သက်ကြီးပုပင် ဘွန်ဆိုင်းပင်လေးတွေ အကြောင်း

Posted on

ရေးသားသူ – မိုးစက်အိမ်

ဘွန်ဆိုင်း ဆိုတာနဲ့ အရွယ်ငယ်ပြီး အလွန်လှပတဲ့ ချစ်စဖွယ်အပင်လေးတွေကို ပြောမှန်း သိပြီးဖြစ်ကြမှာပါ။ ဘွန်ဆိုင်း(Bonsai) ဆိုတာမှာ Bon က လင်ပန်း ၊ Sai က စိုက်ပျိုးခြင်း ဖြစ်တဲ့အတွက် လင်ပန်းထဲမှာထည့်စိုက်သောအပင်လို့ အဓိပ္ပါယ်ရပါတယ်။ အသက်ကပုံမှန်ကြီးပြီး အရွယ်အစားကငယ်လွန်းတာကြောင့် မြန်မာလိုဆိုရင်တော့ သက်ကြီးပုပင်လို့ခေါ်ကြပါတယ်။

ဘွန်ဆိုင်းပင်လေးတွေဟာ တရုတ်နိုင်ငံမှာစခဲ့တဲ့ ယဉ်ကျေးမှုတစ်ခုဖြစ်ခဲ့ပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း (၂၀၀၀) လောက်က သဘာဝရှုခင်းတွေကို ကိုယ့်အိမ်အနီးအနား မှာ ထားချင်တဲ့ ရည်ရွယ်ချက်နဲ့ စပြီး တီထွင်ဖန်တီးခဲ့ကြတဲ့ တရုတ်လူမျိုးတွေရဲ့ အနုပညာ တစ်ခုပါ။ ပြီးတော့ ဘွန်ဆိုင်းပင်ဟာ ငြိမ်းချမ်းခြင်း၊ မြင့်မြတ်ခြင်း။ ကောင်းမွန်ခြင်း စတဲ့အဓိပ္ပါယ်တွေဆောင်တယ်လို့ အယူရှိခဲ့ကြပါတယ်။

အေဒီ ၆ရာစုနှစ်ခန့်တွင် ဘွန်ဇိုင်းပင်ကလေးများစိုက်ပျိုးမှုဟာ တရုတ်ပြည်တွင်အစပြုပေါ်ပေါက်ခဲ့ပါတယ်။ နောက် ကမာကူရခေတ်(လွန်ခဲ့သော နှစ်ပေါင်း ၇၀၀) ရောက်တော့ ဇင် ဘုန်းတော်ကြီးတစ်ပါးဟာ တရုတ်နိုင်ငံမှတဆင့် ဂျပန်နိုင်ငံကို ဘွန်ဆိုင်းနည်းပညာကို လက်ဆင့်ကမ်းသယ်ဆောင်ပေးခဲ့ပါတယ်။ အဲဒီကမှ တဆင့် ဘွန်ဆိုင်းစိုက်ပျိုးခြင်းအတတ်ပညာဟာ ဂျပန်လူမျိုးများအကြား အနုပညာရပ်အသစ်အဆန်းအနေနဲ့ အလွန်ထင်ရှား လာပြီး မကြာမီ အာရှနိုင်ငံ အနှံအပြား လျင်လျင်မြန်မြန် ပျံ့နှံ့ခဲ့ပါတယ်။

အစမှာတော့ ဂျပန်နိုင်ငံရဲ့ ဘုန်းကြီးကျောင်းတွေမှာသာ စိုက်ပျိုးခဲ့ကြပေမယ့် နောက်ပိုင်းမှာ ဂျပန်လူမျိုးတွေဟာ ဘွန်ဆိုင်းပင်ကို စီးပွားတိုးတက်ဖို့ အဆောင်တစ်ခုအနေနဲ့ စတင်စိုက်ပျိုးခဲ့ကြပါတယ်။ ၁၄ ရာစုမှာတော့ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးလာကြပြီး အလွန် အဆင့်မြင့်သော အနုပညာတစ်ရပ် အနေနဲ့ ပြုစုပျိုးထောင်လာခဲ့ကြပါတော့တယ်။

၁၉ ရာစုအလယ်ပိုင်းရောက်သောအခါတွင်မှ ဂျပန်လူမျိုးတွေဟာ နှစ်ပေါင်း ၂၀၀ ကျော် လျှို့ဝှက်စွာ စိုက်ပျိုးခဲ့ကြတဲ့ ဘွန်ဆိုင်း နည်းပညာကို ကမ္ဘာကို ဖွင့်ပြကြေငြာခဲ့တဲ့အခါမှာတော့ ကမ္ဘာလှည့် ခရီးသည်တွေ ဂျပန်နိုင်ငံကို ရောက်ရှိလာပြီးနိုင်ငံအနှံ့က ဘွန်ဆိုင်းဥယျာဉ်တွေကို သွားရောက်လည်ပတ်တဲ့အခါ လွန်စွာမှလက်ရာမြောက်ပြီး ချစ်စဖွယ်အိုးလေးတွေနဲ့စိုက်ပျိုး လက်စွမ်းပြထားတဲ့ အံ့သြဖွယ် ဂျပန်လူမျိုးတို့ရဲ့ ဘွန်ဆိုင်း အနုပညာကို ရပ်သပ်ရှုမောဖွယ်တွေ့ မြင်ခဲ့ရပါတော့တယ်။

