နေရူး သည် အိန္ဒိယပြည်ကြီး ဗြိတိသျှနယ်ချဲ့လက်အောက်မှ လွတ်လပ်ရေး အတွက် အထူးခဲယဉ်းပင်ပမ်းစွာ ကြိုးစားခဲ့သူ ၊ မဟတ္တမဂန္ဒီနှင့် တန်းတူထင်ရှားသူ ၊ အိန္ဒိယနိုင်ငံ၏ ပထမဆုံးဝန်ကြီးချုပ် ဂျဝါဟာလ်လာ နေရူး ဖြစ်ကြောင်း အားလုံးသိပြီး ဖြစ်မှာပါ။ အိန္ဒိယလွတ်လပ်ရေး သမိုင်းကို ပြောလျှင် ဂန္ဒီကြီး နှင့် နေရူး တို့မှာ မပါမဖြစ်။
သူတို့နှစ်ဦးကို ဗိုလ်ချုပ်သည် ကျောင်းသားကိုအောင်ဆန်း ဘဝကပင် အထူးလေးစား ကြည်ညိုခဲ့ပါတယ်။ သူတို့၏ နိုင်ငံရေးလှုပ်ရှားမှုများကို မပြတ်လေ့လာသလို အင်္ဂလိပ်စာအရေးအသားကောင်းမွန်လှသော နေရူး၏ စာအုပ်များကို ဗိုလ်ချုပ်က အလွန်သဘောကျကြောင်း သိရပါတယ်။
ဗိုလ်ချုပ် အင်္ဂလန်သွားတော့ ဗိုလ်ချုပ်ရဲ့ ကုတ်အင်္ကျီကို နေရူးချုပ်ပေးလိုက် တာတော့ အားလုံးသိကြမှာပါ။ သို့သော် ဗိုလ်ချုပ်နှင့် နေရူးတို့မှာ ဒုတိယကမ္ဘာစစ်ကြီး မဖြစ်မီကပင်သိခဲ့ကြပြီးဖြစ်ပါတယ်။ ၁၉၃၇ ခုနှစ် က ဗမာနိုင်ငံလုံးဆိုင်ရာ ပြည်လုံးကျွတ်ကျောင်းသား ညီလာခံကြီးကို မန္တလေးမြို့မှာ ကျင်းပခဲ့ပါတယ်။
ယင်းညီလာခံ မကျင်းပမီက ဗိုလ်ချုပ်အောင်ဆန်းသည် ဗမာကျောင်းသားများ၏ တက်ကြွမှု ၊ ရည်မှန်းချက်များကို နိုင်ငံခြားသို့တိုင်အောင် ကျယ်ပြန့်စွာ သိရှိစေရန် နာမည်ကျော် အိန္ဒိယ ခေါင်းဆောင်ကြီး နေရူး ကိုဖိတ်ကြားရန် စိတ်ကူးရခဲ့ပါတယ်။ လူချင်းလည်း မသိကျွမ်းသေး ၊ ဆက်သွယ်မှုလည်း အလျဉ်းမရှိလင့် ကစား ကိုအောင်ဆန်းသည် သူ့ကိုယ်သူ ယုံကြည်မှု အပြည့်ရှိသူဖြစ်ရာ မစ္စတာနေရူးအား မန္တလေးညီလာခံသို့ ကြွရောက် ချီးမြှင့်ပါရန် စာလှမ်းရေးပြီး ဖိတ်ကြားလိုက်ပါတယ်။
မစ္စတာနေရူးကလည်း “အောင်ဆန်း”ဆိုသူ ကျောင်းသားခေါင်းဆောင် တစ်ယောက်အကြောင်းကို သတင်းစာများမှ သိပြီးဖြစ်ရာ အနီးကပ်လေ့လာလိုသဖြင့် ညီလာခံသို့တက်ရောက်ရန် လက်ခံခဲ့ပါတယ်။ ကိုအောင်ဆန်း၏ ဖိတ်ကြားချက်ကို မစ္စတာနေရူးလက်ခံပြီး ညီလာခံသို့ လာတက်မည့် အကြောင်း သတင်းကြားသောအခါ ရန်ကုန်၊ ဗြိတိသျှ ဘုရင်ခံ နှင့် တကွ အစိုးရအဖွဲ့ဝန်ကြီးများအားလုံး အံအားသင့်သွား ကြပါတယ်။
