ဘာရိန်းနိုင်ငံဟာ ပါရှန်းပင်လယ်ကွေ့မှာ တည်ရှိတဲ့ ကျွန်းနိုင်ငံငယ်လေးဖြစ်ပါတယ်။ ဘုရင်အုပ်ချုပ်တဲ့နိုင်ငံဖြစ်တာကြောင့် တရားဝင်အခေါ်အဝေါ်ကတော့ ဘာရိန်းဘုရင့်နိုင်ငံ ဖြစ်ပါတယ်။ ဒီကျွန်းစုနိုင်ငံဟာ ကာတာနိုင်ငံရဲ့မြောက်ဘက် နဲ့ ဆော်ဒီအာရေဗျနိုင်ငံရဲ့ အရှေ့ဘက်မှာတည်ရှိနေပါတယ်။ ဘာရိန်းနိုင်ငံရဲ့ စိတ်ဝင်စားဖွယ်အချက်အလက်တချို့ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
ဘာရိန်းနိုင်ငံဟာ အရှေ့အလယ်ပိုင်းနိုင်ငံတွေထဲမှာ ဧရိယာအငယ်ဆုံးနိုင်ငံဖြစ်ပြီး အာရှမှာတော့ တတိယအငယ်ဆုံးနိုင်ငံဖြစ်ပါတယ်။ ဧရိယာစတုရန်းမိုင် ၁၉၅.၅မိုင် သာရှိတဲ့ ဘာရိန်းနိုင်ငံထက် ပိုငယ်တဲ့နိုင်ငံတွေကတော့ စင်ကာပူ နဲ့ မော်လဒိုက်နိုင်ငံတွေပဲ ဖြစ်ပါတယ်။
မူလကတော့ ဘာရိန်းနိုင်ငံမှာ ကျွန်းပေါင်း ၃၃နိုင်ငံပဲ ရှိပေမယ့် နောက်ပိုင်းမှာတော့ ပင်လယ်ထဲမှာပါ လူလုပ်ကျွန်းတွေကို တိုးချဲ့တည်ဆောက်လာတာကြောင့် ကျွန်းပေါင်း ၈၄ခုအထိ တိုးလာပါတယ်။ နိုင်ငံဧရိယာကလည်း ၃၈ စတုရန်းမိုင် တိုးလာပါတယ်။
ဘာရိန်းနိုင်ငံဟာ ကမ်းရိုးတန်းမိုင်အရှည် ၁၀၀ မိုင်ရှိပြီး မည်သည့်နိုင်ငံနဲ့မှ နယ်မြေချင်းထိစပ်မှု မရှိပါဘူး။
စုစုပေါင်း ကုန်းမြေဧရိယာရဲ့ ၂.၈၂% ပဲ စိုက်ပျိုးမြေအဖြစ်အသုံးပြုနိုင်ပြီး ရေသွင်းစိုက်ပျိုးနည်းကို အသုံးပြုစိုက်ပျိုးကြပါတယ်။
ဇူလိုင် နဲ့ သြဂုတ်လတွေဟာ ဘာရိန်းနိုင်ငံရဲ့ အပူဆုံးလတွေဖြစ်ပြီး အပူချိန် ၃၈ဒီဂရီဆဲစီးယပ် အထိရှိတတ်ပါတယ်။ အအေးဆုံးလတွေကတော့ ဇန်နဝါရီ နဲ့ ဖေဖော်ဝါရီလတွေဖြစ်ပြီး ထိုလတွေမှာ ၁၄ဒီဂရီဆဲစီးယပ်အထိ အပူချိန် ကျဆင်းတတ်ပါတယ်။
နိုင်ငံရဲ့အမြင့်ဆုံးနေရာကတော့ ကျွန်းမကြီးအလယ်မှာရှိတဲ့ Jabal al Dukhan တောင်ဖြစ်ပြီး အမြင့်ပေ ၄၄၀မီတာသာ ပဲမြင့်ပါတယ်။ အဲဒီတောင်ကို မီးခိုးငွေ့တောင်လို့လည်း ခေါ်ကြပါသေးတယ်။
မနန်မာမြို့ကတော့ ဘာရိန်းရဲ့မြို့တော်နဲ့ အကြီးဆုံး မြို့ဖြစ်ပြီး လူဦးရေ ၁၄၀၀၀၀ ဝန်းကျင်ခန့်နေထိုင်တဲ့မြို့ဖြစ်ပါတယ်။
ဘာရိန်း ဆိုတဲ့အမည်ကတော့ အာရေးဗျစကား al-Bahrayn ကနေ ဆင်းသက်လာတာဖြစ်ပြီး ပင်လယ်နှစ်ခု လို့အဓိပ္ပါယ်ရပါတယ်။ ဘာရိန်း နဲ့ ပါရှန်းပင်လယ်ကွေ့တွေကို ရည်ညွှန်းတာပါ။