အဲဒီကမှတဆင့် ကမ္ဘာကို ဘွန်ဆိုင်း ဆိုတဲ့ ရောဂါတစ်ရပ်ကူးစက်ခဲ့ပြီး ဗီယက်နမ်၊ ပြင်သစ်၊ လန်ဒန်စတဲ့မြို့ကြီးတွေမှာ ပြပွဲတွေကျင်းပ လာကြပါတယ်။ အထူးကျော်ကြားတာကတော့ ၁၉၉၀ မှာ ပဲရစ်နိုင်ငံ Parc de la Villette Park မှာ ကျင်းပခဲ့တဲ့ ဘွန်ဆိုင်းပြပွဲဟာ ကျော်ကြားလှပါတယ်။ ယနေ့မှာတော့ အလွန်ကျော်ကြားလှတဲ့ အနုပညာတစ်ရပ်ဖြစ်တဲ့ ဘွန်ဆိုင်းပင် လေးတွေကို ကျွန်တော်တို့ နိုင်ငံ အနှံ့အပြားမှာ တွေ့မြင်နိုင်နေပြီဖြစ်ပါတယ်။

လင်ဗန်းလေးတွေ အိုးအတိမ်လေးတွေနဲ့ စိုက်ပျိုးထားတဲ့ ဘွန်ဆိုင်းပင်လေးတွေကို ကြည့်ရတာ ချစ်စရာကောင်းသလို စိတ်ဝင်စားစရာလဲ အလွန်ကောင်းလှပါတယ်။ ဘွန်ဆိုင်း တစ်ပင်ဖြစ်မြောက်လာဖို့ မလွယ်သလို ဘွန်ဆိုင်းပင်ဖြစ်လာရင်လဲ အမြဲရှင်သန်နေအောင်ပြုပြင်ထိန်းသိမ်းရတဲ့ ပညာကလဲ အလွန်အနုပညာမြောက်ပြီး စိတ်ဝင်စားစရာ ကောင်းလှပါတယ်။

အဓိကလိုအပ်ချက်ဖြစ်တဲ့ မြေသြဇာကို အချိန်မှန်ကျွေးနိုင်ဖို့ လိုသလို နေရောင်ခြည်နဲ့ ရေလောင်းချိန်လဲ စနစ်ကျ မှန်ကန်ဖို့ လိုပါတယ်။ ပြီးတော့ဘွန်ဆိုင်းပင် ပုံစံမပျက်အောင် ကြီးထွားလာခြင်းမရှိအောင် အကိုင်းချုပ်ရတဲ့ နည်းပညာကို လည်းတတ်ကျွမ်းနားလည်ထားဖို့ လိုအပ်ပါတယ်။ ဘွန်ဆိုင်းပင်ပြုလုပ်ဖို့ ပြုပြင်ဖို့ လွယ်ကူတဲ့ ထင်းရှုးပင်အမျိုးအစားကို အများဆုံးအသုံးပြုကြပေမယ့် အခြားသောအပင်အမျိုးအစားတွေကိုလည်း စိတ်ကူးရှိရင်ရှိသလို တီထွင်စိုက်ပျိုးနိုင်ကြပါတယ်။

လူတွေပြုပြင်ဖန်တီးထားတဲ့ ဘွန်ဆိုင်းပင်လေးတွေဟာ စိုက်တဲ့သူ ပြုပြင်တဲ့သူအပေါ် မူတည်ပြီး ပုံသဏ္ဍာန်အမျိုးမျိုး ဖြစ်နိုင်ကြပါတယ်။ အလှဆင်တဲ့ နေရာမှာလည်းကျောက်တုံးလေးတွေ မြက်ခင်းလေးတွေနဲ့ တန်ဆာဆင်ပြီး အပြင်က တကယ့် အစစ် ရှုခင်းတွေအတိုင်းဖန်တီးတန်ဆာ ဆင်နိုင်ကြပါသေးတယ်။ ယနေ့မှာတော့ အိမ်အငယ်စားလေးတွေ၊ ပန်းခြံ အငယ်စားလေးတွေနဲ့ ပါ အလှဆင်ဖန်တီးနိုင်နေကြပါပြီ။

ဒါကြောင့် မိမိအိမ်တွင်းမှာဖြစ်ဖြစ် အိမ်အပြင်ခြံဝန်းထဲမှာဖြစ်ဖြစ် အလှအနေနဲ့ ဖန်တီးလို့ရသလို ကံကောင်းခြင်း၊ငြိမ်းချမ်းခြင်း၊ စီးပွားလာဘ်လာဘ ကောင်းခြင်းအဆောင်အနေနဲ့ မိမိတို့ ဈေးဆိုင်ခန်းတွေမှာလဲ အလှဆင်ပုံဖော်ထားရှိနိုင်ကြပြီး ဂုဏ်ယူစရာအဆောင်အယောင်တစ်ရပ်အနေနဲ့ ထားရှိနိုင်ကြပါပြီ။

တစ်ရက်ပျော်ချင်လျင် အရက်သောက်ပါတဲ့ ၊ တစ်နှစ်ပျော်ချင်လျင် မိန်းမယူပါတဲ့ ၊ တစ်သက်လုံးပျော်ချင်လျှင်တော့ သစ်ပင်စိုက်ပါတဲ့ဗျာ