အံအားသင့်မယ် ဆိုလည်း သင့်စရာပါ။ လူချင်းလည်းမသိ ၊ အဆက်အသွယ်လည်း မရှိတဲ့ ကျောင်းသားတစ်ယောက်ရဲ့ ဖိတ်ခေါ်တာကို နေရူးလို နိုင်ငံခေါင်းဆောင်ကြီး တစ်ယောက်က လုံးဝလာမယ်လို့ မထင်ထားကြလို့ပါ။ သို့သော်လည်း အံအားသင့်ရုံမှ လွဲလို့ ဘာမှမတတ်နိုင်ကြချေ။ အိန္ဒိယ နှင့် ဗမာနှစ်နိုင်ငံလုံးဟာ ဗြိတိသျှအင်ပါယာ အတွင်းမှ နိုင်ငံများသာ ဖြစ်၍ ပတ်စ်ပိုစ့် ခေါ် နိုင်ငံကူးလက်မှတ်မလိုပဲ လွတ်လပ်စွာ သွားနိုင်ခွင့် ရှိတာကြောင့် နေရူးလာမည့် အရေးကို မပိတ်ပင်နိုင်ပဲ အသာကြည့်နေရပါတယ်။
ဗိုလ်ချုပ်သည် ညီလာခံ၌ မိန့်ခွန်းကို မြန်မာလိုပြောမည်ဆိုရင် ပြောနိုင်သော်လည်း ကမ္ဘာကျော်အိန္ဒိယခေါင်းဆောင်ကြီး မစ္စတာနေရူး တက်ရောက်သည့်အပြင် သူ၏လှုပ်ရှားမှု မှန်သမျှ သတင်းလိုက်ယူနေသော “ရိုက်တာ” “အေပီ” သတင်းဌာကြီးများမှ သတင်းထောက်များလည်း လာရောက်သည့်အတွက် အင်္ဂလိပ်လိုပင် ပြောခဲ့ပါတယ်။
( ဗိုလ်ချုပ်နှင့်ပတ်သတ်၍ စိတ်ဝင်စားဖွယ်အချက်မှာ ဗိုလ်ချုပ်သည် အရေးကြီးမိန့်ခွန်းများကို သူကိုယ်တိုင် အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားပြီး တကယ့်အစည်းအဝေးတွင်တော့ အင်္ဂလိပ်မိန့်ခွန်း မူရင်းကို ဗမာလို တက်တန်းပြောသွားလေ့ ရှိခြင်းပင် )
ဗိုလ်ချုပ်အောင်ဆန်း၏ စေ့စပ်ကြေညက်လှသော အင်္ဂလိပ်စကားပြောမိန့်ခွန်းကြောင့် မစ္စတာနေရူးနှင့် တကွ သတင်းထောက်များ ကောင်းစွာနားလည် သဘောပေါက် သွားကြပါတယ်။ ဗိုလ်ချုပ်သည် ညီလာခံအတွက် အလုပ်များနေသည့် ကြားမှ နေရူး နှင့် ရင်းနှီးပွင့်လင်းစွာ ပြောဆိုဆွေးနွေးခဲ့ပါတယ်။ ကိုအောင်ဆန်းကို အနီးကပ်လေ့လာရင်း သုံးသပ်မှတ်ချက်ချရာတွင် “အောင်ဆန်း၏ အသိဉာဏ်နှင့် နိုင်ငံရေးအမြော်အမြင် ကြီးမားမှုသည် သူ၏ အသက်အရွယ်နှင့် မလိုက်အောင်ပင် ထူးချွန်ထက်မြက်သည် ” ဟူ၍သတည်း ။
