ဘုရင်စနစ်ကို ဆက်လက်ကျင့်ဆုံးဆဲ နိုင်ငံများ

Posted on

သုတဇုန် မိတ်ဆွေအားလုံး မင်္ဂလာပါရှင့်။ ကမ္ဘာပေါ်မှာရှိတဲ့နိုင်ငံအများစုရဲ့အုပ်ချုပ်ရေးစနစ်ဟာ ဘုရင်စနစ်ကနေ ဆင်းသက်လာခဲ့ကြတာဖြစ်ပါ တယ်။ အဲဒီ ဗဟိုချုပ်ကိုင်မှုကနေ အများစုအာဏာဖြန့်ကျက်တဲ့စနစ်ကို ကူးပြောင်းခဲ့ကြရာက ယနေ့ကာလမှာဆိုရင် ဘုရင်စနစ်ကို ကျင့်သုံးတဲ့နိုင်ငံအရေအတွက်ဟာ အလွန် နည်းသွားခဲ့ပြီဖြစ်ပါတယ်။ ဒါပေမယ့် ကမ္ဘာ့နိုင်ငံပေါင်း ၃၀ လောက်ကတော့ ဒီစနစ်ကို ဆက်လက်ကျင့်သုံးနေကြတုန်းပါ။

ဒီကနေ့ ဘုရင်စနစ်ကျင့်သုံးတဲ့ နိုင်ငံအများစုဟာ စည်းမျဉ်း ခံဘုရင်စနစ်ကို ကျင့်သုံးနေကြတာဖြစ်ပါတယ်။ ဘုရင်၊ ဘုရင်မတွေဟာ နိုင်ငံရဲ့အကြီးအမှူးအနေနဲ့သာရှိနေပြီး အုပ်ချုပ်ရေးကဏ္ဍတွေမှာတော့ ဝင်ရောက်စွက်ဖက်လေ့မရှိကြတော့ပါဘူး။ ဒါပေမယ့် အချို့နိုင်ငံတွေမှာတော့ တော်ဝင်မိသားစုတွေဟာတိုင်းပြည်ရဲ့အာဏာကို တရားဝင်ဆုပ်ကိုင်ထားနေကြဆဲ ဖြစ်ပါတယ်။ ဒီတခါတော့ ဘုရင်စနစ်ကိုလက်ကိုင်ကျင့်သုံးဆဲဖြစ်တဲ့ နိုင်ငံ အချို့အကြောင်းကို သုတဇုန် မိတ်ဆွေတွေထံ ဝေမျှပေးချင်ပါတယ်။

နံပါတ်(၁၀) အင်္ဂလန်နိုင်ငံ

နေမဝင်အင်ပါယာကိုထူထောင်ခဲ့တဲ့ အင်္ဂလန်တော်ဝင်မိသားစုဟာ ကမ္ဘာပေါ်မှာ လူသိများထင်ရှားပါတယ်။ ယနေ့တိုင် အင်္ဂလန်နိုင်ငံရဲ့ဘုရင်မအဖြစ်စိုးစံနေသူက ဒုတိယ အဲလိဇဘက်ဘုရင်မကြီးဖြစ်ပြီးနန်းသက် (၆၈)နှစ်ကျော်လွန်ခဲ့ပြီလည်းဖြစ်ပါတယ်။ ယနေ့ အင်္ဂလန်ရဲ့အရပ်ဘက်အုပ်ချုပ်ရေးဟာ ဝန်ကြီးချုပ် ဦးဆောင်တဲ့ ရွေးကောက်ခံပါတီတွေဖြစ်တယ်ဆိုပေမဲ့ အဲလိဇဘတ်ဘုရင်မကြီးဟာ ဗြိတိန်ကျွန်းအတွက်သာမက ဓနသဟာယနိုင်ငံတွေဖြစ်တဲ့ ကနေဒါ၊ သြစတေးလျနဲ့ နယူးဇီလန်နိုင်ငံတွေအပါအဝင်များစွာသောအဖွဲ့ဝင်နိုင်ငံတွေရဲ့နိုင်ငံတော် အဓိပတိခေါင်းဆောင်ဘုရင်မအဖြစ် ဆက်လက်ရှိနေသေးပါတယ်။

