခြေချော်ကြပါတယ်။ ဇနီးဖြစ်သူကို အမြန်ဆုံး မြို့ကဆေးရုံပို့ဖို့ကြိုးစားပေမယ့် ခရီးဝေးလွန်းတဲ့အတွက် အသက်မမီတော့ပါဘူး။

တကယ်တော့ ခရီးက အတည့်အတိုင်းဆိုရင် ၉မိုင် ဝန်းကျင်ပဲရှိပေမယ့် Gehlour တောင်ကြီး ကာဆီးနေတာကြောင့် ကွေ့ပတ်ပြီးသွားရတဲ့ ၃၄မိုင်ခန့်ဖြစ်သွားပါတယ်။ တောင်ကြီးသာ မရှိရင် သူမိန်းမကို ဆေးရုံကို အချိန်မီပို့နိုင်ခဲ့လိမ့်မယ်လို့ သူထင်ခဲ့တယ်။ တောင်ကြီးဟာ သူတို့ရွာရဲ့တိုးတက်မှုကို လည်းပိတ်ထားတယ် လို့သူသိခဲ့တယ်။ တစ်ညလုံးထိုင်တွေးပြီး ညဉ့်သန်းခေါင်လောက်မှာတော့ သူဆုံးဖြတ်ချက်ချခဲ့တယ်။ သူ့ရဲ့ရန်သူတော်တောင်ကြီးကို ဖြိုချပြီးလမ်းဖောက်လုပ်ဖို့ဆိုတဲ့ ဆုံးဖြတ်ချက်ဖြစ်ပါတယ်။

နောက်တစ်နေ့မှာတော့ သူဟာ တောင်ကိုဖြိုဖို့စတင်ပါတယ်။ ဖြိုဖို့လက်နက်မရှိတာကြောင့် သူ့ရဲ့တစ်ခုတည်းပိုင်ဆိုင်မှုဖြစ်တဲ့ ဆိတ်ကိုရောင်းကာ တူနဲ့ ဆောက်တွေဝယ်ယူခဲ့ပါတယ်။ အဲဒိနောက်တော့ တောင်ဆီကိုသွားကာ စတင်ဖြိုပါတော့တယ်။ သူ့ရဲ့အမျိုး မိတ်ဆွေတွေသာမက ရွာကလူအားလုံးက သူ့ကိုရူးသွားပြီလို့ ထင်မှတ်ကြတယ်။ ဘယ်သူဘာပြောပြော သူ့ရဲ့ဆုံးဖြတ်ချက်အတိုင်း တစိုက်မတ်မတ်လုပ်ခဲ့ပါတယ်။ သူ့ကိုသနားတဲ့လူအနည်းငယ်ကတော့ သူစားသောက်ဖို့ အစာရေစာ အနည်းငယ်နဲ့ ကိရိယာတန်ဆာပလာတွေကို တောက်ပံ့ပေးကမ်းကြပါတယ်။

သူတစ်ယောက်တည်းတောင်ကိုဖြိုတယ် ၊ ဖျက်တယ် ၊ ရှင်းလင်းတယ်။ ရက်တွေ လတွေ နှစ်တွေ ကြာသွားပေမယ့် ဘာမှထူးခြားမှု မရှိခဲ့ပါဘူး။ ဒါပေမယ့် သူမလျှော့ခဲ့ပါဘူး။ တောင်ကိုဖြိုရင်းနဲ့ သေရင်သေပစေဆိုတဲ့ စိတ်ဓာတ်နဲ့ ဆက်လက်လုပ်ပါတယ်။ ဒီလိုနဲ့နှစ်ပေါင်းများစွာကြာသွားတယ်။ သူ့အကြောင်းသတင်းစာမှာပါသွားလို့ အစိုးရကထောက်ပံ့ငွေပေးပေမယ့် ရွာအုပ်ချုပ်ရေးမှူးက ဖြတ်စားသွားလို့ တစ်ပြားမှမရလိုက်ဘူး။ အဲဒီတော့ ဒုံရင်းအတိုင်း တရွေ့ရွေ့နဲ့ ဇွဲမလျှော့ပဲဆက်တူးခဲ့တယ်။