ထို့နောက် ၁၉၄၀ တွင် အိန္ဒိယပြည် “ရမ်းလား” မြို့၌ကျင်းပသော ကွန်ဂရက် ပါတီ ညီလာခံကြီးသို့ ကိုအောင်ဆန်းအား အထူးဧည့်သည် အဖြစ်ဖိတ်ကြားခဲ့ပါတယ်။ ထိုအချိန်က ကိုအောင်ဆန်းမှာ ကျောင်းသားခေါင်းဆောင် မဟုတ်တော့။ တို့ဗမာအစည်းအရုံး အထွေထွေအတွင်းရေးမှူး သခင်အောင်ဆန်း ဖြစ်နေပေပြီ ။
ကွန်ဂရက်ပါတီမှာ အိန္ဒိယပြည် ၏ အင်အားအကြီးမားဆုံး ပါတီတစ်ခုဖြစ်သည့် အပြင် နေရူး ၊ ဂန္ဒီ စသောပုဂ္ဂိုလ်ကြီးများ ဦးဆောင်မှုဖြင့် ကမ္ဘာကျော်အောင်ထင်ရှားသည့် ပါတီတစ်ခုလည်း ဖြစ်ပါတယ်။ ထိုညီလာခံကြီးသို့ သခင်အောင်ဆန်းတို့ အဖွဲ့သွားရောက်လေ့လာအပြီး မစ္စတာနေရူးက အခြားမည်သည့်နေရာ များကို သွားလေ့လာလိုပါသေးသနည်း ဟုမေးရာ သခင်အောင်ဆန်းမှာ မူမနေပဲ သူ့ညဉ်အတိုင်း “အနောက်မြောက်နယ်ခြားဒေသပြည်နယ်ဖက် သို့ သွားရောက်လေ့လာချင်ပါတယ်” ဟု သွက်လက်စွာ ပြန်ဖြေလိုက် ပါတယ်။
ထိုနေရာသို့ သခင်အောင်ဆန်း သွားလိုခြင်းမှာ အကြောင်းရှိပါတယ်။ ထိုနေရာတွင် ထူးခြားသော နိုင်ငံရေးခေါင်းဆောင် တစ်ယောက်ရှိတဲ့ အတွက်ကြောင့်ပါ။ သူ့ကို နယ်စပ်ဂန္ဒီကြီးလို့ ခေါ်ပါတယ်။ ဂန္ဒီကြီး နဲ့ မတူတဲ့အချက်ကတော့ ဂန္ဒီကြီးက ငြိမ်းချမ်းရေးဖြင့်တော်လှန် ပြီး နယ်စပ်ဂန္ဒီကြီးကတော့ လက်နက်စွဲကိုင်တော်လှန်နိုင်မှ ဖြစ်မည်ဟု ယုံကြည်နေခြင်းပါ။
ယင်းအချက်ကို ကိုအောင်ဆန်း အထူးစိတ်ဝင် စားပါတယ်။ နောက်ဆုံး နယ်စပ်ဂန္ဒီကြီး နှင့် တွေ့ဆုံဆွေးနွေးခဲ့ရပြီး နည်းစနစ် နှင့် သဘောထားများကိုသိရှိကာ ကိုအောင်ဆန်းအတွက် အလွန်အကျိုးရှိခဲ့ပါတယ်။
ဗမာ့လွတ်လပ်ရေး ကိစ္စဆွေးနွေးရန်အတွက် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်တဲ့ ဗမာကိုယ်စားလှယ်အဖွဲ့အား လန်ဒန်မြို့သို့ ဇန်နဝါရီလ ၁၀ ရက်နေ့ မတိုင်ခင် လာရောက်ရန် ဗြိတိသျှအစိုးရက ဖိတ်ကြားခဲ့ပါတယ်။ သို့သော် ဗိုလ်ချုပ်သည် ဗြိတိန်နိုင်ငံသို့ တိုက်ရိုက်မသွားခဲ့ ။ သူ့မိတ်ဆွေဖြစ်သူ အိန္ဒိယပြည်မှ မစ္စတာနေရူးထံသို့ ခတ္တဝင်ကာ တွေ့ဆုံဆွေးနွေးရင်း အကြံဉာဏ်များတောင်းခဲ့ပါတယ်။ နေရူးကလည်း ဗိုလ်ချုပ်တို့အား သူ၏နေအိမ်မှာပင် တည်းခိုစေပြီး ဗြိတိသျှအစိုးရနှင့် တွေ့ဆုံရာတွင် အသုံးပြုရမည့် နည်းပရိယာယ်များကို အသေးစိတ် အကြံပေးခဲ့ပါတယ်။