နံပါတ်(၉) နယ်သာလန်၊ ဘယ်လ်ဂျီယံ၊ လူဇင်ဘတ်

ဥရောပတိုက်နိုင်ငံတွေဖြစ်ကြတဲ့ နယ်သာလန်၊ ဘယ်ဂျီယံနဲ့ လူဇင်ဘတ်နိုင်ငံတွေဟာလည်း ဘုရင်မင်းဆက်တွေကို ပိုင်ဆိုင်ထားကြဆဲဖြစ်ပါတယ်။ ယင်းနိုင်ငံတွေက ဘုရင်မင်းဆက်အားလုံးဟာ နိုင်ငံတော်အာဏာကို ရယူထားခြင်းမရှိပေမယ့် နိုင်ငံတွေရဲ့အထင်ကရတော်ဝင်မျိုး ဆက်တွေအဖြစ်တော့ရှိနေပါသေးတယ်။ နယ်သာလန်နိုင်ငံကိုတော့ ဘုရင်ဝီလီယန်အလက်ဇနားနဲ့ ဘုရင်မ မက်ဇီမာတို့က လက်ရှိအချိန်မှာ အုပ်စိုးနေကြပြီး တော်ဝင်မျိုးနွယ်တွေနေထိုင်ရာ အဆောက်အအုံကိုတော့ လိမ္မော်ရောင် အိမ်တော်လို့အမည်တွင်ပါတယ်။

ဘယ်ဂျီယံနိုင်ငံကိုတော့ (၂၀၁၃)ခုနှစ်က ဘယ်ဂျီယံရဲ့သတ္တမမြောက်ဘုရင်ဖြစ်လာတဲ့ဘုရင် ဖိလစ်ကအုပ်စိုးလျက်ရှိပါတယ်။ လူဇင်ဘတ်နိုင်ငံကိုတော့ တော်ဝင်မြို့စားကြီး Henri ကလက်ရှိအချိန်မှာဆက်လက်အုပ်ချုပ်နေပါတယ်။ ဒီနိုင်ငံတွေရဲ့မင်းဆက်တွေကိုတော့ (၁၉)ရာစုကာလကမှာ စတင် တည်ထောင်ခဲ့ကြတာဖြစ်ပါတယ်။

နံပါတ်(၈) Scandinavia နိုင်ငံများ (ဒိန်းမတ်၊ နော်ဝေ၊ ဆွီဒင်)

Scandinavia နိုင်ငံများလို့သိကြတဲ့ ဒိန်းမတ်၊နော်ဝေ၊ဆွီဒင်စတဲ့ ဥရောပနိုင်ငံတွေဟာဆိုရင်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဘုရင်စနစ်ကိုဆက်လက်ထားရှိကြတုန်းပါပဲ။ ဒီနိုင်ငံအားလုံးရဲ့ မင်းဆက်တွေစိုးစံခဲ့တဲ့သက်တမ်းဟာ နှစ်ပေါင်းတစ်ထောင်ကျော်နေပြီ ဖြစ်ပါတယ်။

ယနေ့အချိန်မှာဆိုရင် ဒိန်းမတ်နိုင်ငံရဲ့ဘုရင်မဟာ ဒုတိယမြောက် မာဂရတ်ဘုရင်မဖြစ်ပြီး ဆွီဒင်နိုင်ငံရဲ့စည်းမျဉ်းခံဘုရင်ကတော့ ကားလ်ဂတ်စတာ ၁၆ ဖြစ်ပါတယ်။ နော်ဝေနိုင်ငံကိုတော့ ဂလတ်ဘတ်စ် လွှတ်တော်က(၁၁၅)နှစ်ကြာ အုပ်ချုပ်ခဲ့ပြီး ယခုချိန်မှာတော့ ဘုရင် ပဉ္စမ ဟာရို ကအုပ်ချုပ်ပါတယ်။