အလယ်ခေတ်တုန်းကတော့ ဘာရိန်းဟာ နိုင်ငံသက်သက်မဟုတ်ပဲ အာရေဗျရဲ့ အရှေ့ပိုင်းဒေသဖြစ်ခဲ့ပါတယ်။ ကြေးခေတ်မှာတော့ ဘာရိန်းမှာ Dilmun ယဉ်ကျေးမှုထွန်းကားခဲ့ပါတယ်။
ဘာရိန်းဒေသဟာ သမိုင်းတလျှောက်ထွန်းကားခဲ့တဲ့အကြောင်းကတော့ ပုလဲလုပ်ငန်းကြောင့်ဖြစ်ပြီး အဲဒီအချိန်က ဘာရိန်းထွက်ပုလဲတွေဟာ ကမ္ဘာ့အရည်အသွေးအကောင်းဆုံး ပုလဲတွေဖြစ်ခဲ့ပါတယ်။
ဒီကြွယ်ဝမှုကြောင့်ပဲ ရှေးခေတ်အဆက်ဆက် ဘုရင်တွေဟာ ဘာရိန်းကို ကျူးကျော်ခဲ့ကြပါတယ်။ အဲဒီအထဲမှာ ဘေဘီလုံဘုရင်တွေ နဲ့ အဆီးရီးယန်းဘုရင်တွေလည်း ပါဝင်ပါတယ်။
ရှေးခေတ်ဂရိစာပေတွေမှာတော့ ဘာရိန်းကို Tylos လို့ဖေါ်ပြကြပါတယ်။ အဲဒီခေတ်တုန်းက ဘာရိန်းဟာ ဝါဂွမ်း နဲ့ ချည်မျှင် လုပ်ငန်းတွေကို အကြီးအကျယ်လုပ်ခဲ့လို့ဖြစ်ပါတယ်။
၅ရာစုတုန်းကတော့ ဘာရိန်းမှာ ခရစ်ယာန်ဘာသာ ထွန်းကားခဲ့ပါတယ်။ ဒါပေမယ့် ၇ရာစုမှာတော့ ဘာရိန်းဟာ Zaid ibn Haritha လက်အောက်ကိုရောက်ရှိသွားခဲပြီးတဲ့နောက် အစ္စလမ်ဘာသာကို ကိုးကွယ်သူများပြားလာခဲ့ပါတယ်။ လက်ရှိမှာတော့ နိုင်ငံလူဦးရေ စုစုပေါင်းရဲ့၇၀% က အစ္စလမ် ၊ ၁၄.၅%က ခရစ်ယာန် ၊ ၉.၈%က ဟိန္ဒူ ၊ ၂.၅%က ဗုဒ္ဓဘာသာဖြစ်ပြီး အခြားဘာသာကိုးကွယ်သူ အနည်းငယ်လည်း ရှိပါတယ်။
ဘာရိန်းဟာ ပေါ်တူဂီတွေရဲ့လက်အောက်ကို ၁၅၂၁ခုနှစ်မှာ ကျရောက်ခဲ့ရပြီး နှစ်ပေါင်း ၈၀ခန့် ပေါ်တူဂီတွေရဲ့လက်အောက်မှာ နေခဲ့ရပါတယ်။ ၁၈၉၂ခုနှစ်မှာတော့ ဗြိတိသျှကိုလိုနီနယ်အဖြစ် သိမ်းပိုက်ခြင်းခံခဲ့ရပါတယ်။
၁၉၇၁ခုနှစ်မှာတော့ လွတ်လပ်ရေးရခဲ့ပြီး အာရပ်နိုင်ငံများအဖွဲ့ နဲ့ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်လာခဲ့ပါတယ်။
ဘုရင်စနစ်နဲ့ အုပ်ချုပ်ပြီး နိုင်ငံအကြီးအကဲက ဘုရင် Hamad bin Isa Al Khalifa ဖြစ်ပြီး ၁၉၉၉ ခုနှစ်ကစလို့ ဘာရိန်းနိုင်ငံကို အုပ်ချုပ်ခဲ့တာဖြစ်ပါတယ်။ လက်ရှိ ဝန်ကြီးချုပ်ကတော့ Khalifa bin Salman ဖြစ်ပြီး သူဟာ ၁၉၇၁ခုနှစ်က ဒီတာဝန်ကို ထမ်းဆောင်ခဲ့တဲ့ ကမ္ဘာ့သက်တမ်းအရှည်ဆုံး ဝန်ကြီးချုပ်လည်း ဖြစ်ပါတယ်။