မစ္စတာနေရူး မှာ ဗမာပြည်မှ “အောင်ဆန်း” အမည်ရှိ လူငယ်ခေါင်းဆောင် ၏ အရည်အသွေးထက်မြက်မှုကို သဘောကျမိရာမှ အနာ ဂါတ်အတွက် အားကိုးချင်ဟန် တူပါတယ်။ ထိုအချိန်က အရှေ့တောင် အာရှ နိုင်ငံအများစုမှာ ကိုလိုနီ နိုင်ငံများဖြစ်ပြီး လွတ်မြောက်ရေးအတွက် အထူးကြိုးပမ်းလျက် ရှိနေတဲ့အချိန် ဖြစ်ပါတယ်။ သို့သော် ထိုနိုင်ငံများမှ ခေါင်းဆောင်ပိုင်းကို နေရူး သိပ်အားမရပါချေ။
ဗီယက်နမ် မှ လွတ်မြောက်ရေးခေါင်းဆောင် “ဟိုချီမင်း” ဆိုလျှင် အသက်အရွယ် အားဖြင့် အိုမင်းရင့်ရော်နေသလို ၊ အင်ဒိုနီးရှားမှ “ဒေါက်တာ ရှားရီးမား ” ဆိုလျှင်လည်း အသက်ကြီးရုံမက ကျန်းမာရေး အခြေအနေပါ သိပ်မကောင်းပါချေ။ ဒါကြောင့်လည်း အရှေ့တောင်အာရှ ဒေသအတွက် ငယ်ရွယ်ထက်မြက်တက်ကြွသော ခေါင်းဆောင် ဟူ၍ ဗမာနိုင်ငံမှ “အောင်ဆန်း” တစ်ယောက်ကိုသာ မစ္စတာနေရူးမြင်မိခြင်းပင်။
ထို့ကြောင့်ပင်လျှင် ၁၉၄၇ ခုနှစ် ၊ ဇူလိုင်လ (၁၉) ရက်နေ့က ဗမာနိုင်ငံ လုပ်ကြံမှုကြီးအကြောင်းကို “ရိုက်တာ” ကြေးနန်းသတင်းဌာနမှ တစ်ဆင့် အိန္ဒိယပြည် နယူးဒေလီမြို့သို့ နေ့ချင်း ရောက်သွားသောအခါ ခေါင်းဆောင် ကြီး မစ္စတာနေရူးက “အောင်ဆန်းကျဆုံးတာဟာ ဗမာနိုင်ငံအတွက်သာ မဟုတ်။ အာရှနိုင်ငံ အားလုံး အတွက် အလွန်ထူးချွန်ထက်မြက်တဲ့ ခေါင်း ဆောင်ကောင်းတစ်ဦး ဆုံးရှုံးခြင်း ဖြစ်တယ် ” ဟု နှမြောတသယူကြုံးမရဖြစ် လျက် မျက်ရည်စက်လက်ဖြင့် မှတ်ချက်ချခဲ့ခြင်း ဖြစ်ပါသတည်း..
ဗိုလ်ချုပ်အောင်ဆန်း နှင့် နေရူးတို့ တွေ့ဆုံစဉ် ရှားပါးဗီဒီယိုဖိုင်
Ref:
ပြည်ထောင်စုဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း – တက္ကသိုလ်နေဝင်း
#သုတဇုန်