နံပါတ်(၇) မိုနာကိုနိုင်ငံ

ကမ္ဘာ့ဒုတိယအသေးငယ်ဆုံးနိုင်ငံငယ်လေးဖြစ်တဲ့ မိုနာကိုနိုင်ငံဟာလည်း စည်းမျဉ်းခံဘုရင်စနစ်ကို ထားရှိဆဲဖြစ်ပါတယ်။ ဒီနိုင်ငံငယ်လေးဟာ ဂရီမာဒီ မင်းဆက်ရဲ့အုပ်ချုပ်မှုအောက်မှာ တည်ရှိနေခဲ့တာ နှစ် (၇၀၀)ကျော် နေပြီဖြစ်ပါတယ်။ ယနေ့ကာလမှာတော့ မိုနာကိုဟာ မင်းသား ဒုတိယမြောက် အဲလ်ဘတ်ရဲ့အုပ်ချုပ်မှုအောက်မှာရှိနေပါတယ်။ အယ်ဘတ်မင်းသားဟာဆိုရင် နိုင်ငံတော်ကောင်စီရဲ့ဥပဒေပြုအာဏာပိုင်အဖွဲ့ရဲ့အာဏာကိုခွဲဝေသုံးစွဲခွင့်ရထားတဲ့ နိုင်ငံတော်အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပါတယ်။

နံပါတ်(၆) အာရေဗီးယန်းကျွန်းဆွယ်

ယီမင်နိုင်ငံကလွဲပြီး အာရေဗီးယန်းကျွန်းဆွယ်တခုလုံးက နိုင်ငံအားလုံးမှာ ဘုရင်မင်းဆက်တွေ ယနေ့တိုင်အုပ်ချုပ်ဆဲဖြစ်ပါတယ်။ အဲဒီနိုင်ငံတွေရဲ့ မင်းဆက်အားလုံးဟာ နိုင်ငံတော်အာဏာကို စိတ်ကြိုက်ခွဲဝေသုံးစွဲခွင့် ရှိနေကြတာဖြစ်ပါတယ်။ ဒီနိုင်ငံတွေအနက်က ကူဝိတ်၊ ကာတာနဲ့ ယူအေအီးနိုင်ငံတွေဟာ emirs တွေအုပ်စိုးချုပ်ကိုင်ထားပြီး ကမ္ဘာ့ရေနံထုတ်လုပ်မှု အင်အားကြီးနိုင်ငံဖြစ်တဲ့ ဆော်ဒီအာရေးဗျ နဲ့ ဘာရိန်းဘုရင်နိုင်ငံငယ်လေးကိုတော့ ဘုရင်တွေကိုယ်တိုင်အုပ်ချုပ်ကာ အိုမန်နိုင်ငံကိုတော့ ဘုရင်ဆူလ်တန်က အုပ်ချုပ်ပါတယ်။

နံပါတ်(၅) မလေးရှားနိုင်ငံ

အရှေ့တောင်အာရှမှာ တည်ရှိတဲ့ မလေးရှားနိုင်ငံဟာဆိုရင်လည်း နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေမှာတင် ဘုရင်စနစ်ကိုထည့်သွင်းထားပါတယ်။ ထူးခြားတာကတော့ မလေးရှား ဘုရင်တွေဟာ ကွယ်လွန်တဲ့အချိန်ထိ ထီးနန်းကိုအုပ်စိုးခွင့်မရှိဘဲ (၅)နှစ်သက်တမ်း ပဲရှိနေကြတာဖြစ်ပါတယ်။ မလေးရှားထီးနန်းကိုတော့ နိုင်ငံရဲ့ပြည်နယ်(၉)ခုကမျိုးရိုးအလိုက် ထီးနန်းမွေဆက်ခံခွင့်ရှိသူတွေက အလှည့်ကျအုပ်စိုးခွင့်ရှိနေတာဖြစ်ပါတယ်။ ဥရောပက မင်းဆက်တွေနည်းတူ မလေးရှားနိုင်ငံရဲ့ဘုရင်တွေဟာတိုင်းပြည်ရဲ့အကြီးအကဲဖြစ်တယ်ဆိုပေမယ့် နိုင်ငံတော်အာဏာကိုတော့ချုပ်ကိုင်ထားနိုင်ခွင့်တော့ မရှိပါဘူး။