အဲဒီနောက်တော့ အတိအကျပြောရရင် ၂၂နှစ်(၁၉၆၀-၁၉၈၃) ကျော် ကြာသွားပြီးတဲ့နောက်မှာ တောင်ကြီးနေရာမှာ လမ်းတစ်လမ်းပေါ်လာခဲ့ပါတယ်။ ဟုတ်ပါတယ်။ အာဂလူသား Dashrath Manjhi ဟာ တောင်ကိုဖြိုကာ လမ်းတစ်လမ်းကိုအောင်မြင်စွာ ဖောက်ပစ်နိုင်ခဲ့ပါတယ်။ သူ့ရဲ့တောင်ကြားလမ်းဟာ ၂၅ပေကျယ်ပြီး အရှည် ၃၆၀ပေ ရှိပါတယ်။

သူ့ရဲ့ကျေးဇူးကြောင့် အခုဆိုရင် ရွာနဲ့ မြို့အကွာအဝေးဟာ ၃၄မိုင်ကနေ ၉မိုင်ဖြစ်သွားခဲ့ပြီး မြို့နဲ့ရွာကိုအလွယ်တကူသွားလာနိုင်ခဲ့ပါပြီ။ ဘေးမှာ ပေ၂၀နီးပါးမြင့်တဲ့တောင်ကြားလမ်းကိုကြည့်လိုက်ရင် လူတစ်ယောက်တည်းဖောက်ဖို့အတွက် မဖြစ်နိုင်သယောင်ထင်ရပါတယ်။ ဒါပေမယ့် မဖြစ်နိုင်ဘူးဆိုတဲ့ အရာကို Dashrath Manjhi  က တစိုက်မတ်မတ်လုပ်ရင်း မဖြစ်နိုင်ဘူးဆိုတာမရှိဘူး ဆိုတဲ့စကားကို သက်သေပြလိုက်ပါတယ်။

အာဂလူသား Dashrath Manjhi ဟာ အသက် ၇၂နှစ်အရွယ် ( 17 Aug 2007) မှာ ဆီးအိမ်ကင်ဆာနဲ့ သေဆုံးခဲ့ပါတယ်။ မသေခင်မှာ သူ့ရဲ့အံမခန်းဇွဲကြောင့် ဆုပေါင်းများစွာရရှိခဲ့ပါတယ်။ သူ့ရဲဈာပနကို အလေးအမြတ်ပြုတဲ့အနေနဲ့ ဘီဟာပြည်နယ်အစိုးရက ဦးစီးကျင်းပပေးခဲ့ပါတယ်။ The Man Who Moved the Mountain ,  Manjhi – The Mountain Man, Olave Mandara ,  Bhoomi Thayiya Chochchala Maga စတဲ့ဇာတ်လမ်းတွေဟာ Dashrath ရဲ့ဘဝဇာတ်ကြောင်းကို အခြေခံရိုက်ကူးထားတာပဲဖြစ်ပါတယ်။

သူသေဆုံးသွားပေမယ့် သူဖောက်ထားခဲ့တဲ့လမ်းက ရှိနေဆဲဖြစ်သလို သူ့ကိုနာမည်ပေးထားတဲ့ တောင်လူသား ဆိုတဲ့နာမည်ကို အားလုံးမှတ်မိနေကြမှာပါ။ တခုခု အဆင်မပြေလို့စိတ်လျှော့တတ်တဲ့သူတိုင်းကို သူမေးလေ့ရှိတဲ့စကားတစ်ခွန်းရှိပါတယ်။

“မင်းအခက်အခဲက တောင်ဖြိုတာထက် ပိုပင်ပမ်း၊ ပိုခက်လို့လား” တဲ့

VIDEO