ဒီတံတားကတော့ ဘရာဇီးနိုင်ငံ ဆော်ပေါ်လိုမြို့မှာ တည်ရှိတာဖြစ်ပါတယ်။ ဂျာမန်ဓာတုဆေးဝါးကုမ္ပဏီ Bayer ရုံးရဲ့ ရှေ့တည့်တည့်မှာ တည်ရှိနေတာဖြစ်ပြီး Friedrich Bayer တံတားလို့ အမည်ပေးထားပါတယ်။ Friedrich Bayer ကတော့ Bayer ဓာတုဆေးဝါးကုမ္ပဏီကို စတင်တည်ထောင်ခဲ့သူဖြစ်ပြီး သူ့ကိုဂုဏ်ပြုတဲ့ အနေနဲ့ ဒီနာမည်ပေးထားတာပါ။
ဒီတံတားရဲ့ အရှည်ကတော့ ၂၉၅ပေဖြစ်ပြီး အကျယ်ကတော့ ၁၀ပေခန့်ရှိကာ ဒီတံတားကို Pinheiros မြစ်ပေါ်မှာ တည်ဆောက်ထားတာဖြစ်ပါတယ်။ လမ်းလျှောက်သူ နဲ့ စက်ဘီးစီးသူများ ပတ်ဝန်းကျင်အလှအပကို ကြည့်ရှု့ရင်းဖြတ်သန်းနိုင်ဖို့ ရည်ရွယ်ချက်နဲ့ ဆောက်လုပ်ထားတဲ့ တံတားဖြစ်ပါတယ်။
တခြားတံတားတွေနဲ့ မတူညီတာကတော့ ဒီတံတားထောက်တိုင် ၂ခုပေါ်မှာ အချင်း ၁၇ပေစီ ရှိတဲ့ စက်ဝိုင်းကြီး နှစ်ခု ရှိနေတာပါ။ ကမ္ဘာ့အကြီးဆုံးကြာအမျိုးအစားဖြစ်တဲ့ Victoria amazonica ကြာပင်ကနေ ရယူထားတဲ့ ဒီဇိုင်းဖြစ်ပြီး ဒီစက်ဝိုင်းတွေဟာ တံတားကို ရွှေ့လျားစေဖို့ ဖန်တီးထားခြင်းဖြစ်ပါတယ်။
တံတားရှင် အမျိုးအစားဖြစ်ပြီး သင်္ဘောတွေ တံတားကို ဖြတ်သန်းတဲ့အခါမျိုးမှာ စက်ဝိုင်းကြီးတွေကို လျှပ်စစ်မော်တာနဲ့ လှည့်ပန်ရင်း တံတားလမ်းကြောင်းကို ဖွင့်ပေးပါတယ်။ ဖွင့်ပေးတဲ့အကျယ်ကတော့ ၃၉ပေ ဖြစ်တဲ့အတွက် သင်္ဘောတွေ လွတ်လွတ်လပ်လပ် ဖြတ်သန်းခုတ်မောင်းနိုင်ပါတယ်။
စက်ဝိုင်းတစ်ခုစီရဲ့ ပတ်လည်မှာ လေထုကိုသန့်စင်စေမယ့် အပင်များစွာကိုစိုက်ပျိုးထားပါတယ်။ ဒီအပင်တွေဟာ တစ်နှစ်မှာ လေထုထဲကို ထုတ်လွှင့်မယ့် ကာဗွန်ဒိုင်အောက်ဆိုဒ်တွေကို တန် ၃၀၀ ခန့်အထိ လျှော့ချပေးတယ်လို့ ဆိုပါတယ်။
ဘရာဇီးနိုင်ငံ ဆော်ပေါ်လိုအခြေစိုက် ဗိသုကာ ကုမ္ပဏီတစ်ခုဖြစ်တဲ့ LoebCapote က ဒီဇိုင်းထုတ်တည်ဆောက်ထားတာဖြစ်ပြီး ၂၀၁၃ ခုနှစ်မှာ တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ Bayer ကုမ္ပဏီက အကုန်အကျခံတည်ဆောက်ခဲ့တာဖြစ်ပြီး စုစုပေါင်း ဒီတံတားရဲ့ ကုန်ကျစရိတ်က အမေရိကန်ဒေါ်လာ ၅သန်း ဖြစ်ပါတယ်။
ဒီတံတားဟာ လူနေရပ်ကွက်တွေနဲ့ Santo Amaro မီးရထားဘူတာကို သွားရောက်နိုင်ဖို့ ဆက်စပ်ပေးထားတာဖြစ်ပြီး ၁နှစ်ကို ဒီတံတားကနေ လူပေါင်း ၃သိန်းခန့် ဖြတ်သန်းသွားလာလျှက်ရှိပါတယ်။
VIDEO