နံပါတ်(၄) ထိုင်းနိုင်ငံ

မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းဖြစ်တဲ့ ထိုင်းနိုင်ငံဟာဆိုရင်လည်း ဘုရင်စနစ်ကို ကျင့်သုံးဆဲဖြစ်ပါတယ်။ သမိုင်းတလျှောက်အရှည်ကြာဆုံးသော ထီးနန်းအုပ်စိုးသူဖြစ်တဲ့ ဘုရင်ကြီး ဘူမိဘော ကသူကွယ်လွန်ခဲ့တဲ့(၂၀၁၆)ခုနှစ်ကာလအထိ နှစ်ပေါင်း(၇၀)လောက် ကြာအောင် အုပ်ချုပ်သွားခဲ့ပါတယ်။ ချက်ကရီမင်းဆက်တွေဟာ ထိုင်းနိုင်ငံကို (၁၇၈၂)ခုနှစ်ကနေစတင်အုပ်ချုပ်ခဲ့ပြီး ဘုရင်ကြီးဘူမိဘောကတော့ ပြည်သူကို စံထားတဲ့ပြုပြင်ပြောင်းလဲမှုများစွာကြောင့် လူထုထောက်ခံရိုသေမှုကို တခဲနက်ရရှိခဲ့ပေါတယ်။ ဒါပေမယ့် သူ့နောက်မှာ ဆက်ခံလာတဲ့ သားဖြစ်သူ မဟာဝချီရာလောင်ကွန်းကတော့ ထိုင်းပြည်သူလူထုသာ မက ကမ္ဘာ့မီဒီယာတွေရဲ့ ဝေဖန်မှုများစွာခံခဲ့ရသလို မကြာခဏလည်း ဆန္ဒအပြခံနေရပါတယ်။

နံပါတ်(၃) ဘရူနိုင်း

မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံတွေလိုပဲ ဘော်နီယိုကျွန်းအတွင်းမှယပါဝင်နေတဲ့ ဘရူနိုင်းနိုင်ငံဟာ ရေနံပေါကြွယ်ဝလွန်းတာကြောင့် ကမ္ဘာ့ အချမ်းသာဆုံးနိုင်ငံတွေထဲမှာ ပါဝင်နေပါတယ်။ နိုင်ငံတခုလုံးကို ဆူလ်တန်ဘုရင်ဦးဆောင်တဲ့ အစ္စလာမ်ဘာသာရေးအခြေခံ အုပ်ချုပ်ရေးစနစ်နဲ့ အုပ်ချုပ်ပါတယ်။ လွှတ်တော် ရှိပေမယ့် ရွေးကောက်ပွဲတွေကို ကျင်းပလေ့ မရှိပါဘူး။ ဘရူနိုင်းနိုင်ငံရဲ့ နောက်ဆုံးရွေးကောက်ပွဲကိုတော့ ၁၉၆၂ ခုနှစ်က ကျင်းပခဲ့တာဖြစ်ပါတယ်။ ဘရူနိုင်းဘုရင် ဟာဆာနယ်လ် ဘိုကီးယား ဟာ တဦးတည်းပိုင်ဆိုင်မှုအနေနဲ့ အမေရိကန်ဒေါ်လာ ဘီလျံ ၃၀ ခန့်ကြွယ်ဝပြီး ကမ္ဘာပေါ်မှာ ဒုတိယအချမ်းသာဆုံး ဘုရင်လည်း ဖြစ်ပါတယ်။

