ယနေ့ တနင်္ဂနွေနေ့ ညနေပိုင်းမှာတော့ ဘင်္ဂလားဒေ့ရှ် မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ ၃ယောက်ရှိနေပြီဖြစ်ကြောင်း ကူးစက်ရောဂါပြန့်ပွားမှု ထိန်းချုပ်ရေး နှင့် သုတေသနဌာန((IEDCR)မှ အတည်ပြုပြောကြားလိုက်ပါတယ်။
ကူးစက်သူ ၃ ဦးထဲမှာ ၂ ဦးက အသက် ၂၀နှစ် နဲ့ ၃၅နှစ် ရှိသူများဖြစ်ကြောင်း ၊ ထိုသူ ၂ဦးဟာ မကြာသေးခင်ကမှ အီတလီကနေ ဘင်္ဂလားဒေ့ရှ်ကို ပြန်လာကြသူများဖြစ်တယ် လို့ IEDCR ရဲ့ ဒါရိုက်တာ Meerjady Sabrina က ပြောကြားခဲ့ပါတယ်။
ကျန်ကူးစက်သူ တစ်ဦးကတော့ အဲဒီ ၂ယောက်ရဲ့ မိသားစုဝင်ဖြစ်ပြီး တဆင့်ပြန်ကူးစက်ခံရတာဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ သူတို့ ၃ယောက်ကို မြို့တော်ဒါကာရှိ ဆေးရုံမှာ တင်ထားပြီး ပုံမှန်အခြေအနေမှာပဲ ရှိနေတယ် လို့ သိရပါတယ်။
ဗိုင်းရပ်စ်ကူးစက်ခံထားရသူ ၃ယောက်နဲ့ ထိတွေ့ဆက်သွယ်ခဲ့သူတွေ အားလုံးကိုတော့ သီးသန့်ထားကာ စောင့်ကြည့်စစ်ဆေးလျှက်ရှိပါတယ်။
ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဖြစ်သူ Sheikh Hasina ကတော့ ဒီဗိုင်းရပ်စ် ကို ချေဖျက်ဖို့ အစိုးရက ပြင်ဆင်နေကြောင်း နဲ့ အထိတ်တလန့် စိုးရိမ်မှုတွေဖြစ်မနေဖို့ ပြည်သူတွေကို ဒီနေ့အစောပိုင်းက တိုက်တွန်းပြောကြားခဲ့ပါတယ်။
တာဝန်ရှိသူတွေကတော့ လေဆိပ် နဲ့ အခြားနယ်စပ်ဂိတ်တွေကနေ တဆင့် ဝင်ရောက်လျှက်ရှိတဲ့ ခရီးသွားပေါင်း ၄၀၀၀၀၀ကျော်ကို စောင့်ကြည့်စစ်ဆေးခဲ့ပြီးဖြစ်ကြောင်း ပြောပါတယ်။
ကျွမ်းကျင်သူတွေကတော့ ကျန်းမာရေးစောင့်ရှောက်မှု အားနည်းပြီး လူဦးရေ ထူထပ်လွန်းတဲ့ ဒီနိုင်ငံမှာ ကူးစက်ရောဂါပျံနှံ့လျင် ထိန်းချုပ်ဖို့ခက်ခဲတဲ့အတွက် စိုးရိမ်လျှက်ရှိပါတယ်။
လက်ရှိအချိန်မှာတော့ ကမ္ဘာအနှံ့မှာ ကိုဗစ်ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူပေါင်း ၁၀၇၇၅၅ ဦး ရှိနေပြီဖြစ်ပြီး နိုင်ငံပေါင်း ၁၀၈နိုင်ငံအထိ ပျံနှံ့ရောက်ရှိနေခဲ့ပြီဖြစ်ပါတယ်။
ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ တရုတ်(၈၀၆၉၉) ၊ ထိုင်း(၅၀) ၊ အိန္ဒိယ(၃၉) နဲ့ ဘင်္ဂလားဒေ့ရှ်(၃) တို့မှာ ဗိုင်းရပ်စ်ပိုးကို တွေ့ရှိခဲ့ပြီးဖြစ်တာကြောင့် လာအို နဲ့ ကျွန်တော်တို့မြန်မာနိုင်ငံတို့ပဲ ကျန်ပါတော့တယ်။ အိမ်နီးချင်းနိုင်ငံတွေကနေ တဆင့် ဝင်ရောက်လာနိုင်တဲ့အတွက် အလွန်စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေပါတယ်။
Ref:
Reuters : Bangladesh confirms its first three cases of coronavirus