အာရပ်နိုင်ငံဖြစ်ပေမယ့် ဘာရိန်းဟာ နိုင်ငံရပ်ခြားတိုင်းပြည်များနဲ့လည်း ဆက်ဆံရေးအလွန်ကောင်းမွန်ပါတယ်။ ကမ္ဘာတဝှမ်းမှာ သံရုံးပေါင်း ၂၅ခုကို ဖွင့်လှစ်ထားပါတယ်။ ဘာရိန်းဟာ အသင့်အင်အား ၁၃၀၀၀ ခန့်သာရှိတဲ့ စစ်တပ်ကို ပိုင်ဆိုင်ထားပြီး ကမ္ဘာ့အဆင့် ၉၇ ဖြစ်ပါတယ်။ ရေတပ်အနေနဲ့ကတော့ အမေရိကန်ရေတပ်က Juffair မှာ အခြေစိုက်ထားပြီး ဘာရိန်းကို အကာအကွယ်ပေးထားပါတယ်။
ရုံးသုံးဘာသာစကားအနေနဲ့ အာရေဗျဘာသာကို သုံးစွဲပြီး ငွေကြေးစနစ်ကတော့ ဘာရိန်းဒိုင်နာ ဖြစ်ပါတယ်။ ဘာရိန်းဒိုင်နာဟာ ကမ္ဘာပေါ်မှာ ဒုတိယတန်ဖိုးအမြင့်ဆုံး ငွေကြေးစနစ်ဖြစ်ပြီး ဘာရိန်း ၁ဒိုင်နာ ဟာ အမေရိကန်ဒေါ်လာ ၂.၆၆ဒေါ်လာ နဲ့ ညီမျှပါတယ်။
၂၀၁၆ ခုနှစ်စာရင်းအရ ဘာရိန်းနိုင်ငံရဲ့ လူဦးရေဟာ ၁.၄၂သန်းဖြစ်ပြီး တစ်ဝက်လောက်ကသာ နိုင်ငံသားတွေဖြစ်ပါတယ်။ နိုင်ငံသားမဟုတ်တဲ့ ကျန်တစ်ဝက်ကတော့ တောင်အာရှနိုင်ငံ နဲ့ ဥရောပနိုင်ငံသားတွေဖြစ်ပါတယ်။ ၁စတုရန်းမိုင်မှာ လူပေါင်း ၄၇၀၀ခန့်နေထိုင်တဲ့ ဘာရိန်းဟာ ကမ္ဘာပေါ်က ၇ခုမြောက် လူဦးရေအထူထပ်ဆုံး နိုင်ငံလည်းဖြစ်ပါတယ်။
ဘာရိန်းနိုင်ငံသား တစ်ဦးချင်းစီရဲ့နှစ်စဉ်ပျမ်းမျှဝင်ငွေဟာ အမေရိကန်ဒေါ်လာ 52,937 ဖြစ်ပြီး တစ်ဦးချင်းဝင်ငွေအရ ကမ္ဘာ့အဆင့် ၁၅ အချမ်းသာဆုံးနိုင်ငံဖြစ်ပါတယ်။
နိုင်ငံရဲ့အဓိကစီးပွားရေးကတော့ ရေနံ နဲ့ လောင်စာဆီထုတ်လုပ်ခြင်း ဖြစ်ပြီး အလူမီနီယမ် ၊ သံမဏိ ၊ ဘဏ် ၊ အာမခံ ၊ သင်္ဘောတည်ဆောက်ခြင်း ၊ ခရီးသွားလာမှုဝန်ဆောင်ခြင်း လုပ်ငန်းတွေကိုလုပ်ကိုင်ပါတယ်။ နေ့စဉ် ရေနံစည်ပေါင်း ၄သောင်းခန့်ကို ထုတ်လုပ်လျှက်ရှိပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ပိုး နှင့် ဘာရိန်း
လက်ရှိ တကမ္ဘာလုံးကို ဒုက္ခပေးလျက်ရှိတဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးကို ဘာရိန်းနိုင်ငံမှာ ဖေဖော်ဝါရီလ ၂၁ ရက်နေ့က စတင်တွေ့ရှိခဲ့ပါတယ်။ ကူးစက်ခံရသူကတော့ ကျောင်းကြို့ုပို့ကား ဒရိုင်ဘာတစ်ယောက်ဖြစ်ပြီး သူဟာ အီရန်ကနေ လာခဲ့တာဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ဘာရိန်းမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူပေါင်း ၂၁၄ယောက်ရှိပြီဖြစ်ပြီး သေဆုံးသူမရှိ ၊ ပြန်လည်ကျန်းမာလာသူပေါင်း ၇၇ ယောက် ရှိနေပါပြီ။