နံပါတ်(၂) ဂျပန်

နေမျိုးနွယ်တွေလို့ တင်စားခေါ်ဆိုကြတဲ့ ဂျပန်လူမျိုးတွေကလည်း (၇)ရာစုကာလကနေ စတင်ပြီး ယနေ့အချိန်ထိ ကိုယ်ပိုင်ထီးနန်းကို ထိန်းသိမ်းထားဆဲဖြစ်ပါတယ်။ တချိန်တုန်းကတော့ ဂျပန်အင်ပါယာဘုရင်ဟာ နိုင်ငံတော်အာဏာကို အလုံးစုံချုပ်ကိုင်အုပ်ချုပ်ခဲ့ရာကနေ ဒုတိယကမ္ဘာစစ်ပြီးဆုံးချိန်မှာတော့ စစ်ပွဲကိုဦးဆောင်တိုက်ခိုက်ခဲ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ တိုင်းပြည်ရဲ့ပြယုဂ်အဖြစ် အဆင့်ချခြင်းခံခဲ့ရတယ်။ ယနေ့ ကာလမှာတော့ ဂျပန်နိုင်ငံရဲ့အုပ်ချုပ်ရေး အာဏာဟာ ရွေးကောက်ခံပါတီက ဝန်ကြီးချုပ်ဦးဆောင်တဲ့ အစိုးရအဖွဲ့လက်အတွင်းရှိနေပါတယ်။ လက်ရှိ ဂျပန်ဘုရင်ကတော့ (၂၀၁၉)ခုနှစ်ကနန်းတက်ခဲ့တဲ့ ဧကရာဇ် နာရူဟီတို ဖြစ်ပါတယ်။

နံပါတ်(၁) အက်ဆွာတီနီ

ယခင်က ဆွာဇီလန်နိုင်ငံလို့သိခဲ့ကြတဲ့ အက်ဆွာတီနီနိုင်ငံဟာဆိုရင် အာဖရိကတိုက်က ဘုရင့်နိုင်ငံတွေအနက် ဘုရင်က အာဏာကုန်ရယူထားတဲ့ နိုင်ငံဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ဘုရင် တတိယ ဆွာတီ က ဦးဆောင်အုပ်ချုပ်လျက်ရှိပါတယ်။ ဘုရင်ကပဲ နိုင်ငံတော်အာဏာကို အလုံးစုံထိန်းသိမ်း ထားတာမျိုးဖြစ်ပြီး ရှေးရိုးစွဲဆန်ဆန်ပဲ ဘုရင်ဟာ ဇနီးအယောက်(၁၄)အထိ တရားဝင်ရယူထားပါတယ်။

ဘုရင်ဟာ နိုင်ငံ ကိုတော့ တင်းကျပ်တဲ့ဥပဒေထုတ်ပြန်အုပ်ချုပ်ထားပြီး သူ့အပေါ်ပုဂ္ဂိုလ်ရေးဆိုင်ရာဝေဖန်မှုမှန်သမျှကို ပြစ်ဒဏ်အဖြစ် သတ်မှတ်ပါတယ်။ အက်ဆွာတီနီ နိုင်ငံရဲ့အမှတ်အသားကတော့ ခြင်္သေ့နဲ့ ဆင်တို့ပါဝင်ပြီး ဘုရင့်တော်ဝင်မိသားစုကိုသာ ကိုယ်စားပြုထားတာဖြစ်ပါတယ်။ ခြင်္သေ့ဟာဘုရင်၊ ဆင်ဟာ ဘုရင့်မယ်တော်ဘုရင်မကြီးကို ရည်ရွယ်ထားခြင်း ဖြစ်ပါတယ်။

ဒီလောက်ဆိုရင်တော့ ဘုရင်စနစ်ကို ကျင့်သုံးဆဲဖြစ်တဲ့ နိုင်ငံတွေရဲ့အကြောင်းကို အနည်းအကျဉ်း သိသွားလောက်ပြီလို့ မျှော်လင့်ပါတယ်။ နောက်ထပ်လည်း တခြား ကမ္ဘာ့ဗဟုသုတဆိုင်ရာ စိတ်ဝင်စားဖွယ် အကြောင်းအရာတွေကို တင်ဆက်သွားဦးမှာ ဖြစ်တဲ့အတွက် သုတဇုန်ချန်နယ်ကို Subscribe လုပ်သွားပေးကြပါဦးနော်။